ဒီည ယှဉ်ပြိုင် ကစားကြမယ့် ဘာစီလိုနာ နဲ့ ဘိုင်ယန် မြူးနစ် တို့ရဲ့ ပွဲဟာ အစဉ်အလာတွေ အရ ဆိုရင်တော့ တော်တော်လေးကို ထူးခြားမှုတွေ ရှိနေပါတယ်။

ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ သူတို့ နှစ်သင်း ထိပ်တိုက်တွေ့နေကြပြီ ဆိုရင် ၊ အနိုင်ရတဲ့ အသင်းက ဗိုလ်စွဲသွားလေ့ရှိတာပါ။ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက် ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတွေ အရ ဆိုရင်တော့ ဘိုင်ယန်က အပြတ်အသတ် သာပါတယ်။

သို့သော် ရှုံးထွက်အဆင့် ထိပ်တိုက်တွေ့ဆုံမှု 3 ကြိမ်မှာတော့ ဘာစီလိုနာ က 2 ကြိမ် အသာစီးရယူထားကာ ၊ ဘိုင်ယန် က တစ်ကြိမ် အသာရထားပါတယ်။

ထူးခြားတာက အဲဒီ 3 ကြိမ်မှာ ပက်ဂွာဒီယိုလာ က 2 ကြိမ် ပါဝင် ပတ်သက်နေခဲ့ပြီး ၊ ပထမ အကြိမ်မှာ ဘာစီလိုနာ နည်းပြ ဖြစ်ခဲ့သလို ၊ နောက်တစ်ကြိမ်မှာတော့ ဘိုင်ယန် နည်းပြ ဖြစ်နေခဲ့ပါတယ်။သူတို့ အကြားက ထူးခြားတဲ့ အစဉ်အလာ တစ်ခုကြောင့် ၊ အနိုင်ရတဲ့ အသင်းက ချန်ပီယံ ဆက်ဖြစ်ဦးမှာလား ဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။

ဘာစီလိုနာ ကစားသမားဟောင်း မာရှေယာနို ကတော့ သူတို့ အသင်းမှာ မက်ဆီ ရှိနေလို့ ပြိုင်ဘက်တိုင်းကို အနိုင်ယူပြလို့ ရတယ်လို့ သုံးသပ်လိုက်ပြီး ၊ ဘာစီလိုနာ အဓိကထား ပြင်ဆင်ရမယ့် အချက်တွေကိုလဲ အခုလို ထောက်ပြသွားခဲ့ ပါတယ်။

“ ဘိုင်ယန် က ရုပ်ပိုင်းဆိုင်ရာ တောင့်တင်းတဲ့ ကစားသမား တစ်ချို့ နဲ့ ထိပ်တန်း အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကျော့ စနစ်နဲ့ ကစားတဲ့ ပွဲမှာတော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျနော် ကတော့ ဘာစီလိုနာ လဲ အကောင်းဆုံး ပုံစံ နဲ့ ပွဲထွက်လာမယ်လို့ ယုံကြည်ထားတယ်ဗျာ။

ဘာစီလိုနာ အနေနဲ့ ပွဲတစ်ပွဲ ကစားပြီ ဆိုရင် ကိုယ့်အသင်းက ထိန်းချုပ်ထားနိုင်အောင် ကြိုးစားဖို့ လိုအပ်နေပါတယ် ဘာလို့လဲ ဆိုတော့ သူတို့ ခံစစ် ကစားတဲ့ ပုံစံက တစ်ခါတလေ လျော့တီလျောရဲ ဖြစ်တတ်လို့ပါ။ ပွဲကိုသာ စိုးမိုး ထိန်းချုပ်ထားပြီ ဆိုရင်တော့ ၊ ဂိုးသွင်းခွင့် အခိုက်အတန့်တွေက တစ်နည်းမဟုတ် တစ်နည်း ရလာမှာပါ။ ဒါတွေက ပွဲကို အလှည့်အပြောင်းဖြစ်သွားစေနိုင်တဲ့ အချက်တွေပါပဲ။

ဘာစီလိုနာ က ဘယ်လို ပြိုင်ဘက်မျိုးကို မဆို အနိုင်ယူပြနိုင်တယ် ဆိုတဲ့ အဓိက အကြောင်းပြချက်က မက်ဆီ လို ကစားသမားမျိုး ရှိနေလို့ပါပဲ။ သူဟာ ချန်ပီယံလိဂ် ဖလားကြီး ကို ဆွတ်ခူးဖို့ နောက်ထပ် 2 ပွဲပဲ လိုတော့တယ် ဆိုတာ သိနေပါတယ်။

နာပိုလီ နဲ့ ပွဲမှာ ဒီဖလားကြီးကို ပြန်လိုချင်နေတဲ့ စိတ်တွေ အရမ်းပြင်းပြနေတာ မြင်လိုက်ရပါတယ်။သူ့ရဲ့ အဲဒီ ပြင်းပြတဲ့ ဆန္ဒကြောင့်ပဲ တစ်သင်းလုံး ရဲ့ ကစားဟန်တွေ ပိုပြီ စည်းချက်ညီလာခဲ့တာပါ” လို့ သုံးသပ်သွားခဲ့ပါတယ်။

ဘိုင်ယန် နည်းပြ ဟန်ဆီ ဖလစ် ကတော့ သူတို့ အသင်းဟာ မက်ဆီ တစ်ယောက်ထဲ နဲ့ ရင်ဆိုင် ကစားရမှာ မဟုတ်ဘူးလို့ ဆိုထားပြီး ၊ အသင်းလိုက် စုစည်းမှု နဲ့ မက်ဆီ ကို တားဆီးဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

“ ဒီပွဲ က ဘိုင်ယန် နဲ့ မက်ဆီ တို့ ရင်ဆိုင် ကစားမယ့် ပွဲမှာမဟုတ်ပါဘူး ၊ ဘာစီလိုနာ ရဲ့ ကစားရမှာပါ။

ဒါပေမယ့် မက်ဆီ ကို ဘယ်လို ရင်ဆိုင် ထိန်းချုပ်ရမလဲ ဆိုတာတေ့ ကျနော်တို့လဲ သေချာ တွေးထားပါတယ်။ ဖြစ်နိုင်ချေ အရှိဆုံးက သူ့ကို ရင်ဆိုင်တဲ့ အခါ အသင်းလိုက် ပုံစံမျိုး နဲ့ တားဆီးရမှာပါ။ နေရာလွတ် ကို ဖြစ်နိုင်သမျှ ချုံ့ပစ်ပြီး ၊ သူ့ကို ဖိအားပေးရင်း ဘောလုံး ပြန်လုနိုင်ဖို့ ကြိုးစားရမှပေါ့။

ကျနော် တို့ဟာ ဘာစီလိုနာ လို ပြိုင်ဘက် အသင်းမျိုးကို လေးစားမှု အပြည့်ရှိပြီးသားပါ။ သူတို့အသင်းဟာ ပြီးခဲ့တဲ့ကာလတစ်ခုအတွင်းမှာ စွမ်းဆောင်ရည်တွေ ကောင်းလွန်းခဲ့သလို ၊ နည်းပြတိုင်း / ကလပ်တိုင်း က စံထားပြီး သင်ယူခဲ့ရတာလေ။

ဒီပွဲမှာ မက်ဆီ တစ်ယောက်ထဲကိုပဲ အာရုံစိုက်နေလို့ မရပါဘူး။ ပီကေး ၊ ဂရစ်ဇ်မန်း ၊ ရာကီတစ် ၊ ဆွာရက် တို့ကလဲ ထိပ်တန်း ကစားသမားတွေ ဖြစ်သလို ၊ တာစတီ ဂျန် ကလဲ ကမ္ဘာ့အဆင့်မီ ဂိုးသမား တစ်ယောက်ပါ။

သူတို့ဟာ အတွေ့အကြုံရင့် ကစားသမားတွေ နဲ့ စုဖွဲ့ထားလို့ ၊ ကျနော်တို့မှာလဲ ဘယ်လို ပုံစံမျိုး နဲ့ ရင်ဆိုင် ကစားသွားမယ် ဆိုတဲ့ တိကျတဲ့ အစီအစဉ်တွေ ရေးဆွဲထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။
SM