လီဗာပူးဟာ ဘရားဇီး လူငယ် ဂိုးသမားလေး မာဆယ်လို ပီတာလူဂါ ကို ခေါ်ယူဖို့ အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် 7 သိန်း နဲ့ နီးစပ်နေပြီ ဖြစ်ပါတယ်။

အသက် 17 နှစ်အရွယ် ကစားသမားလေးဟာ ဖလူမီးနီးစ် အသင်းက ကစားဖော်တွေ အားလုံးကို နှုတ်ဆက်ခဲ့ပြီးပြီ ဖြစ်ပြီး ၊ ဒီတစ်ပတ်ထဲမှာပဲ လီဗာပူး ကို ရောက်ရှိ လာမှာ ဖြစ်ကာ ၊ ဆေးစစ်မှုတွေ ခံယူသွားတော့မှာပါ။

ပီတာလူဂါ ဟာ ဖလူးမီးနစ် အသင်းရဲ့ စတုတ္ထဦးစားပေး ဂိုးသမားလေး ဖြစ်ပြီး ၊ ဘရာဇီး ယူ 15 ၊ 16 ၊ 17 အဆင့်တွေမှာ ပါဝင် ကစားခွင့် ရရှိထားသူပါ။ ဇန်နဝါရီလ က ဘရာဇီး ပြည်တွင်းမှာ ကျင်းပခဲ့တဲ့ ယူ 20 လိဂ် ပြိုင်ပွဲမှာ လက်စွမ်းပြခဲ့ပြီးနောက် ၊ လီဗာပူး က သူ့ကို အရ ခေါ်ယူဖို့ စတင် အားထုတ်လာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး ဂိုးနည်းပြ အက်ချ်တာဘတ် ဟာ ပီတာလူဂါ ကို ခေါ်ယူဖို့ အတွက် အဓိကနေရာကနေ ဦးဆောင်ခဲ့သူ ဖြစ်ပြီး ၊ ယူ 17 ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့တဲ့ အသင်းမှာ ပါဝင် ကစားပေးခဲ့ ကတည်းက ကင်းထောက်တွေကို အနီးကပ် စောင့်ကြည့်ဖို့ လမ်းညွှန်ခဲ့သူပါ။ အဲဒီနောက် လက်ရှိ အသင်းရဲ့ ဂိုးသမား အလီဆွန် ရဲ့ ထင်မြင် သုံးသပ်ချက်တွေကိုလဲ မေးမြန်းခဲ့ပါတယ်။

အလီဆွန် ရဲ့ အစ်ကို ဖြစ်သူ မူရီရယ် ဟာ လက်ရှိမှာ ဖလူမီးနီးစ် အသင်းရဲ့ ဂိုးသမား တစ်ဦးဖြစ်ပါတယ်။ သူကနေ တဆင့် လူငယ် ကစားသမားလေးရဲ့ အလားအလာတွေကို အကုန်လုံး သိခွင့်ရပြီးနောက်ပိုင်းမှာတော့ အလီဆွန်ဟာ ဂိုးနည်းပြကြီး အက်ချ်တာဘတ် ကို ထောက်ခံချက်ပေးခဲ့သလို ၊ လေ့ကျင့်ခန်း အစီစဉ်တွေတောင် အတူတူ လုပ်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ပီတာလူဂါ ရဲ့ အပြောင်းရွှေ့ မြန်ဆန်စေခဲ့တဲ့ အဓိက အချက်က သူဟာ ဂျာမဏီ ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဖြစ်နေတာပါ။ ဒါကြောင့် Work Permit အတွက် ကန့်သတ်ချက်တွေ မရှိတော့ပဲ အပြောင်းအရွှေ့ ကိစ္စတွေဟာ အဆင်ပြေပြေ နဲ့ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး ဟာ သူ့ကို အနာဂတ် အတွက် ရည်ရွယ်ပြီး ခေါ်ယူခဲ့တာ ဖြစ်ပြီး ၊ ဒီနှစ် ဘောလုံးရာသီမှာတော့ ကာဘီ လေ့ကျင့်ရေးကွင်းနဲ့ မဲဝုဒ် အကြားမှာ ကူးသန်း သွားလာရင်း ၊ ပညာတွေကို လေ့လာဆီးပူးခွင့် ပေးသွားဖွယ်ရှိနေပါတယ်။ ပီတာလူဂါ ဟာ ဖလူူးမီးနီးစ် အသင်းမှာ ကတည်းက အရံ အသင်းအတွက် ပါဝင် ကစားပေးထားပြီးပြီ ဖြစ်သလို ၊ စီနီယာ အသင်းကြီးနဲ့ ပူးတွဲ လေ့ကျင့်ခွင့် ရရှိထားပြီးသားမို့ ၊ သူ့အတွက် အသင်းကြီးနဲ့ လေ့ကျင့်ခန်း ဆင်းရမှာ သိပ်ပြီး ခက်ခဲတော့မှာ မဟုတ်ပါဘူး။

လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ဟတ်ဒါဖီးတောင်း အသင်းဆီကို အငှား စေလွှတ်ခဲ့တဲ့ ပိုလန် ဂိုးသမားလေး ဂရာဘာရာ ကိုလဲ နောက်တစ်ကြိမ် အငှားချဖို့ ပြင်ဆင်နေပြီး ၊ ဘက်ဆစ်တက် ကနေ ပြန်လည် ရောက်ရှိလာတဲ့ ကာရီးယက်စ် ကိုလဲ ရောင်းထုတ်ဖို့ အတွက် ကြိုးစားနေပါတယ်။

တစ်ချိန်တည်းမှာပဲ အသင်းရဲ့ တတိယ ဦးစားပေး ဂိုးသမား အဖြစ် သတ်မှတ်ထားတဲ့ ကယ်လာဟာ အတွက်တောင် အငှားနဲ့ ကမ်းလှမ်းလာမယ့် အသင်းမျိုးရှိရင် ၊ စဉ်းစားပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ပီတာလူဂါ အနေနဲ့ အလီဆွန် နဲ့ အတူ လေ့ကျင့်ခန်း အတူတူဆင်းခွင့် ရဖို့ အခွင့်အရေးက ပိုများလို့ နေပါတယ်။

ဖလူမီးနီးစ် အသင်းကတော့ အစောပိုင်းမှာ ဂိုးသမားလေးကို ရောင်းချဖို့ အစီအစဉ် မရှိပေမယ့် ၊ ဘဏ္ဍာရေး လိုငွေပြလို့ အရောင်းစာရင်း တင်လိုက်ရတာ ဖြစ်ကာ ၊ လီဗာပူး က ချက်ခြင်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။

ပြောင်းရွှေ့ကြေး ပမာဏဟာ ကနဦး အနေနဲ့ ပေါင် 7 သိန်း ပေးရမှာ ဖြစ်ပြီး ၊ စွမ်းဆောင်မှုပိုင်း ဆိုင်ရာ ထပ်မံ ပေးချေမှုတွေ ပါ ပေါင်းစပ်လိုက်မယ် ဆိုရင် ပေါင် 1.8 သန်း အထိ ကုန်ကျဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ပြန်လည်ရောင်းချခဲ့ပါက 25% ကို ဖလူမီးနီးစ် အသင်းထံ ဆက်ပြီး ပေးချေရဦးမှာပါ။