ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာ ချဲလ်ဆီး အသင်း ဟာ အဆင့် ၄ နေရာ နဲ့ အဆုံးသတ် နိုင်ခဲ့ကာ ၊ အဓိက ပစ်မှတ် ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရရှိခဲ့ပေမယ့် ၊ စွမ်းဆောင်ရည် အရ ခံစစ် က ပေးဂိုး ၅၄ ဂိုး အထိ ရှိခဲ့ပါတယ် ။

ဒါဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ အသင်းကြီး တသင်း အတွက် ဖြစ်သင့်တဲ့ ပေးဂိုး အရေအတွက်မျိုး မဟုတ်ပါဘူး ။ ပေးခဲ့ရတဲ့ ဂိုး အများစု ဟာ ပြိုင်ဖက် အသင်း ရဲ့ တိုက်စစ် ကစားပုံ အရမ်း ကောင်းလို့ ပေးလိုက်ရတာမျိုး မဟုတ်ပဲ ၊ နောက်ခံလူတွေက တမျိုး ၊ ဂိုးသမား က တဖုံ ၊ တနည်းမဟုတ် တနည်း ကိုယ့်ရှူးကိုယ်ပတ်ပြီး ပေးခဲ့ရတာ ဖြစ်ပါတယ် ။

အထူးသဖြင့် ချဲလ်ဆီး ပရိသတ် အများစု ဟာ ခံစစ် အမှားထက် ၊ ပထမ ဦးစားပေး ဂိုးသမား ကီပါ အရီဇာဘလာဂါ ကို ပိုပြီး အပြစ်တင်ကြတာကို တွေ့ခဲ့ရပါတယ် ။ လောလောဆယ် မှာတော့ ချဲလ်ဆီး အသင်း ဟာ ခံစစ် အတွက် အားဖြည့်မှု ၃ခု ပြုလုပ်ထားပြီး ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ တရာသီလုံး ဟာကွက် ပြနေခဲ့တဲ့ ဘယ်နောက်ခံလူ နေရာအတွက် ချဲလ်ဆီး အသင်း ဟာ လက်စတာ အသင်း မှ ဘန်ချေဝဲလ် ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူထားပြီး ဖြစ်သလို ၊ ဦးဆောင်မှု ကင်းမဲ့နေတဲ့ ဗဟို ခံစစ် နေရာအတွက် ဝါရင့် သမ္ဘာရင့် ပီအက်စ်ဂျီ ဝါရင့် ခံစစ်မှူးဟောင်း သီယာဂို ဆေးလ်ဗား ကို တနှစ် စာချုပ် နဲ့ ခေါ်ယူထားပါတယ် ။

လောလောဆယ် အချိန် အထိ ချဲလ်ဆီး အသင်း ဟာ ကစားသမားသစ် ဖြည့်တင်းမှု ၆ခု အထိ ပြုလုပ်ထားပြီး ၊ နောက်ဆုံး အနေနဲ့ ဂိုးသမားသစ် တဦး ထပ်ခေါ်ဖို့ကို အစွမ်းကုန် ကြိုးစားလျက် ရှိပါတယ် ။ ရန်းနက်စ် အသင်း ရဲ့ ဆီနီဂေါ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဟာ ချဲလ်ဆီး အသင်း ရဲ့ ပထမ ပစ်မှတ် ဂိုးသမား အဖြစ် သတင်းတွေ ထွက်ပေါ်လို့ နေပါတယ် ။

ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ် ကတော့ ကီပါ ဟာ ချဲလ်ဆီး မှာ ၂နှစ်တာ အချိန်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပေမယ့် ၊ ထိပ်တန်း အဆင့် ဂိုးသမား တယောက် မှာ ရှိခဲ့သင့်တဲ့ အကောင်းဆုံး အခိုက်အတန့် တကြိမ်တခါမှတောင် မပြသနိုင်ခဲ့တဲ့ အတွက် ဝေဖန်ခံရမှုတွေနဲ့ ထိုက်တန်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ် ။

GentingBet နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဟက်ဆယ်ဘိန့်ခ် က ” ကျွန်တော် ကတော့ ကီပါ ဟာ မမျှမတ ဆက်ဆံခံရတယ် ၊ ဝေဖန်ခံရတယ် လို့ မထင်မိပါဘူး ။ ဥပမာ ခင်ဗျား အနေနဲ့ ပရီးမီးယားလိဂ် ရဲ့ အကြီးကျယ်ဆုံး ဂိုးသမားတွေ ဖြစ်ကြတဲ့ ရှမိုက်ကယ် ၊ ပီတာချက် ၊ လေမန်း ၊ ဆီးမန်း ၊ အီဒါဆင် ၊ အလီဆင် တို့ကို ကြည့်မယ် ဆိုရင် သူတို့တွေဟာ တကယ့် ချန်ပီယံတွေပါ ။ ”

” ဒီ ဂိုးသမားတွေကို သုံးသပ်ကြည့်မယ် ဆိုရင် သူတို့တွေမှာ ကလပ် အတွင်း အကောင်းဆုံး အခိုက်အတန့်တွေ ဆိုတာ အသီးသီး ရှိခဲ့ကြပါတယ် ။ ဂိုးသမား တယောက် အနေနဲ့ အသင်း ကို ကြီးကြီးကျယ်ကျယ် ကယ်တင်နိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ဆိုတာမျိုး ရှိကြပါတယ် ။ ကီပါ ဆီက ဒီလို ပုံစံမျိုး ကျွန်တော် တခါမှ မတွေ့ခဲ့ဖူးပါဘူး ။ ”

” ဆာရီ ချဲလ်ဆီး မှာ ရှိနေခဲ့တုန်းကတောင် အရမ်း ကောင်းတဲ့ လက်စွမ်းမျိုး ကျွန်တော် မမြင်ခဲ့ဖူးပါဘူး ။ တချို့ ပေးခဲ့ရတဲ့ ဂိုးတွေမှာ ဆိုရင် သူ့ အနေနဲ့ ဒီထက် ကောင်းတဲ့ ကာကွယ်မှုမျိုး လုပ်နိုင်ခဲ့သင့်ပါတယ် ။ ဒါကြောင့်မို့ သူ့နေရာ အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေရတဲ့ ချဲလ်ဆီး ဖက်ကလည်း ကျွန်တော် အပြည့်အဝ နားလည်ပါတယ် ။ ”

” ခင်ဗျား ဟာ အသင်း တိုးတက်မှု ကို လိုလားတယ် ဆိုရင် ကိုယ့်ရဲ့ ဂိုးသမား ကို ပွဲအပေါ် အပြည့်အဝ အာရုံစိုက်စေချင်မှာပါ ၊ အနည်းဆုံးတော့ ပွဲ ၅ပွဲ ၊ ၆ပွဲတိုင်းမှာ အရေးပါတဲ့ ကာကွယ်မှု ၁ခု ၊၂ခုလောက် လုပ်စေချင်မှာပါ ။ ”

” ခင်ဗျား ဟာ အသင်းကြီး တသင်း မှာ ကစားနေရတဲ့ အတွက် ဂိုးသမား တယောက် အနေနဲ့ သိပ်ပြီး အလုပ်ရှုပ်ရတာမျိုး ဖြစ်လေ့ ဖြစ်ထ မရှိပါဘူး ။ ဒါပေမယ့် အရေးကြုံလာတဲ့ အခါမှာတော့ သူ့ အနေနဲ့ ထူးခြားတဲ့ လက်စွမ်းမျိုး ပြသဖို့ လိုပါတယ် ။ ဒါမျိုး သူ့မှာ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိနေဘူး လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR