လီဗာပူး ဂန္တဝင် ကစားသမား ဖြစ်သူ စတီဗီနစ်ကိုးက ဒီနွေရာသီ အပြောင်းအရွေ့မှာ အန်ဖီးကို ရောက်လာစေချင်တဲ့ စိတ်ကူးထဲက တစ်ဦးတည်းသော ကစားသမားဟာ နာပိုလီ နောက်ခံလူ ကာလီဒူ ကူလီဘာလီ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဒါဟာ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်တဲ့ အပြောင်းအရွေ့ ဖြစ်တယ်လို့ ဝန်ခံ သွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ ဂရိ လက်ရွေးစင် ဘယ်နောက်ခံလူ ကော့စတပ် ဆီမီကတ်စ်ကို ခေါ်ယူ ထားပြီး ဖြစ်ပေမယ့် ယာဂန်ကလော့က ငွေကြေး များစွာ သုံးစွဲရတဲ့ အပြောင်းအရွေ့ကို လုပ်သွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ထားပါတယ်။

စတီဗီနစ်ကိုး ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ကစားသမား တစ်ဦးတည်း အားဖြည့် လိုက်ရင် လုံလောက်မှု ရှိတယ်လို့ ဆိုလိုက်ပြီး ယာဂန်ကလော့ အနေနဲ့ နာပိုလီ နောက်ခံလူ ကူလီဘာလီ ကို ဗာဂျယ်ဗန်ဒိုက်နဲ့ တွဲဖက် လိုက်ရင် ပြီးပြည့်စုံ သွားမှာ ဖြစ်တယ်လို့ သုံးသပ် သွားပါတယ်။ ဒါပေမယ့် နာပိုလီဟာ ကူလီဘာလီ အတွက် ပြောင်းရွေ့ကြေး ပေါင်သန်း ၇၀ ပတ်ဝန်းကျင် ရမှသာ လက်လွှတ် သွားဖို့ ဆန္ဒ မရှိတာကြောင့် တီမိုဗာနာ အတွက် ပေါင် ၅၃ သန်း အသုံးမပြု ခဲ့တဲ့ လီဗာပူး အတွက် ဒါဟာ ဖြစ်နိုင်ခြေ မရှိတဲ့ အပြောင်းအရွေ့ ဖြစ်ပါတယ်။

စတီဗီနစ်ကိုးက ”ကျွန်တော့် စိတ်ကူးအရ ပြောရမယ် ဆိုရင် လီဗာပူးရဲ့ ဗဟိုခံစစ်မှာ ကူလီဘာလီကို ဗာဂျယ်ဗန်ဒိုက်နဲ့ တွဲဖက် ကစား စေချင်ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွေ့ဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဂျိုးဂိုးမက်ဇ် ကလည်း လီဗာပူးမှာ အကောင်းဆုံး လုပ်ပြ ထားခဲ့ပါတယ်။ ကိုဗစ် ၁၉ ကြောင့် ဘောလုံးပွဲတွေ ရပ်နားမှု မပြုမီ ဂိုးမက်ဇ်ဟာ သူ ဆိုးဆိုးရွားရွား ဒဏ်ရာ မရသေးတဲ့ အချိန်က ခြေစွမ်းကောင်းကို ပြသ ခဲ့ပါတယ်။

အကယ်၍ လီဗာပူး အတွက် ဘယ်ကစားသမားကို အလို ရှိသလဲ ဆိုတဲ့ ဆန္ဒမဲကို ကောက်လိုက်မယ် ဆိုရင် ကျွန်တော့် အနေနဲ့ ကူလီဘာလီကို ဗာဂျယ်ဗန်ဒိုက်နဲ့ ဗဟိုနောက်ခံလူ နေရာမှာ တွဲဖက် ပေးလိုက်မှာပါ။ ပြီးတော့ ယာဂန်ကလော့ဟာ ကျွန်တော် ဖြတ်သန်း လာခဲ့တဲ့ အရာကို တွေးတော နေမှာပါ။ ကာတစ်ဂျုံး ၊ နီကိုဝီလီယံ နဲ့ ဟာဗေးအယ်လီယော့ တို့လို လူငယ် ကစားသမား တွေဟာ ဒီနှစ်မှာ အခွင့်အရေးတွေ ရလာ ပါလိမ့်မယ်။ ကျွန်တော် ကတော့ ယာဂန်ကလော့ဟာ လူငယ် ကစားသမား တွေကိုလည်း မှီခို သွားမယ်လို့ ထင်ပါတယ်။ သေချာတာကတော့ လာမည့် ရာသီမှာ ဒါကို စတင် သွားမယ်လို့ ထင်ပါတယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို ချိတ်ဆက် နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေ ပေမယ့်လည်း နစ်ကိုး ကတော့ ယာဂန်ကလော့ဟာ အရန်အင်အားကို ဖြည့်တင်း သွားဖို့ပဲ ရှိနိုင်တယ်လို့ ယုံကြည် နေပါတယ်။

နစ်ကိုးက ”သူသာ ဒီကို ရောက်လာခဲ့မယ် ဆိုရင် အရမ်းကို ကောင်းတဲ့ အင်အား ဖြည့်တင်းမှု ဖြစ်လာမှာပါ။ ဒါပေမယ့် သူဟာ ယာဂန်ကလော့ ပုံသွင်းထားခဲ့တဲ့ လီဗာပူးရဲ့ ကွင်းလယ်ပိုင်းမှာ အံမဝင် နိုင်ပါဘူး။ သူတို့ဟာ တိုက်စစ်နဲ့ ခံစစ်ကို လိုက်ပါ ကစားကြပြီး နေရာလွတ်တွေပိတ် ၊ pressing တွေ လုပ်ပါတယ်။ ဒီအတွက် ကွင်းထဲမှာ စွမ်းအင်နဲ့ မြန်နှုန်း ဆိုတာ လိုအပ်ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားပုံ မဟုတ်ပါဘူး။ သူ့ရဲ့ ကစားဟန်ဟာ ဘောလုံးတွေ လက်ခံ ရယူပြီး ဖြန့်ဝေမှူတွေ ပြုလုပ် တာပါ။ သူဟာ ဒီအပိုင်းမှာ တအား ကောင်းပါတယ်။ နောက်ဆုံး ပွဲချိန်တွေမှာ ဝင်ကစားဖို့ ၊ အက်ဖ်အေဖလား ၊ လိဂ်ဖလား တို့မှာ ကစားခိုင်းဖို့ အတွက် squard player တစ်ဦး အနေနဲ့ သူဟာ တအား ကောင်းလွန်း နေပါတယ်။” လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး နစ်ကိုးက မာနေး ဆာလား ဖာမီနို တို့ ရှိနေပြီးသား ဖြစ်တဲ့ လီဗာပူး အနေနဲ့ နောက်ထပ် တိုက်စစ် ကစားသမား တစ်ဦး မဝယ်ယူတဲ့ အပေါ် စိတ်မပျက်မိဘူးလို့ ဆိုလိုက်ပြီး အိုရီဂီဟာ အသုံးဝင်တဲ့ အရန် ကစားသမား ဖြစ်တယ်လို့ သုံးသပ် သွားပါတယ်။

နစ်ကိုးက ”ဒါ့ကြောင့်လည်း အိုရီဂီဟာ လီဗာပူးရဲ့ လိုအပ်ချက်နဲ့ အံကိုက် နေတာပါ။ သူဟာ လူစားဝင် ကစားသမား အဖြစ် အစိတ်အပိုင်း တစ်ခု အနေနဲ့ ပါဝင် ရတာကိုပဲ ပျော်ရွှင် နေပါတယ်။ သူ့ထက် ပိုကောင်းတဲ့ ကစားသမားဟာ ဒီလို အခြေအနေ အပေါ် ပျော်ရွှင်နေမယ်လို့ ခင်ဗျား ထင်သလား? ကျွန်တော် ကတော့ ဒီလို မထင်ပါဘူး။ ကွဲစရာ မရှိတဲ့ အရာကို ဘာလို့ သွားထိ နေမှာလဲ။ လီဗာပူးမှာ ဂိုးသွင်းကောင်းတဲ့ သုံးဦးတွဲ တိုက်စစ် ရှိနေပြီးသားပါ။ တီမိုဗာနာ ကို မခေါ်ယူ ခဲ့တဲ့ အတွက် ကျွန်တော် လုံးဝ စိတ်မပျက်မိပါဘူး။” လို့ ဆိုသွားပါတယ်။

SM