ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာ ချဲလ်ဆီး အသင်း ဟာ အဆင့် ၄ နေရာ နဲ့ အဆုံးသတ် နိုင်ခဲ့ကာ ၊ အဓိက ပစ်မှတ် ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရရှိခဲ့ပေမယ့် ၊ စွမ်းဆောင်ရည် အရ ခံစစ် က ပေးဂိုး ၅၄ ဂိုး အထိ ရှိခဲ့ပါတယ် ။

ဒါဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ အသင်းကြီး တသင်း အတွက် ဖြစ်သင့်တဲ့ ပေးဂိုး အရေအတွက်မျိုး မဟုတ်ပါဘူး ။ ပေးခဲ့ရတဲ့ ဂိုး အများစု ဟာ ပြိုင်ဖက် အသင်း ရဲ့ တိုက်စစ် ကစားပုံ အရမ်း ကောင်းလို့ ပေးလိုက်ရတာမျိုး မဟုတ်ပဲ ၊ နောက်ခံလူတွေက တမျိုး ၊ ဂိုးသမား က တဖုံ ၊ တနည်းမဟုတ် တနည်း ကိုယ့်ရှူးကိုယ်ပတ်ပြီး ပေးခဲ့ရတာ ဖြစ်ပါတယ် ။

အထူးသဖြင့် ချဲလ်ဆီး ပရိသတ် အများစု ဟာ ခံစစ် အမှားထက် ၊ ပထမ ဦးစားပေး ဂိုးသမား ကီပါ အရီဇာဘလာဂါ ကို ပိုပြီး အပြစ်တင်ကြတာကို တွေ့ခဲ့ရပါတယ် ။ လောလောဆယ် မှာတော့ ချဲလ်ဆီး အသင်း ဟာ ခံစစ် အတွက် အားဖြည့်မှု ၃ခု ပြုလုပ်ထားပြီး ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ တရာသီလုံး ဟာကွက် ပြနေခဲ့တဲ့ ဘယ်နောက်ခံလူ နေရာအတွက် ချဲလ်ဆီး အသင်း ဟာ လက်စတာ အသင်း မှ ဘန်ချေဝဲလ် ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူထားပြီး ဖြစ်သလို ၊ ဦးဆောင်မှု ကင်းမဲ့နေတဲ့ ဗဟို ခံစစ် နေရာအတွက် ဝါရင့် သမ္ဘာရင့် ပီအက်စ်ဂျီ ဝါရင့် ခံစစ်မှူးဟောင်း သီယာဂို ဆေးလ်ဗား ကို တနှစ် စာချုပ် နဲ့ ခေါ်ယူထားပါတယ် ။

နိုက်စ် အသင်း ကနေ အလွတ် နဲ့ ပြောင်းရွှေ့လာကာ ၊ ၅နှစ် စာချုပ်ချုပ်ထားတဲ့ ပြင်သစ် လူငယ် ခံစစ်မှူး မာလန်းဆား ကိုတော့ ချဲလ်ဆီး တို့ အသင့်သုံးဦးမှာ မဟုတ်ပဲ ၊ အငှားချသွားဖို့ ရှိနေပါတယ် ။ ခံစစ်ကြောင်း အတွက် အသီးသီး အားဖြည့်ပေးထားပေမယ့် ၊ ဂိုးသမားသစ် ရှာဖွေဖို့ ချဲလ်ဆီး အသင်း တုန့်ဆိုင်းနေဆဲ ဖြစ်ပါတယ် ။

လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ ကလည်း ချဲလ်ဆီး အသင်း ဟာ လိုအပ်တဲ့ နေရာအတွက် ကစားသမားသစ် တွေကို တယောက်ပြီး တယောက် ခေါ်ယူထားပေမယ့် ၊ ပွဲထွင် ဂိုးသမား နေရာ ကို မဖြည့်တင်းနိုင်ဘူး ဆိုရင် ဒုံရင်း က ဒုံရင်းပဲ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပါသေးတယ် ။

ချဲလ်ဆီး ဗဟို ခံစစ်မှူးဟောင်း ဖရန့် လီဘို့ဖ် ကလည်း သီယာဂို ဆေးလ်ဗား ၊ ဘန်ချေဝဲလ် တို့ ရောက်လာတဲ့ အတွက် ၎င်းတို့ရဲ့ အနောက်မှာ စိတ်ချရတဲ့ ဂိုးသမား တယောက် လိုအပ်လာကြောင်း နဲ့ ဂိုးသမားသစ် အခြေအနေ နဲ့ ပတ်သက်ပြီး ကေလာ နာဗက်စ် ကို ခေါ်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်း ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု ကို ချဲလ်ဆီး တို့ အတုယူသင့်ကြောင်း ဆိုခဲ့ပါတယ် ။

ESPN ရဲ့ အစီအစဉ် တခုမှာ လီဘို့ဖ် က ” ဂိုးသမား နေရာ က တကယ့် ပြဿနာ စစ်စစ်ပါပဲ ။ ကီပါ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က တည်ငြိမ်တဲ့ ပုံစံမျိုး လုံးဝ မပြသနိုင်ခဲ့ပါဘူး ။ ဒီတော့ သူဟာ ချဲလ်ဆီး ကနေ ထွက်ခွာရပါမယ် ။ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ပရိသတ်တွေ နဲ့ နည်းပြ ကလည်း ယုံကြည်မှု မရှိတော့ပါဘူး ။ ”

” သူ့ အရှေ့မှာ ကစားနေတဲ့ ဗဟို ခံစစ်မှူးတွေ အတွက်လည်း ဖိအား ပိုခံစားရပါတယ် ။ ခင်ဗျား ဟာ ဗဟို ခံစစ်မှူး တဦးပဲ ဖြစ်ဖြစ် ၊ အစွန် နောက်ခံလူ တဦးပဲ ဖြစ်ဖြစ် ၊ ကိုယ့် အနောက်မှာတော့ စိတ်ချရတဲ့ ဂိုးသမား တယောက် ရှိစေချင်မှာပဲ မဟုတ်လား ? ”

” ခင်ဗျား မှာ အန္တရာယ် တခုခု ကြုံလာရင် ၊ အနောက်မှာ ခင်ဗျား ရဲ့ အခက်အခဲ တွေကို ကူညီ ဖြေရှင်းပေးမယ့် ဂိုးသမား က အသင့်ရှိနေတာမျိုးပေါ့ ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ မှာ ဒါမျိုး ချဲလ်ဆီး အသင်း မှာ မရှိခဲ့ပါဘူး ။ ကျွန်တော် ကတော့ ကီပါ ချဲလ်ဆီး ကနေ လစ်ရမယ် လို့ ထင်ပါတယ် ။ ”

” ဒါမှမဟုတ် ၊ သူတို့ ဂိုးသမားသစ် တဦး ထပ်ရှာဖို့ လိုပါမယ် ။ ဒါနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီ အသင်း ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု က အတူယူဖွယ် သာဓက တရပ် ဖြစ်ပါတယ် ။ သူတို့ဟာ သီယာဂို ဆေးလ်ဗား လို ခံစစ်မှူးမျိုး နဲ့ မကိုက်ညီတဲ့ အာရီယိုလာ ရဲ့ နေရာမှာ ၊ ကေလာ နာဗက်စ် နဲ့ အစားထိုးခဲ့ပါတယ် ။ ”

” နာဗက်စ် ရောက်လာပြီး ကတည်းက ပီအက်စ်ဂျီ အသင်း ရဲ့ ခံစစ် ကစားပုံ က သိသိသာသာ တိုးတက်လာခဲ့တာ ကို မြင်ရမှာ ဖြစ်ပါတယ် ။ ကင်ပန်ဘီ ၊ သီယာဂို ဆေးလ်ဗား ၊ ဟွမ်ဘားနက် အစရှိတဲ့ နောက်ခံလူ တွေရဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ် ။ ဒါကို ကြည့်ပြီး ချဲလ်ဆီး တို့ အရေးပါတဲ့ ဖြေရှင်းချက် ကို ရှာဖွေနိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ လောလောဆယ် မှာ ဂိုးသမားသစ် ဖြည့်တင်းဖို့ အတွက် ရန်းနက်စ် အသင်း မှ အသက် ၂၈ နှစ် အရွယ် ၊ ဆီနီဂေါ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ကို ခေါ်ယူဖို့ အဓိက ပစ်မှတ် ထားနေပါတယ် ။

SPORTS MYANMAR