ဝီလီယံ ဟာ နည်းပြ မီခေးလ် အာတီတာ ရဲ့ အနာဂတ် စီမံကိန်းတွေကို သဘောကျ နှစ်သက်လွန်းတာကြောင့် အာဆင်နယ် ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချမှတ် ခဲ့တာ ဖြစ်တယ်လို့ အေးဂျင့် ဂျော်ရက်ချီယန် က ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝီလီယံ ဟာ ချဲလ်ဆီး အသင်း နဲ့ နှစ်နှစ် စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချပြီး အာဆင်နယ် အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဝီလီယံ ကို တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း နဲ့ သုံးနှစ် စာချုပ် ချုပ်ဆို ခဲ့တာ ဖြစ်ပြီး ဘရာဇီးသားဟာ ကျောနံပါတ် ၁၂ ကို ဝတ်ဆင် ကစားသွားမှာလည်း ဖြစ်ပါတယ် ။ ဝီလီယံ ဟာ အာဆင်နယ် နဲ့ ချဲလ်ဆီး နှစ်သင်းစလုံးမှာ ကစားဖူးတဲ့ ၁၁ ယောက်မြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ် ။

ဝီလီယံ ရဲ့ အေးဂျင့် ဖြစ်သူ ဂျော်ရက်ချီယန် ကတော့ သူ့ရဲ့ ကစားသမားဟာ ခေးလ် အာတီတာ ရဲ့ အနာဂတ် စီမံကိန်းတွေကို သဘောကျ နှစ်သက်တာကြောင့် အာဆင်နယ် ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ် ။

” ဝီလီယံ က သုံးနှစ် စာချုပ်ချုပ်ဆိုချင်တယ် ဆိုတာ လျှို့ဝှက်ထားစရာတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် အာတီတာ ရဲ့ စီမံကိန်းတွေက တကယ့်ကို ကောင်းမွန် ခဲ့ပါတယ် ၊ အာတီတာ နဲ့ အီဒူး တို့ရဲ့ စကားတွေကို သူအားရ ကျေနပ် ခဲ့ပါတယ် ။ ”

” အာတီတာ က ဝီလီယံ ကို ဘယ်လို အသုံးပြုမလဲ ၊ သူနဲ့ အတူ အောင်မြင်မှုတွေ ဘယ်လို ရယူသွားဖို့ စီစဉ် ထားသလဲ ဆိုတာ အသေးစိတ် သေချာ ပြောပြ ခဲ့တာပါ ၊ ဒါတွေကြောင့်ပဲ ဝီလီယံ တစ်ယောက် အာဆင်နယ် ကို ရောက်လာခဲ့တာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ မီ​ခေးလ် အာတီတာ ကတော့ ဝီလီယံ ကို ခေါ်ယူ ပြီးခါစ အင်တာဗျူးမှာ ” သူ(ဝီလီယံ) က ကျွန်တော်တို့ အသင်းကို ခြားနားသွားအောင် လုပ်ပေး နိုင်တယ့် ကစားသမားလို့ ထင်ပါတယ် ။ ”

” ပြီးခဲ့တဲ့ လအနည်းငယ် ကတည်းက ကျွန်တော်တို့ သူ့ကို စောင့်ကြည့် လေ့လာ နေကြတာပါ ၊ ကျွန်တော်တို့ဆီမှာ ကွင်းလယ် တိုက်စစ် နေရာနဲ့ တောင်ပံ နေရာကို အင်အား ဖြည့်တင်း ချင်တဲ့ ရည်ရွယ်ချက် ရှိတာကြောင့်ပါ ။ သူက အသင်းအတွက် သုံး ၊ လေး နေရာလောက်ကို ကစားပေးနိုင်တဲ့သူပါ ။ ”

” နောက်ပြီး သူ့မှာ အရည်အသွေးကောင်းတွေ ရှိသလို ကျွန်တော်တို့ ဆီမှာ လိုအပ်နေတဲ့ အောင်ပွဲရ ကစားသမား တစ်ဦးပါ ။ သူ့မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အတွေ့အကြုံတွေ အများကြီး ရှိနေပေမယ့် ဒီမှာ အောင်မြင်မှုတွေ ဆက်လက် ရယူဖို့ ရည်မှန်းချက်လည်း ရှိနေပါတယ် ။ အသင်းနဲ့ သက်ဆိုင်တဲ့ နေရာ ပြန်ရောက်အောင် ကူညီ ပေးဖို့ပေါ့ဗျာ ။”

” သူ့ရဲ့အရည်အသွေးကောင်းတွေကတော့ အများကြီးပါ ၊ အဲ့ထဲက တစ်ခုကတော့ နေရာကျပ်တွေထဲမှာ ကစားနိုင်စွမ်း ရှိတာရယ် ၊ ပြိုင်ဘက်တွေကို ကျော်ဖြတ် နိုင်စွမ်း ၊ ဘောလုံး နဲ့ အတူ ပြေးနိုင်စွမ်း ရှိတာပါ ၊ ဂိုးပေါက်လည်း ခြိမ်းခြောက်နိုင်သလို တည်ကန်ဘောတွေကနေလည်း ဂိုးသွင်းယူ နိုင်ပါတယ် ။ ”

” နောက်ထပ် အနေနဲ့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ပတ်သက်ပြီး ကျွန်တော် သဘောကျမိတဲ့ အချက်က ပွဲတစ်ပွဲမှာ အသင်းက ရုန်းကန် နေရတဲ့ အချိန် တာဝန်ယူစိတ် အပြည့် ရှိတာပါ ။ ဘောလုံး လက်ခံဖို့ ၊ ဘောလုံး လိုက်လုဖို့ အဆင်သင့် ရှိပြီး အသင်းအတွက် နိုင်ပွဲ ယူပေးချင်တဲ့သူမျိုးပါ ။ သူ့ကို ခေါ်လိုက်နိုင်တာက အသင်းကသူတွေ အားလုံးအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR