ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် နွေရာသီ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ အသင်း ရဲ့ အဓိက ဝါရင့် ခံစစ်မှူး ဒေးဗစ် လူးဝဇ် ကို ပေါင် ၈သန်း နဲ့ ရောင်းထုတ် ခဲ့ပါတယ် ။ ဒေးဗစ် လူးဝဇ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ချယ်လ်ဆီး အသင်း ရဲ့ အဓိက ပွဲထွက် ခံစစ်မှူး အဖြစ် ပွဲတိုင်းနီးပါး ပွဲထွက်ခွင့် ရခဲ့သလို ရာသီသိမ်းခါနီး ကလည်း ချယ်လ်ဆီး အသင်း နဲ့ ၂နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို ခဲ့ပါသေးတယ် ။

ယခုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း မှာ နည်းပြ ပြောင်းလဲမှု ဖြစ်ပေါ် ခဲ့ပြီး မော်ရစ်ဇီယို ဆာရီ ထွက်ခွာ ခဲ့ပြီးနောက် အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ကို ၄င်းတို့ အသင်းရဲ့ နည်းပြသစ် အဖြစ် ၃နှစ် စာချုပ် နဲ့ တရားဝင် ခန့်အပ် ခဲ့ပါတယ် ။ လမ်းပတ် ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် ခဲ့ပြီးနောက် အသင်း ရဲ့ လူငယ် ခြေတက် ကစားသမား တွေ နေရာ ပြန်ရလာပြီး ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်မှု တွေ ပြင်းထန် လာခဲ့ပါတယ် ။

ပွဲထွက်ခွင့် တနေရာ အတွက် ပြိုင်ဆိုင် နေကြတဲ့ အထဲမှာ ခံစစ်မှူး တွေရဲ့ ပြိုင်ဆိုင်မှု တွေကလည်း အရေးပါသလို ခံစစ်မှူးကောင်း တွေ များပြား နေတာကြောင့် ပုံမှန် ပွဲထွက်ခွင့် အတွက် သေချာမှု မရှိနေတဲ့ ဒေးဗစ် လူးဝဇ် ဟာ အပြောင်းအရွှေ့ မပိတ်သိမ်းမီ မှာပဲ နည်းပြ ဖြစ်သူ လမ်းပတ် နဲ့ ဆွေးနွေး တိုင်ပင်မှု တချို့ ပြုလုပ်ဖို့ မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်း သို့ ပေါင် ၈သန်း နဲ့ ချက်ချင်း ပြောင်းရွှေ့ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ် ။

ဒေးဗစ် လူးဝဇ် ပြောင်းရွှေ့ သွားပြီးတဲ့နောက် ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် အဖွင့် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၄ဂိုးပြတ် နဲ့ အရှက်တကွဲ အရေးနိမ့် ခဲ့ရပြီး ဒေးဗစ် လူးဝဇ် နေရာ ကို ဆက်ခံ နေတဲ့ ဇူးမား ရဲ့ အမှားများမှု ကိုလည်း ကွင်းကွင်းကွက်ကွက် မြင်တွေ့ ခဲ့ရပါတယ် ။ Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန်သူ ပေါလ်မာဆင် ကတော့ ဒေးဗစ် လူးဝဇ် ကို ရောင်းထုတ် ခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် ကို အခုလိုပဲ ဝေဖန်မှု တွေ ပြုလုပ် သွားခဲ့ပါတယ် ။

မာဆင် က ” ကျွန်တော် ဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျ က ပွဲစဉ် အတော်များများ ကို သွားရောက် ကြည့်ရှု ခဲ့ဖူးပါတယ် ။ အဲ့ဒီမှာ ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် ဟာ အချိန် အတော်များများ မှာ ကျစ်လျစ်မှု ရှိခဲ့ပြီး အတော်ကို ထိုးဖောက်ရ ခက်ခဲ တတ်ပါတယ် ။ ကီပါ ဟာ ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် အတွက် ထူးထူးခြားခြား ကောင်းမွန်အောင် စွမ်းဆောင် မပေးခဲ့သလို ၊ အဲ့ဒီမှာ ဒေးဗစ် လူးဝဇ် ကတော့ ချယ်လ်ဆီး အသင်း ရဲ့ အကောင်းဆုံး ခံစစ်မှူး တယောက် ဖြစ်ခဲ့ပါတယ် ။ ”

” အခု အခါမှာတော့ ချယ်လ်ဆီး အသင်း ဟာ ခံစစ်ပိုင်း အတွက် ယုံကြည် စိတ်ချမှု မရှိတဲ့ ကစားသမား တွေကို အသုံးပြုပြီး အမှားတွေ အတွက် ပေးဆပ် နေရပါပြီ ။ ဒါနဲ့ ပတ်သက်ပြီး ဖရန့် လမ်းပတ် အတော်လေး သတိထားမိဖို့ လိုနေပါပြီ ။ ချယ်လ်ဆီး အသင်း ဟာ ဘောလုံး ကိုင်ကစား နိုင်စွမ်း ရှိတဲ့ အကောင်းဆုံး ခံစစ်မှူး တဦး ကို မြို့ခံ ပြိုင်ဖက် အသင်း ထံ ရောင်းထုတ် ခဲ့ပါတယ် ။ ရိုးရိုး မြို့ခံပြိုင်ဖက် မဟုတ်ပါဘူး ။ ချန်ပီယံလိဂ် ဝင်ခွင့် ပြိုင်ဖက် ဖြစ်ပါတယ် ။ ”

” အခု လက်ရှိ ချယ်လ်ဆီး အသင်း ပိုင်ဆိုင် ထားတဲ့ ခံစစ်မှူး တွေထဲမှာ နောက်တန်း ကနေ ကစားကွက် ဖန်တီး နိုင်တဲ့သူ တွေ တယောက်မှ မပါဝင် နေပါဘူး ။ ဂိုးသမား ကနေ ကွင်းလယ် ကို တခါတည်း ဘောလုံး ကန်တင်ပြီး ကွင်းလယ်မှာမှ ကစားကွက် ဖော်မယ် ဆိုရင် ကျွန်တော် နားလည် ပေးလို့ ရပါတယ် ။ ဒါပေမယ့် နောက်တန်း ကနေ ကစားကွက် စတင်မယ် ဆိုရင်တော့ ဘယ်ဖက်ခြမ်း ကပဲဖြစ်ဖြစ် ၊ အလယ်ကပဲ ဖြစ်ဖြစ် ၊ ညာဖက်ခြမ်း ကပဲ ဖြစ်ဖြစ် ထိုးဖောက် ကစားကစား ၊ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး ။ ”

” ကတ်ဇူးမား ကို ကြည့်ရတာ ဘယ်လိုမှ ချယ်လ်ဆီး အသင်း အတွက် ကစားပေးဖို့ အသင့် မဖြစ်သေးပါဘူး ။ ဒါကြောင့်မို့လည်း မနှစ်က သူ အငှား ထွက်ကစား ခဲ့ရတာပါ ။ သူ့ကို အသုံးပြု နေရတာ ချယ်လ်ဆီး အတွက် အန္တရာယ် ရှိတဲ့ ပွဲတပွဲ ဖြစ်စေခဲ့ပါတယ် ။ ပရိသတ် တွေဟာ ဒေးဗစ် လူးဝဇ် ကို နှစ်သက် ခဲ့ကြပါတယ် ။ ချယ်လ်ဆီး အသင်း အဖို့တော့ ရလဒ်ကောင်း တွေ မြန်နိုင်သလောက် မြန်မြန် ထွက်အောင် ကစားနိုင်ဖို့ လိုပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ နောက်တန်း ကနေ ကစားပုံဖော်လို့ မရတာကို မကြည့်ချင်တော့တဲ့ အတွက်ပါ ။ ”

” ဒေးဗစ် လူးဝဇ် ကို ရောင်းထုတ် လိုက်တဲ့ အနေအထား ကို ကြည့်ရင် ဖရန့် လမ်းပတ် က ဒီလို ဆုံးဖြတ်ကောင်း ဆုံးဖြတ် နိုင်ပါတယ် ။ အသင်းရဲ့ အနေအထား ကို အရင် တည်ငြိမ်အောင် လုပ်ပြီးမှ ရှေ့ဆက်လို့ ရမယ် လို့ သူ့ရဲ့ အတွေးထဲ ဝင်လာပုံ ရပါတယ် ။ ဒါကြောင်မို့ ဒေးဗစ် လူးဝဇ် ကို သူ ထွက်ခွာခွင့် ပေးလိုက်တာ ဖြစ်ပါလိမ့်မယ် ။ တခါတလေ ကျရင်တော့ ဒီ နည်းလမ်း က မှန်ကန်မှု ရှိပါတယ် ။ ထိပ်တန်း မန်နေဂျာတွေဟာ အသင်းကို ထိန်းကျောင်း ပေးနိုင်တဲ့ ကစားသမား ကောင်းတွေကို မွေးထုတ် နိုင်စွမ်း ရှိကြပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR