လက်ရှိ အပြောင်းအရွှေ့မှာ တန်းလန်းကြီး အဖြစ်ဆုံး နဲ့ ပရိသတ်တွေ စိတ်မရှည်ဆုံးဖြစ်ရတဲ့ ကစားသမား အပြောင်းအရွှေ့ ကို ပြပါ ဆိုရင် တီယာဂို အယ်ကန်တရာ ရဲ့ အပြောင်းအရွှေ့ကိုပဲ လက်ညှိုးထိုးရမှာပါ။

လက်ရှိ အချိန်ထိ ဘိုင်ယန်မှာပဲ ဆက်ရှိမှာလိုလို ၊ လီဗာပူး (သို့) ယူနိုက်တက် တို့ထဲက တစ်သင်းသင်းဆီကို ပြောင်းရွှေ့တော့မှာလိုလို နဲ့ ဘာမှန်းကို မသိသေးပါဘူး။

ဒီကြားထဲမှာ ဘိုင်ယန် မြူးနစ်အသင်းရဲ့ တာဝန်ရှိသူတွေ အားလုံးက တီယာဂို အတွက် ကမ်းလှမ်းမှုတွေကို တံခါးဖွင့်ပြီး ကြိုဆိုနေပါတယ်လို့ တစ်ယောက်တစ်မျိုး မရိုးနိုင်တဲ့ စကားလုံးတွေ ပြောဆိုပြီး ၊ လမ်းခင်းခဲ့ပေမယ့် ၊ အပြောင်းအရွှေ့ ကိစ္စတွေဟာ ထူးခြားကို မလာသေးတာပါ။

ဒီလို အနေအထားမျိုး ဘာကြောင့်ဖြစ်နေတာလဲ ဆိုတာ ကစားသမား ၊ ခေါ်ယူမယ့် အသင်းနဲ့ ရောင်းချမယ့် အသင်းတွေ ရဲ့သဘောထားကို ခြုံကြည့် နိုင်ဖို့ လိုပါလိမ့်မယ်။

တီယာဂို အယ်ကန်တရာ ဟာ အသက် 29 နှစ် ရှိနေပါပြီ။ ငယ်စဉ်က ဘာစီလိုနာ မှာ ကစားခဲ့သလို ၊ အခုဆိုရင်လဲ ဘိုင်ယန် မြူးနစ် မှာ 7 နှစ် ကြာအောင်အထိ ကစားပေးခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်းမှာ သူဟာ ဘိုင်ယန်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက်တောင် မျက်နှာချင်းဆိုင် ၊ စားပွဲတစ်ဝိုင်းထဲမှာ ထိုင်ခဲ့ကြပါသေးတယ်။

သို့သော် နောက်ပိုင်းမှာတော့ နယ်မြေသစ် တစ်ခုမှာ စိန်ခေါ်မှု အသစ်တွေ ထပ်မံ ရင်ဆိုင်ချင်သေးတယ် ဆိုရင် ၊ လက်ရှိ 29 နှစ် ဆိုတဲ့ အခိုက်အတန့်ဟာ နောက်ဆုံး အခွင့်အရေးမျိုး ဖြစ်နေပြီလို့ ယူဆခဲ့တာကြောင့် ၊ ဘိုင်ယန် နဲ့ ဆွေးနွေးနေတဲ့ စာချုပ်သစ် ကိစ္စကို ဖျက်သိမ်းကာ အသင်းပြောင်းမယ့် အကြောင်း အသိပေးလာခဲ့ပါတယ်။

သို့သော် သူ့ရဲ့ ကွင်းထဲက စွမ်းဆောင်ရည်တွေကတော့ လုံး၀ ကျဆင်းသွားခြင်း မရှိသလို ၊ ပိုလို့တောင် ကောင်းမွန်လာတယ်လို့ မှတ်ယူရပါတယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စာချုပ် သက်တမ်း ကုန်ဆုံးဖို့က 10 လ သာ ကျန်တော့တာ ဖြစ်လို့ ၊ ဘိုင်ယန် အနေနဲ့ လက်ရှိ အပြောင်းအရွှေ့မှာ မဖြစ်မနေ ရောင်းထုတ်မှသာ ငွေပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ပဲ နောက် 4 လ အကြာ (ဇန်နဝါရီ) ကာလမှ ရောင်းထုတ်နိုင်ခဲ့မယ် ဆိုရင် ၊ တန်းဖိုး က မဖြစ်စလောက်ပဲ ပြန်ရတော့မှာပါ။

ဒါကြောင့်လဲ တီယာဂို အတွက် ကမ်းလှမ်းလာမယ့် အသင်းတွေကို ကြိုဆိုနေတယ် ဆိုတဲ့ အကြောင်း ဘိုင်ယန် တာဝန်ရှိသူတွေ က ပုံစံအမျိုးမျိုး နဲ့ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ခေါ်ယူဖို့ အကျယ်လောင်ဆုံး ထွက်ပေါ်ထားတဲ့ အသင်းကတော့ လီဗာပူး ဖြစ်ပြီး ၊ နောက်ပိုင်းမှာ ယူနိုက်တက် ကလဲ စိတ်ဝင်စားနေတဲ့ အကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။

သို့သော် ဒီလို ဘဏ္ဍာရေး ကျပ်တည်းတဲ့ ကာလမျိုးမှာ နှစ်သင်းစလုံးက အပြိုင်အဆိုင် ကမ်းလှမ်းရအောင်အထိ မမိုက်မဲကြပါဘူး။ အထူးသဖြင့် နောက်ထပ် 4 လောက်လ သာ စောင့်လိုက်ရင် ၊ ခေါ်ယူခွင့် ရဖို့ သေချာသလောက် ဖြစ်နေတဲ့ ကစားသမား တစ်ယောက် အတွက် ၊ ဘိုင်ယန် မြူးနစ် က လိုချင်တဲ့ ယူရို သန်း 30 ဆိုတဲ့ ပမာဏမျိုးကို ပေးဖို့ ၊ ဘယ်ကလပ်ကမှ ဆန္ဒမရှိတာပါ။

ဒါကြောင့် သူတို့ဟာ ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အကြောင်း အသံသာ လွှင့်ပြီး ၊ တရားဝင် ကမ်းလှမ်းမှုတွေကို အခုချိန်ထိ ပြုလုပ်ခြင်း မရှိပဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ တစ်ဖက် ကနေ ပြန်ကြည့်မယ် ဆိုရင်လဲ နှစ်သင်းစလုံး ရဲ့ ကွင်းလယ် ကစားသမား အင်အားက အလျှင်စလို ဖြည့်တင်းဖို့ မလိုအပ်တာကြောင့် ၊ အချိန်ဆွဲပြီး စောင့်နိုင်တဲ့ အနေအထားပါ။

သူတို့ အတွက်က အပြောင်းအရွှေ့ ပိတ်ခါနီးလေလေ ၊ ဘိုင်ယန် မြူးနစ်က မဖြစ်မနေ ရောင်းရတော့မှာမို့ ဈေးလျှော့ပေးလေလေ ဆိုတဲ့ လမ်းကြောင်းကို ကြိုမြင်နေတာကြောင့် ၊ နှစ်သင်းစလုံက ရေငုံ နှုတ်ပိတ် နေကြတာ ဖြစ်ပါတယ်။

အဲဒီကနေ့မှာတော့ အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဘိုင်ယန် ဥက္ကဌဟောင်း အူလီ ဟိုးနက် ကတောင် တရားဝင် ထုတ်ပြောလာခဲ့ပြီ ဖြစ်ပြီး ၊ ပရီးမီးယားလိဂ် နှစ်သင်းစလုံးဟာ ဘိုင်ယန် က ဈေးမလျှော့ / လျှော့ပေးအောင် လုပ်ဆောင်နေကြတယ်လို့ အခုလို စွပ်စွဲသွားခဲ့ပါတယ်။

“ အနေအထားက ဖြေရှင်းဖို့ တော်တော်လေး ခက်ခဲပါတယ်။ ကျနော်တို့ ဟာ သူ့ကို 4 နှစ် စာချုပ် သက်တမ်းတိုးဖို့ အတွက်တောင် နီးစပ်ခဲ့ပြီးပါပြီ ။ ဒါပေမယ့် ရက် အနည်းငယ်ကြာတော့ သူ့စိတ်က ပြောင်းသွားပြီး ၊ စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်ချင်တယ် ဆိုပြီး ပြောလာပါတယ်။

အဲဒီ အချိန်ထိ အားလုံးက OK ပါတယ်။

ဒါပေမယ့် ကျနော် ထင်တာတော့ သူဟာ လီဗာပူး (ဒါမှမဟုတ်ရင်) ယူနိုက်တက် ၊ အဲဒီလိုမှ မဟုတ်သေးရင်း နှစ်သင်းစလုံး နဲ့ စာချုပ်ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရရှိထားပါတယ်။

အဲဒီ ကလပ် နှစ်သင်းစလုံးကတော့ ဘိုင်ယန် မြူးနစ်ဆီ တရားဝင် ဆက်သွယ်လာခြင်း မရှိသေးသလို ၊ သက်သက်မဲ့ကို ဈေးကျအောင် အချိန်ဆွဲနေတာပါ။ ကျနော့် အမြင်ပြောရရင် သူတို့ဟာ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးအထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရင်း ၊ ဘိုင်ယန် မြူးနစ် ကို မဖြစ်မနေ ရောင်းထုတ်ရမယ့် အကျပ်အတည်းမျိုးရောက်အောင် ခြိမ်းခြောက်နေသလိုပါပဲ။

ဒီအနေအထားမှာ ဘိုင်ယန် အနေနဲ့ ကိုယ့်ကိုကိုယ် ပြန် မေးခွန်းထုတ်ပြီး ၊ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ်ဖို့ လိုနေပါပြီ။

ဒီအသင်းတွေ တရားဝင် ကမ်းလှမ်းလာအောင် ဆက်ပြီးတောင် စောင့်ဆိုင်းမလား ၊ ဒါမှ မဟုတ် ကစားသမားကို အသင်းမှာ ဆက်နေရမယ် ဆိုပြီး ပြောတော့မလား ဆိုတာပါ။

ဒီပုံအတိုင်း ဆိုင်ရင် အပြောင်းအရွှေ့ လက်ကျန် အချိန်တွေဟာ တော်တေ်ာလေးကို ဇာတ်ရှိန် မြှင့်လာနိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။