ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ ဇွန်လ အတွင်း မှာ ရက်ဒ်ဘူးလ် လစ်ပ်ဇစ် အသင်း ကနေ ချဲလ်ဆီး အသင်း ကို ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရခဲ့ပါတယ် ။ ဗာနာ ဟာ ချဲလ်ဆီး အသင်း မှာ တပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ ရရှိနေပြီး ၊ ၅နှစ် စာချုပ်ချုပ်ဆို ထားပါတယ် ။

ဗာနာ ဟာ ချဲလ်ဆီး ရဲ့ ကမ်းလှမ်းမှု ကို မရခဲ့ခင် က လီဗာပူး အသင်း နဲ့ သတင်း အတော်လေး ထွက်နေခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ခဲ့ပေမယ့် ၊ လီဗာပူး အသင်း မှာ ပုံမှန် ပွဲထွက်ခွင့် မသေချာခြင်း ၊ လီဗာပူး ဖက်က လစ်ပ်ဇစ် အသင်း မှ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး အတိအကျ ပေးချေဖို့ ဆန္ဒ မရှိခြင်းတွေကြောင့် ဆွေးနွေးမှု က ဘာမှ မထူးခြားခဲ့ပါဘူး ။

အဲ့ဒီနောက် ချဲလ်ဆီး အသင်း ဟာ ဗာနာ ကို ပိုမို ကြီးကျယ်တဲ့ ကမ်းလှမ်းမှုတွေ အပြင် ၊ အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပိုမို ဆွဲဆောင်နိုင်ခဲ့သလို ၊ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် နဲ့ နည်းစနစ် ဒါရိုက်တာ ပီတာချက် တို့နဲ့ ဆွေးနွေးမှုတွေ အပြီးမှာတော့ ဗာနာ ဟာ ချဲလ်ဆီး သို့ ပြောင်းရွှေ့ဖို့ ရာနှုန်းပြည့် ဆုံးဖြတ်ချက် ပြတ်သားခဲ့ပါတယ် ။

ှဗာနာ ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ည က ကစားခဲ့တဲ့ ဘရိုက်တန် အသင်း နဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲမှာ ပွဲအစ အဆုံး အပြည့်အဝ ပါဝင် ကစားခွင့် ရခဲ့ပြီး ၊ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အထူး ခြေစွမ်းပြသနိုင်ခဲ့ပါတယ် ။ လာမယ့် တနင်္ဂနွေနေ့မှာ ဗာနာ ဟာ ၎င်း ငြင်းပယ်ခဲ့တဲ့ လီဗာပူး အသင်း နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ။

ယနေ့ ညနေက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဗာနာ ဟာ ချဲလ်ဆီး အသင်း ကို ရွေးချယ်ခဲ့ခြင်း ဟာ ၎င်းအတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ၊ လီဗာပူး အပြင် တခြား ထိပ်သီး ကလပ် တချို့ ရဲ့ ကမ်းလှမ်းမှု ကို ရရှိခဲ့ပေမယ့် ချဲလ်ဆီး အသင်း ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်း တချို့ ကိုလည်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ဗာနာ က ” ကျွန်တော် ဟာ ဆုဖလားတွေ ဆွတ်ခူးဖို့ ချဲလ်ဆီး ကို ရောက်ရှိလာခဲ့တာပါ ။ ချဲလ်ဆီး ဟာ ဆုဖလား တွေကို အမြဲတမ်း အလိုရှိနေတဲ့ အသင်းကြီး တသင်း ဖြစ်ပြီး ၊ ကျွန်တော် ကတော့ ကစားမယ့် ပွဲတိုင်းကို အနိုင်ရလိုတဲ့ ကစားသမား တယောက်ပါ ။ အဆုံးမှာ ကျွန်တော်တို့ဟာ ဆုဖလား တွေ ရယူလိုတယ် ဆိုတာ ရှင်းနေပါတယ် ။ ”

” မနှစ်က ကျွန်တော်တို့ဟာ ဘာ ဆုဖလား မှ မရခဲ့ပေမယ့် ၊ အခုတော့ ကျွန်တော်တို့မှာ တောင့်တင်းတဲ့ ကစားသမား အင်အား ရှိနေသလို ၊ နောက်ထပ် အချိန် အတိုင်းအတာ တခု အထိ ဆက်လက် တိုးတက်နေဦးမယ့် လူငယ် ကစားသမား အစုအဖွဲ့လည်း ရှိနေပါတယ် ။ ”

” လစ်ပ်ဇစ် အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးနောက် မတူညီတဲ့ ကလပ် အသင်း တချို့ နဲ့ ဆွေးနွေးခဲ့ဖူးပါတယ် ။ ဟုတ်ပါတယ် ။ ဒီအထဲမှာလည်း ချဲလ်ဆီး လည်း တသင်း အပါအဝင်ပါ ။ အခုအချိန်မှာတော့ ကျွန်တော် ဟာ တခြား ကလပ် အသင်းတွေနဲ့ အပြောင်းအရွှေ့ အကြောင်း ဆွေးနွေးခဲ့တာတွေကို ပြန်မပြောချင်တော့ပါဘူး ။ ဘာလို့လဲဆိုတော့ အဆုံးမှာ ကျွန်တော် ဟာ ချဲလ်ဆီး ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့လို့ပါ ။ ”

” ဟုတ်ပါတယ် ။ လီဗာပူး နဲ့ တခြား ကလပ်တွေဆီကလည်း ကမ်းလှမ်းမှုတွေ ရှိခဲ့တာပေါ့ ။ ကျွန်တော် ဟာ တခြား ကလပ်တွေမှာလည်း အံဝင်နိုင်ပါတယ် ။ ဒါပေမယ့် အဆုံးမှာ ကျွန်တော် ဟာ ချဲလ်ဆီး ကိုပဲ ရွေးချယ်ခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော့ အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့လို့ပါ ။ ”

” ဘောလုံး ကစားပုံ စတိုင်လ် သာမက ၊ သူတို့ ပြသခဲ့တဲ့ အနာဂတ် အစီအစဉ်တွေကြောင့်လည်း ချဲလ်ဆီး အသင်း ကို ရွေးချယ် ဖြစ်ခဲ့ပါတယ် ။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပေမယ့် ၊ ဒီ ဆုံးဖြတ်ချက် ကို ချနိုင်ခဲ့လို့ ၊ အရမ်းလည်း စိတ်လှုပ်ရှားနေသလို ၊ ဂုဏ်လည်း ယူနေပါတယ် ။ ”

” အခုဆို ကျွန်တော် ဟာ ချဲလ်ဆီး အသင်း မှာ နေထိုင်နေတာ တလခန့် ရှိလာပြီ ဖြစ်သလို ၊ ဒီ ကို ပြောင်းလာတာ ကျွန်တော့ အတွက် မှန်ကန်မှု ရှိတယ် လို့လည်း ခံစားရပါတယ် ။ ဒီ အသင်း ဟာ လုံးဝ အံ့သြဖွယ် ကောင်းသလို ၊ ဒီမှာ အရည်အသွေးမြင့် ကစားသမားကောင်းတွေလည်း အများကြီး ရှိပါတယ် ။ ”

” ချဲလ်ဆီး အသင်းသား တယောက် ဖြစ်ရတာ ၊ ချဲလ်ဆီး အသင်း ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခု အနေနဲ့ ပါဝင်ရတာကို ကျွန်တော် ပျော်ရွှင် ဝမ်းသာမိပါတယ် ။ နောက်လတွေ ၊ နောက်နှစ်တွေ အထိ ကျွန်တော်တို့ အတူတူ အောင်မြင်မှုတွေကို အတူတကွ စွမ်းဆောင်နိုင်မယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR