အာဆင်နယ် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး က မီဆွတ် အိုဇေးလ် အနေနဲ့ အသင်းမှာ ပွဲထွက် ကစားခွင့် ရဖို့ဆိုရင် လေ့ကျင့်ရေး ကွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ လိုအပ်ကြောင်း တို​က်တွန်း အကြံဉာဏ် ပေးသွား ခဲ့ပါတယ် ။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမနီ ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာ ပြီးခဲ့တဲ့ ရာသီက ကိုဗစ် ၁၉ ကြောင့် ဘောလုံးပွဲတွေ ရပ်နားရပြီးနောက် ပြန်လည် စတင်ချိန် ကတည်းကနေ ရာသီကုန်တဲ့အထိ အာဆင်နယ် အတွက် တစ်ပွဲမှ ကစားခွင့် ရရှိခဲ့ခြင်း မရှိပါဘူး ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အာဆင်နယ် အသင်းဟာ ရာသီကြို ပြင်ဆင်မှု အနေနဲ့ အက်စတွန်ဗီလာ အသင်း နဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ပြီး အဆိုပါ ပွဲမှာ အိုဇေးလ် ပါဝင် ကစားခဲ့တာကို တွေ့ရပါတယ် ။

ပွဲအပြီးမှာလည်း အိုဇေးလ် က ဆိုရှယ် မီဒီယာ ထက်မှာ လာမယ့်ရာသီအတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ် နေပြီ ဖြစ်ကြောင်း ပိုစ့်တင် ရေးသား ခဲ့ပါတယ် ။ Daily Star ကတော့ အိုဇေးလ် ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ပြန်လည် ပါဝင် ကစားခွင့် ရနိုင်ချေ ရှိတယ်လို့ ဖော်ပြလိုက်ပါတယ် ။

အီဒူး က အိုဇေးလ် ရဲ့ ပွဲထွက် ကစားခွင့် နဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့က စွမ်းဆောင်ရည်အကြောင်းပဲ အဓိက ပြောကြတာပါ ၊ လေ့ကျင့်ရေးကွင်း နဲ့ ပွဲတစ်ပွဲ အတွင်းမှာ ပြသတဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး အခွင့်အရေး ရသွားမှာပါ ၊ အာတီတာ ကလည်း ဒီအကြောင်းကို ပြောပြထားပြီးသားပါ ၊ လူတိုင်းမှာ အခွင့်အရေး ရှိပါတယ် ။ ”

” ကစားသမားတိုင်းက ဘယ်လောက် အရေးပါသလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ် ၊ ခင်ဗျားတို့ မီဆွတ် အကြောင်း ပြောတဲ့ အခါမှာ သူက ဘယ်လောက်အထိ အရေးပါခဲ့တဲ့ ထိပ်တန်း ကစားသမား တစ်ဦး ဆိုတာကို သိပါတယ် ၊ ဒါပေမယ့် အခု အသင်းမှာက စွမ်းဆောင်ရည် အကြောင်းပဲ ပြောကြပါတယ် ။ ”

” သူ(အိုဇေးလ်) သာ စွမ်းဆောင်ရည်ကောင်းကောင်း ပြသနိုင်ရင် ၊ တခြား ကစားသမားတွေလည်း လေ့ကျင့်ရေး အစီအစဉ် နဲ့ ပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသ နိုင်ရင် မီခေးလ် အာတီတာ က ပွဲထွက် လူစာရင်း ဒါမှမဟုတ် အရန်လူစာရင်းမှာ သေချာပေါက်ရွေးချယ်မှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ၊ စနေနေ့ ၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် လန်ဒန် မြို့ခံပြိုင်ဘက် ဖူလ်ဟမ် အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာ ကလည်း လာမယ့် ရာသီမှာ အသင်းသား အားလုံး အနေနဲ့ ပွဲထွက်ခွင့် အခွင့်အရေး တန်းတူ ရှိကြောင်း ပြောကြား ထားပြီး ပွဲထွက်ခွင့် နဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ တိုက်တွန်း ထားပါတယ် ။

အိုဇေးလ် ကတော့ ဖူလ်ဟမ် နဲ့ ပွဲအတွက် ကြံ့ခိုင်မှုလည်း ပြည့်နေသလို အဆင်သင့်လည်း ဖြစ်နေပေမယ့် လူစာရင်းကို နည်းပြ က ရွေးချယ်တာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် နဲ့ ပွဲမှာ ပါဝင် ကစားရဖွယ် ရှိမရှိ ကို မသိနိုင်သေးကြောင်း ပြောကြားထားပါတယ် ။

SPORTS MYANMAR