ဂန်းနား တိုက်စစ်မှူးဟောင်း လူးကပ်စ် ပိုဒေါစကီး က အိုဇေးလ် ကို ကစားခွင့် မပေးဘဲ အရန်ခုံမှာပဲ ထိုင်နေစေတာဟာ နှစ်ဦး နှစ်ဖက် အကျိုးမရှိတဲ့ အခြေအနေ ဖြစ်ကြောင်း သုံးသပ် ပြောကြား လိုက်ပြီး အမြန်ဆုံး ဖြေရှင်းဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမနီ ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာ ဘောလုံးပွဲတွေ ပြန်စကတည်းက အာဆင်နယ် အတွက် တစ်ပွဲမှ ပါဝင် ကစားခွင့် မရခဲ့သလို အာဆင်နယ် အသင်းရဲ့ အက်ဖ်အေ ဖလား အောင်ပွဲခံ အခမ်းအနားမှာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး ။

အိုဇေးလ် ဟာ အာဆင်နယ် အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲနဲ့ လစာ အများဆုံး ရရှိနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး သူ့ရဲ့ စာချုပ် သက်တမ်းဟာ ၂၀၂၁ ခုနှစ်မှ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် ဘက်က အိုဇေးလ် ကို ရောင်းထုတ် ချင်နေပေမယ့် ကစားသမားကိုယ်တိုင်က အသင်းမှာ ဆက်ကစားနေချင်တာကြောင့် အခက်တွေ့နေရပါတယ် ။

ပိုဒေါစကီး က The Athletic နဲ့ အင်တာဗျူးမှာအာဆင်နယ် နဲ့ အိုဇေးလ် တို့ရဲ့ လက်ရှိ အခြေအနေတွေ အပေါ် ” သူ(အိုဇေးလ်) က စိတ်ထားကောင်းတဲ့သူပါ ။ အင်တာဗျူးတွေမှာ အသင်းဖော် နဲ့ အာဆင်နယ် အကြောင်း မကောင်း လုံး​ဝ မပြောပါဘူး ။ ”

” လက်ရှိ အခြေအနေကတော့ စိတ်ပျက် စရာပါပဲ ၊ ဘာကြောင့်လဲ ဆိုတော့ နှစ်ဦး နှစ်ဖက် အကျိုးမရှိဘဲ ဆုံးရှုံးရတဲ့ အခြေအနေ ဖြစ်နေပါတယ် ။ အိုဇေးလ် က ပွဲကြည့်စင် ပေါ်မှာ ထိုင်နေရတယ် ၊ အာဆင်နယ် က သူ့ကို လစာ ပေးထားရပါတယ် ၊ ဘယ်သူမှ အကျိုးမရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ်

တစ်နေ့က The Athletic နဲ့ အင်တာဗျူးမှာ အိုဇေးလ် ဟာ သူ အာဆင်နယ် မှာ ပွဲထွက်ခွင့် ပျောက်ဆုံး နေပေမယ့် အကောင်းဆုံး ကြိုးစားပြီး စာချုပ်သက်တမ်းကုန်တဲ့ အထိ အသင်းမှာ ကစားသွားမယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

အိုဇေးလ် က The Athletic နဲ့ အင်တာဗျူးမှာ ” ကျွန်တော့်ရဲ့ ရပ်တည်ချက်ကတော့ ရှင်းရှင်းလေးပါပဲ ၊ စာချုပ် သက်တမ်း နောက်ဆုံး နေ့ရက် အထိ ဒီမှာပဲ ဆက်နေသွားမယ် ၊ အသင်းအတွက် အရာ အားလုံး ပေးဆပ် သွားမယ်ပေါ့ဗျာ ။ ဒီအခြေအနေတွေက ကျနော့်ကို မပြိုလဲစေတဲ့ အပြင် ပိုပြီးတောင် သန်မာလာစေပါတယ် ။ ”

” နည်းပြ နဲ့ ကျနော်တို့ နှစ်ဦးကြား ဘာတွေပြောဖြစ်ခဲ့သလဲ ဆိုတာတော့ ပြောပြလို့ မရပါဘူး ။သေချာတာကတော့ ကျွန်တော်ဟာ ဘောလုံးပွဲတွေ မရပ်နားခင်ကကော ရပ်နားပြီး ပြန်စတဲ့ အချိန်မှာကော ဒဏ်ရာ အနည်းငယ် ရနေတဲ့ အချိန်တွေကလွဲလို့ ပွဲတိုင်း ပါဝင် ကစားဖို့ ကြံ့ခိုင်မှု အပြည့် ရှိနေတယ်ဆိုတာပါပဲ ။ ”

” ဘောလုံးပွဲတွေ ရပ်နားထားရချိန်မှာ ကျနော်တို့ရဲ့ သမီးဦးလေး မွေးလာခဲ့ပါတယ် ၊ ဒါကြောင့် ကျွန်တော် အပြည့်အဝ မအိပ်ရခဲ့တာကတေ့ာ ဟုတ်ပါတယ် ။ ဒါပေမယ့် ဒါက ပုံမှန်ပါပဲ ၊ သမီးလေးကြောင့် ခွန်အားတွေ ပိုရလာသလို ကစားဖို့ ပိုပြီးတောင် အားတက် ခဲ့ရပါတယ် ။ ”

” ကစားသမား တစ်ဦး အတွက်က ဆိုးရွားတဲ့ နေ့ဆိုတာ ရှိစမြဲပါ ၊ အထူးသဖြင့် ပွဲမကစားရရင် ပိုပြီးတောင် စိတ်ပျက်ရပါသေးတယ် ။ ကိုယ်ဘယ်လောက် ကောင်းသလဲ ဆိုတာလည်း သိတယ် ၊ ဒါပေမယ့် ကိုယ့်ကို မရွေးချယ်ဘူးဆိုတာလည်း သိနေတော့ စိတ်ပျက်ရတော့ အမှန်ပါပဲ ။ ”

” ဒါက ကျနော့်ရဲ့ ပရော်ဖက်ရှင်ပါ ၊ ကျနော် ဘောလုံး ကစားရတာကို နှစ်သက်သလို ပရိသတ်တွေကိုလည်း ကျနော့် အရည်အချင်းကို ထုတ်ပြချင်ပါတယ် ၊ ကလပ် နဲ့ အသင်းကိုလည်း ကူညီချင်တာ တကယ်ပါ ။ ”

” ကျွန်တော် နည်းပြရဲ့ ဆုံးဖြတ်ချက် အပေါ် လေးစားမှု ရှိပါတယ် ၊ ဒါပေမယ့် ပွဲထွက်ခွင့်က ကွင်းထဲက စွမ်းဆောင်ရည်ကို ကြည့်ပြီးပဲ ဆုံးဖြတ် သင့်ပါတယ် ။ ဘောလုံးပွဲတွေ ပြန်စကတည်းက ကျနော် ဘာလုပ် နိုင်သလဲ ဆိုတာ ပြသဖို့ အခွင့်အရေးကို မရခဲ့တာပါ ။ ”

” ကြံ့ခိုင်မှု မပြည့်လို့ ၊ မကောင်းလို့ ၊ မလျော်ကန်တဲ့ အပြုအမှုတွေ လုပ်လို့ ၁၀ ပွဲဆက် ကစားခွင့် မရဘူးဆိုရင် လက်ခံလို့ ရပါသေးတယ် ။ ကျွန်တော် ကစားပုံ ဆိုးရွားနေလို့ လူစာရင်းက ချန်လှပ် ခံရတယ်ဆို နားလည်လို့ ရပါတယ် ၊ ဒါပေမယ့် ဒီကိစ္စက အဲ့တာတွေနဲ့ လုံးဝကို မဆိုင်တာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။