ဘိုင်ယန် မြူးနစ်ကို အရှက်တကွဲ နဲ့ ရှုံးနိမ့်ပြီး နောက်ပိုင်း ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်လိုက်ရပြီ ဖြစ်ပါတယ်။ ဒီ အရှုံးရလာဒ်ဟာ ကလပ် အသင်းရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းကြောင်း တစ်လျှောက် အဆိုးရွားဆုံး ရှုံးနိမ့်မှု တစ်ခု အဖြစ် မှတ်တင်းဝင်သွားခဲ့ပါတယ်။

ဘာစီလိုနာ အသင်းသားတွေဟာ ဒီညနေပိုင်းမှာပဲ ကတ်တလန် ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ၊ လေဆိပ်ကနေ ကလပ်အသင်း အခြေစိုက်ရာဆီ သို့ ဘတ်စ်ကား နဲ့ ပြန်လာစဉ်မှာပဲ ပရိသတ် တစ်ချို့ရဲ့ ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ခါတိုင်းဆိုရင် အသင်း ရဲ့ လိုဂို တံဆိပ် တပ်ဆင်ထားတဲ့ ဘတ်စ်ကားတွေကိုပဲ အသုံးပြုလေ့ရှိပေမယ့် ၊ ဒီတစ်ကြိမ်မှာတော့ လိုဂို တံဆိပ်က လုံး၀ မပါတော့ပါဘူး။

ပရိသတ် 15 ယောက်ခန့် ရှိတဲ့ အစုအဖွဲ့ တစ်ခုဟာ ရုံးချုပ် အဝင်ဝမှာ စောင့်နေခဲ့ပြီး ဆိုင်းဘုတ် 3 ခု ကို ကိုင်ကာ အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။

ပထမ ဆိုင်းဘုတ်မှာ “121 နှစ် ရှိပြီ ဖြစ်တဲ့ ကလပ် သမိုင်းကို အကျည်းတန်ဆုံး ဖြစ်အောင် လုပ်ခဲ့ကြတဲ့ ဘုတ်အဖွဲ့ နဲ့ ကစားသမားတွေ” လို့ ရေးသား ထားပြီး ၊ အခြား တစ်ခုမှာတော့ “ ခြေစွမ်းကဖြင့် ဘာမှမရှိပဲ ကိုယ့်ကိုကိုယ် အထင်ကြီးနေကြတယ်” လို့ ရေးသားထားပါတယ်။

နောက်ဆုံး တစ်ခုမှာတော့ “ ခေါက်ဆွဲစားခဲ့ကြသူများ” လို့ ခေါင်းစဉ်တပ် ရေးသားကာ ဆန္ဒပြခဲ့ကြပါတယ်။

……………………..

လက်ရှိ အချိန်မှာတော့ နည်းပြ ဆက်တီယန် ကို ထုတ်ပယ်ဖို့ အတွက် ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ပြီး လာမယ့် ရက်ပိုင်း အတွင်းမှာ တရားဝင် ကြေငြာချက် ပေါ်ထွက်လာဖွယ် ရှိနေပါတယ်။

ဒါ့အပြင် အားကစား ဒါရိုတ်တာ အဘီဒယ် လဲ ရာထူးကနေ ဖယ်ရှားခံရဖွယ် ရှိနေတယ်လို့ သတင်းတွေကြီးလျှက် ရှိနေပါတယ်။

ဘာတိုမြူဟာ နည်းပြသစ် အဖြစ် ဘယ်သူ့ကို ခန့်အပ်မလဲ ဆိုတဲ့ ကိစ္စအပေါ် စဉ်းစားလျှက် ရှိနေပြီး ၊ စပါး နည်းပြဟောင်း ပိုချက်တီနို က ရေပန်း စားလျှက် ရှိနေပါတယ်။

ဘာစီလိုနာ ရဲ့ အဓိက ပစ်မှတ်က ဇာဗီပါ ။ သို့သော် ဇာဗီ ဟာ အယ်ဆတ် အသင်းနဲ့ တစ်နှစ်စာချုပ် သက်တမ်းထိုးတားတာကြောင့် ၊ လောလောဆယ်မှာ တာဝန်ယူပေးဖို့ မဖြစ်နိုင်သေးပါဘူး။

ပိုချက်တီနို ကတော့ မိုနာကို ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ၊ ဆုဖလားတွေ ကို စိန်ခေါ်နိုင်မယ့် အသင်းမျိုး ကိုပဲ ကိုင်တွယ်ချင်တယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ် နည်းပြ ရာထူး အတွက် ဆာရီ ရဲ့ နေရာကို ဆက်ခံလိမ့်မယ်လို့ သတင်းကြီးခဲ့ ပြန်သော်လဲ နောက်ဆုံး မှာ ဖြစ်မလာခဲ့ ပါဘူး။

ဘာစီလိုနာ ဟာ ဆက်တီယန် ကို မခန့်အပ်ခင် အချိန် ကတည်းက ပိုချက်တီနို ကို ဆန်ကာတင် စာရင်းမှာ ထည့်သွင်းခဲ့ဖူးပါတယ်။

အဲဒီ အချိန်က အလီဂရီ ၊ ပိုချက်တီနို တို့ကို ကျော်ဖြတ်ပြီး အသင်းရဲ့ ပေါ်လစီ ကစားဟန် နဲ့ ပိုပြီး ကိုက်ညီမှု ရှိတယ် လို့ ယူဆတဲ့ ဆက်တီယန် ကို ရွေးချယ်ခဲ့ကြတာပါ။

တကယ်တမ်းမှာတော့ ဆက်တီယန် ဟာ အသင်းကြီး ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံ မရှိသလို ၊ ဘာဆုဖလားမှလဲ ဆွတ်ခူးခဲ့ဖူးတဲ့ မှတ်တမ်း မရှိတာကြောင့် ၊ အသင်းကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် တည့်မတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ပိုချက်တီနို ကတော့ အက်စ်ပန်ညော် ရဲ့ ကစားသမားဟောင်း အဖြစ်သာမက ၊ နည်းပြဟောင်းပါ ဖြစ်နေတာကြောင့်လဲ ဘုတ်အဖွဲ့က ပယ်ချခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကတ်တလန် သတင်းတွေ အရ အာဂျင်တီးနား သားကြီးဟာ ဘာစီလိုနာ ကို ကိုင်တွယ်ဖို့ ထိပ်ဆုံးက ရေးပန်းစားနေပါတယ်။

မကြာသေးခင် က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာလဲ ဘာစီလိုနာ ကို ကိုင်တွယ်နိုင်ချေ ရှိလာလို့ မေးမြန်းခဲ့ရာ “ဘောလုံးမှာ ဘယ်အရာမှ ကြိုပြောထားလို့ မရဘူး” လို့ ပြန်လည် ဖြေကြားထားတာကြောင့် ၊ တရားဝင် ကမ်းလှမ်းမှုတွေသာ ရှိခဲ့ရင် လက်ခံ စဉ်းစားလာဖွယ် ရှိနေပါတယ်။