အသွင်သစ်နဲ့ ချဲလ်ဆီးအသင်း အပေါ် ယာဂန်ကလော့ ရဲ့ အကဲဖြတ်မှုကတော့ လီဗာပူးဟာ ယူအီးအက်ဖ်အေ စူပါဖလား ကို ဆွတ်ခူးနိုင်ဖို့ အတွက် ခက်ခဲလှတဲ့ စမ်းသပ်မှုကို ရင်ဆို်င် ရလိမ့်မယ်လို့ ယူဆ ထားပါတယ်။ အစ္စတန်ဘူရဲ့ ဘက်ဆစ်တပ်ပက်ဟာ ယနေ့ည မှာတော့ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် တို့ရဲ့ ချန်ပီယံတွေ ထိပ်တိုက် တွေ့ဆုံမယ့် ပွဲကို လက်ခံ ကျင်းပ သွားမှာ ဖြစ်ပြီး ယာဂန်ကလော့ဟာ မန်နေဂျာ တစ်ဦး အနေနဲ့ ဖရန့်လမ်းပတ်နဲ့ ပထမဦးဆုံး အကြိမ် ရင်ဆိုင် သွားရမှာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ယူဗင်တပ်ကို ပြောင်းသွားခဲ့တဲ့ နည်းပြ မော်ရီဇီယို ဆာရီ ရဲ့ နေရာကို အစားထိုးဝင်ရောက် လာခဲ့တာ ဖြစ်ပြီး လီဗာပူး နည်းပြက ချဲလ်ဆီးဂန္တ၀င်ဟာ သူ့ရဲ့ ကိုယ်ပိုင်ဟန် နဲ့ စတင်ပြောင်းလဲမှုတွေ လုပ်ဆောင် နေပြီလို့ မြင်နေ ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မန်ယူနိုက်တက် ကို အိုးထရပ်ဖို့ဒ်မှာ ၄-၀ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် လီဗာပူးဟာ ဒီပွဲစဉ် အတွက် ရေပန်းစား နေပေမယ့်လည်း လန်ဒန်ကလပ်ဟာ အင်အား အရမ်းတောင့်တင်းတာကြောင့် ကလော့ဟာ အဆိုပါ ရလဒ်ကို သိပ်ပြီး အာရုံစိုက်နေမှာ မဟုတ်ဘူးလို့ ဆိုသွား ပါတယ်။

ကလော့ က “အမှန်ပါပဲ။ သူတို့ရဲ့ ခြေစွမ်း ကောင်းခဲ့ပါတယ်။ သူတို့ဟာ နောက်ဆုံး ရာသီကြို ခြေစမ်းပွဲတွေမှာ မွန်ချင်ဂလာဘတ် ၊ ဆဲဘတ် ၊ အဲဒီနောက် မန်ယူနိုက်တက် တို့နဲ့ ကစားခဲ့ပါတယ်။ ဒီပွဲတွေဟာ ကျွန်တော်တို့ အကဲဖြတ်မှု လုပ်သွားရမယ့် ပွဲတွေပါပဲ။ သူတို့ရဲ့ ကစားဟန်ဟာ ရှင်းလင်းပါတယ်။ ဘောလုံး ကိုင်ကစားတဲ့ အသင်း ၊ အခြေအနေအရ ကစားနိုင်ကာ သူတို့မှာ ကစားကွက် အမျိုးမျိုး တို့ ဘာတို့တွေ ရှိပါတယ်။ ကျွန်တော် မြင်ခဲ့သမျှ ကတော့ ရိုးရိုးသားသား ပြောရရင် နှစ်သက်စရာ ပါပဲ။ ဒါပေမယ့် သူတို့ဟာ ၄-၀ နဲ့ ရှုံးခဲ့ပါတယ်။ ဒါဟာ တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အတော် ထိေ၇ာက်မှု ရှိခဲ့ပြီး ဘောလုံးမှာ ဒီလိုမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ မန်ယူနိုက်တက်ကို ၄-၀ နဲ့ ရှုံးခဲ့လို့ ကျွန်တော်တို့ သူတို့ကို လေးစားမှု လျော့ကျသွားမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ အခြားပုံစံ တစ်မျိုးမျိုး ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ပထမ မိနစ် ၆၀ လောက်မှာ သူတို့ဟာ တကယ်ကို ကောင်းခဲ့ ပါတယ်။

သူတို့ဟာ အသင်းကောင်း တစ်သင်းဖြစ်ပြီး ကျွန်တော်တို့ ဒီ ၃ပွဲကို အသုံးချကာ မှန်ကန်တဲ့ ကောက်ချက်ချသွားဖို့ နဲ့ ပွဲအတွင်းမှာ မှန်ကန်တဲ့ အရာတွေ လုပ်သွားဖို့ ကြိုးစားသွားမှာပါ။”

ယာဂန်ကလော့က လမ်းပတ်ဟာ ပြီးခဲ့တဲ့ ရာသီ ဒါဘီအသင်းမှာ သူ့ရဲ့ မန်နေဂျာ အရည်အသွေးကို သက်သေပြ သွားခဲ့တယ်လို့ ခံစားမိနေပြီး စူပါဖလားမှာလည်း ဒီအလုပ် အတွက် အဆင်သင့် ဖြစ်နေလောက်တယ်လို့ ယူဆနေပါတယ်။

လီဗာပူး မန်နေဂျာက “သူတို့ဟာ ပြီးခဲ့တဲ့ နှစ်ကနဲ့ ခြားနားသွားပါတယ်။ ဒါဟာ ရှင်းပါတယ်။ ဘာလို့လဲ ဆိုတော့ မော်ရီဇီယိုဆာရီ ဟာ အရမ်းကို ပုံသေဆန်တဲ့ စတိုင်ဖြစ်ပြီး သူတို့ ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် set-up က အနည်းငယ် ခြားနားသွားပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဟာ ကောင်းမွန်တဲ့ ပွဲအစီအစဉ်တော့ ရှိနေတုန်းပါ။ ဒါကို မြင်နိုင်ပါတယ်။ မေဆင်မောင့်ဟာ အရမ်းကို အရေးပါတဲ့ ကဏ္ဍမှာ ကစားနေပြီး ဖြစ်တဲ့ အံ့ဖွယ်အရည်အသွေးရှိ ကစားသမားပါ။

သူတို့ ဘယ်လို့ ပွဲထုတ် သွားမလဲ ဆိုတာ ဘယ်သူသိလို့လဲ။ သူတို့မှာ ခြားနားတဲ့ အခွင့်အရေးတွေ ရှိနေပါတယ်။ သူတို့ဟာ ဂျီးရူးကို ပွဲထုတ်နိုင်တယ်။ ကန်တီကို ပွဲထုတ်နိုင်တယ်။ မာကို့စ်အလွန်ဆို ပွဲထွက်ခွင့် ပေးနိုင်တယ်။ ပူလီဆစ် ကို ပွဲထွက် သွားစေနိုင်ပါတယ်။ ဒ့ါကြောင့် သူတို့ဟာ အပြောင်းအလဲ တစ်ချို့ လုပ်လာနိုင် ပါတယ်။

ရူဒီဂါ ပြန်ပါလာတာတို့ ဘာတို့တောင် ရှိနိုင်ပါတယ်။ သူတို့မှာ ရွေးချယ်စရာ အမျိုးမျိုး ရှိနေပြီး အပြောင်းအလဲတွေ လုပ်သွားဖို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါနဲ့ နှိုင်းယှဉ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ချဲလ်ဆီးရဲ့ ပြီးခဲ့တဲ့ ပွဲ ၃ ပွဲကိုပဲ အသုံးချသွား ရမှာပါ။

လမ်းပတ်ဟာ သူ အရမ်းကောင်းတဲ့ မန်နေဂျာ တစ်ဦးဆိုတာကို ပြီးခဲ့တဲ့ ရာသီက ဒါဘီအသင်းမှာ သက်သေ ပြခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဒါဘီကို ချက်ချင်းဆိုသလို များစွာ ပြောင်းလဲ စေခဲ့ပါတယ်။ ဒါဘီအကြောင်းကို ကျွန်တော် သိပ်တော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ကြားရသလောက် နဲ့ ယူနိုက်တက် နဲ့ ပွဲက ကျွန်တော် မြင်ခဲ့တဲ့ အရာတွေကို ကြည့်ပြီး ပြောတာပါ။ ဘယ်လောက်ကောင်းအောင် ကစား သွားသလဲဗျာ။

ဒ့ါကြောင့် ချဲလ်ဆီးဟာ အသင်းတစ်သင်း အနေနဲ့ လိုအပ်တဲ့ ကောင်းမွန်တဲ့ ကစားဟန် ၊ ပြင်းထန်စွာ အားထုတ်မှုတွေ ရှိနေပါတယ်။ ကောင်းမွန်တဲ့ ခံစစ် ကစားပုံလည်း ပိုင်ဆိုင် ထားပါတယ်။ ဒါ့ကြောင့် တကယ့်ကို စိတ်ဝင်စားစရာ ပွဲဖြစ်လာမှာ ဖြစ်ပြီး ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ အလုပ်ပါပဲ။

ဒါပေမယ့် ဒါဟာ ဖိုင်နယ်ပါ။ နှစ်သင်းစလုံးဟာ ဒီပွဲနဲ့ ထိုက်တန်ပါတယ်။ နှစ်သင်းစလုံးဟာ ဒီဖလားကို အရမ်း ဆွတ်ခူးချင်နေ ကြပါတယ။် ကျွန်တော် ကတော့ ဒါဟာ ပွဲအစီအစဉ်မှာ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အနေနဲ့ ထက်မြက်နေရမှာ ဖြစ်သလို တည်ငြိမ်မှုလည်း ရှိနေရ ပါမယ်။ ဒီအရာတွေ အားလုံးမှာ ဘယ်သူက ပိုကောင်းအောင် လုပ်နိုင်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့် သွားရပါမယ်။

ကျွန်တော် ပြောခဲ့သလိုပဲ နှစ်သင်းစလုံး အတွက် ရာသီအစောပိုင်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ နှစ်သင်းစလုံးအတွက် ဒါဟာ ဇာတ်လမ်းအဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်သင်းစလုံး ဟာ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒီပွဲကို ကစားရအောင်။ ပြီးမှပဲ ကျန်တာ ဆက်ပြောကြတာပေါ့။” လို့ ဆိုလိုက်ပါတယ်။

SM