ဒီနှစ် ဘောလုံး လောက ရဲ့ အပြောင်း အရွှေ့ ဈေးကွက် ကတော့ လီယွန်နယ် မက်ဆီ ရဲ့ သတင်းတွေနဲ့ ပလူပျံ လို့ နေခဲ့ ပါတယ် ။ လူငယ် ကစား သမား ဘ၀ ကတည်းက စွဲစွဲ မြဲမြဲ ကစား လာခဲ့တဲ့ ဘာစီလိုနာ ကို မက်ဆီ စွန့်ခွာဖို့ စိတ်ကူး နေပြီ ဆိုတဲ့ သတင်းက ဘောလုံး လောက တစ်ခုလုံးကို ကိုင်လှုပ် ခဲ့သလို အကြီး အကျယ် အံ့အား သင့်ခဲ့ကြ ပါတယ် ။ ဘာစီလိုနာ ကနေ မက်ဆီ တကယ် ထွက်မှာလား ၊ ဘယ် အသင်းကို ရောက်မှာလဲ ဆိုတာ တွေကိုလည်း အသီးသီး သုံးသပ် ပြောဆို လာခဲ့ ကြပါတယ် ။

လက်ရှိ မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ စီးတီး ဟာ လီယွန်နယ် မက်ဆီ ကို ခေါ်ယူ ဖို့ အလား အလာ အကောင်းဆုံး နဲ့ ဦးဆောင် နေပါတယ် ။ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ဟာ မက်ဆီ နဲ့ ရင်းနှီးသူ ဖြစ်တာကြောင့် အာဂျင်တိုင်းသားဟာ အစ်တီဟတ် ကွင်းထဲကို ရောက်လာဖို့ သေချာ သလောက် ရှိတယ် လို့ ထင်ကြေး ပေးခံ ထားရ ပါတယ် ။

ဒီအချိန် မှာတော့ ဘာစီလိုနာ ဂန္ထဝင် ကစား သမားကြီး ရီဗယ်ဒို က မန်စီးတီး ပရိသတ်တွေ ပျော်ရွှင် စေမယ့် ပြောဆိုမှု တစ်ခုကို ပြုလုပ် သွားခဲ့ ပါတယ် ။ ရီဗယ်ဒို က မက်ဆီ ကို ဘာစီလိုနာ ကနေ ထွက်ခွာပြီး ပက်ဂွာဒီယိုလာ နဲ့ နောက်တစ်ကြိမ် ပြန်လည် ပေါင်းစည်းဖို့ တိုက်တွန်း ပြောဆို လိုက်တာ ပဲ ဖြစ်ပါတယ် ။

“မန်စီးတီး ဟာ မက်ဆီ အတွက် အကောင်းဆုံး ရွေးချယ် စရာပါ ။ အသက် ၃၃ နှစ် ဆိုပေမယ့် မက်ဆီ ရဲ့ အရည် အသွေးက နှိုင်းယှဉ်လို့ မရအောင် ကောင်းမွန် နေဆဲပါပဲ ။ အင်္ဂလန် မှာလည်း သူ စပိန်လို တောက်ပ ဦးမှာပါ”

“ဂွာဒီယိုလာ က မက်ဆီ အကြောင်းကို ကောင်းကောင်း သိပါတယ် ။ အခု ဖြစ်နေတဲ့ ကိစ္စတွေ အတွက် အကောင်းဆုံး အဖြေကိုလည်း ရှာဖွေ နိုင်မှာပါ ။ သူ့ကို ပင်တိုင် ထားပြီး အသင်းကို ဂွာဒီ တည်ဆောက် သွား မှာပါ ။ မန်စီးတီး မှာလည်း မက်ဆီ လျှင်လျှင် မြန်မြန် ပဲ အံဝင် သွားပါ လိမ့်မယ်” လို့ ရီဗယ်ဒို က ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ ဘာစီလိုနာ နဲ့ စာချုပ်သစ် ချုပ်ဆို ခဲ့စဉ် က အသင်းနဲ့ ကြိုက်တဲ့ အချိန်မှာ လမ်းခွဲ နိုင်တဲ့ အချက်ကို ထည့်သွင်း ချုပ်ဆို ခဲ့ ပါတယ် ။ ဒါပေမယ့် ဘာစီလိုနာ အသင်း ဘက်ကတော့ ဒီ သဘောတူညီမှု ဟာ ပြီးခဲ့တဲ့ ဇွန်လ တုန်းက သက်တမ်း ကုန်ဆုံး သွားခဲ့ပြီ ဖြစ်တာကြောင့် မက်ဆီ ကို အလိုရှိပါက စာချုပ် ဖျက်သိမ်းကြေး ပေါင် သန်း ၆၃၀ ကို ပေးချေ ရမယ်လို့ ဆိုထား ခဲ့ ပါတယ် ။

ဘာစီလိုနာ မှာ 1997 ကနေ ၂၀၀၂ အထိ ကစားခဲ့တဲ့ ရီဗယ်ဒို ကတော့ လက်ရှိ အခြေအနေ ဟာ ကလပ် အသင်းအတွက် သမိုင်းတွင်မယ့် အလှည့် အပြောင်း ဖြစ်လာမယ် လို့လည်း ပြောဆို သွားခဲ့ သလို မက်ဆီ အနေနဲ့ လည်း ကောင်းမွန်တဲ့ ကမ်းလှမ်း မှုတွေ ရှိလာခဲ့ ပါက ဘာစီလိုနာ ကနေ ထွက်ခွာဖို့ သင့်တော်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR