လက်ရှိ အပြောင်းအရွှေ့ စတင် ဖွင့်လှစ်ချိန် ကတော့ စပါးက ပေါင် သန်း 100 ကျော်တန်တွေ ခေါ်ယူ နိုင်လောက်တဲ့ အထိ အင်အားမျိုး မရှိဘူးလို့ နည်းပြ မော်ရင်ဟို ကိုယ်တိုင် ပြောဆိုခဲ့သလို ၊ ဗိုင်းရပ် ကိစ္စကြောင့်လဲ အနှုတ်ပြသွားမယ့် ဝင်ငွေ ပမာဏ ဟာ ပေါင် သန်း 200 အထိ ခန့်မှန်း ထားတယ်လို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။

2020-2021 ဘောလုံးရာသီ စတင်လို့ ပွဲစဉ် 1 ပွဲပဲ ကစားရပြီးချိန်မှာပဲ စပါးဟာ ဘောလုံးသမိုင်းကြောင်းထဲက ဈေးအကြီးဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရဖူးသူ ကစားသမား တစ်ယောက် ကို ခေါ်ယူဖို့ အတွက် လက်တစ်ကမ်း အလိုကိုတောင် ရောက်ရှိနေပါပြီ။

အဲဒီ ကစားသမားဟာ စပါး ကိုယ်တိုင်ကလဲ ယူရို သန်း 100 နဲ့ ရီးရဲ မက်ဒရစ် ဆီကို ရောင်းချခဲ့ဖူးတဲ့ ဂါရတ်ဘေးလ် ဖြစ်ပြီး ၊ နောက်ဆုံး 4 နှစ် အတွင်းမှာ သူ့ရဲ့ လစာ ပမာဏ က တစ်ပတ် အတွက် ပေါင် 600000 (အခွန် မဆောင်မီ) အထိ ရှိခဲ့ပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်တွေ များလွန်းလို့ ဘဏ်ကနေတောင် အတိုးနည်းနည်း နဲ့ ပိုက်ဆံချေးထားရတဲ့ စပါးဟာ ဘယ်လို ဗျူဟာတွေ သုံးပြီး ဘေးလ်ကို ခေါ်ယူဖို့ ကြိုးစားနေတာလဲ ဆိုတာ က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

ပရိသတ်တွေ နားလည်ထားသင့်တာက ဘေးလ်ဟာ ကမ္ဘာကျော် ဘောလုံးသမား တစ်ယောက် ဖြစ်နေသည့်တိုင်အောင် ၊ ထင်ထားသလို ဈေးကြီးတဲ့သူ မဟုတ်တော့ပါဘူး။ သူ့အတွက် စပါး က ရလိုက်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ နဲ့ အခု ပြန်လည် ကုန်ကျမယ့် စာရိတ်ကို ယှဉ်ကြည့်လိုက်မယ် ဆိုရင် မိုး နဲ့ မြေ လောက်တောင် ကွာခြားနေပါပြီ။

စပါး နဲ့ နီးစပ်တဲ့ သတင်းတွေ အားလုံးကတော့ ဘေးလ် ကို ခေါ်ယူဖို့ ဆွေးနွေးနေတာ အတော်လေး ခရီးရောက်နေပြီ ဆိုပေမယ့် ၊ လစာပေးချေမှု ပမာဏ ကို အကုန်လုံး ပေးမှာ မဟုတ်ဘူးလို့ အတည်ပြုပေးထားပါတယ်။

ဒါ့အပြင် ကနဦး အငှား တစ်နှစ် + (အပြီးသတ် ခေါ်ယူနိုင်မယ့် ပမာဏ ကို ဆွေးနွေးလျှက် ရှိ) နဲ့ ခေါ်ယူမှာ ဖြစ်သည့်တိုင်အောင် ၊ အခြား နာမည်ကြီး ကစားသမားတွေလို အငှားချခ ပေးချေစရာလဲ မလိုပြန်ပါဘူူး။

ဘေးလ် ရဲ့ လက်ရှိ လုပ်ခ လစာက အခွန် မဆောင်မီ တစ်ပတ်စာ ပေါင် 600000 ရှိပါတယ်။ စပါး ကတော့ အဲဒီ ရဲ့ တစ်ဝက်ကို ပေးချေရမှာ ဖြစ်သလို ၊ ရီးရဲ မက်ဒရစ် က တစ်ဝက် ပေးချေမှာပါ။

ဒီပမာဏ ကတောင် လက်ရှိ စပါးမှာ လစာ အများဆုံး ရရှိနေတဲ့ ကိန်း နဲ့ အန်ဒွန်ဘီလီ တို့ (ပေါင် 200000) ထက် ၊ 100000 တိတိ ပိုများလို့ နေပါတယ်။ စပါးဟာ အဲဒီ စကေးနှုန်း အတိုင်း ပေးချေရမယ် ဆိုရင်တောင် ၊ ဘေးလ် အတွက် တစ်နှစ်စာ ကုန်ကျစာရိတ် က ပေါင် 12 သန်း အထိ ရှိမှာပါ။

သို့သော် ဒီပမာဏဟာ အန်ဒွန်ဘီလီ ကို ခေါ်ယူလို့ ကုန်ကျလိုက်ရတဲ့ စာရိတ်ထက် အများကြီး သက်သာလို့ နေပါတယ်။ လီယွန် ကွင်းလယ် ကစားသမားကို ခေါ်ယူစဉ်က ကနဦး ပေးချေမှု ပေါင် 55 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ပေးချေမှု ပေါင် 10 သန်း ပေးလိုက်ရသလို ၊ ချုပ်ဆိုခဲ့တဲ့ 6 နှစ် စာချုပ် အတွက်လဲ ၊ တစ်ပတ် လုပ်ခ ပေါင် 200000 ပေးချေရလျှက် ရှိနေပါတယ်။

သူ့ရဲ့ ကုန်ကျစာရိတ်ကို တွက်ကြည့်မယ် ဆိုရင် လစာ 6 နှစ်စာ အတွက်က ပေါင် သန်း 60 + အပြောင်းအရွှေ့ ကုန်ကျစာရိတ် က 65 သန်း = 125 သန်း အထိတောင် ရှိနေတာပါ။ အဲဒီ ကိန်း ဂဏန်းတွေကြောင့်ပဲ ပြင်သစ်သားကို ချက်ခြင်း ရောင်းထုတ်ဖို့ ပြင်ဆင်နေတာတောင် အကောင်အထည် ပေါ်ခြင်း မရှိသေးပါဘူး။

ဘေးလ် အတွက် ဒီရာသီ ခေါ်ယူတဲ့ ကုန်ကျစာရိတ်ဟာ စပါး ရဲ့ ရရှိလာနိုင်တဲ့ အောင်မြင်မှုတွေကိုပါ ထည့်တွက်လိုက်မယ် ဆိုရင် ပေါင် 15 သန်း အထိတော့ ရောက်ရှိသွားနိုင်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ရီးရဲ မက်ဒရစ် နောက်တန်း ကစားသမားလေး ရီဂူလင် ကို ပေါင် 27 သန်း ဝန်းကျင် နဲ့ ခေါ်ယူဖို့လဲ အရမ်းကို နီးစပ်နေပြန်ပါတယ်။ ရီဂူလင် ဟာ ဒီရာသီ စပါး သုံးစွဲခဲ့တဲ့ အပြောင်းအရွှေ့ အသုံးစာရိတ်တွေ ထဲမှာ ဈေးအကြီးဆုံး လို့ ပြောရမှာပါ။

ဆောက်သမ်တန် က ကွင်းလယ် ကစားသမား ဟိုဘီယာ့ ကို ခေါ်ယူထားခဲ့ပေမယ့် ၊ နောက်တန်း ကစားသမားလေး ဝေါ်ကာ နဲ့ အလဲအထပ် လုပ်တာ ဖြစ်သလို ၊ အလိုက်ဈေး က ပေါင် 5 သန်း သာ ပေးထားရပါတယ်။ ဒါ့အပြင် ဝုဖ် နဲ့ စာချုပ် သက်တမ်း 3 နှစ် အထိ ကျန်နေသေးတဲ့ ဒိုဟာတီ ကို ပေါင် 15 သန်း နဲ့သာ ခေါ်ယူနိုင်ခဲ့သလို ၊ ဝါရင့် ဂိုးသမားကြီး ဂျိုးဟတ် ကိုတော့ အလွတ်ကြေး စာချုပ် ချုပ်ဆိုထားတာပါ။

ဒါကြောင့် စပါး ရဲ့ လက်ရှိ အပြောင်းအရွှေ့ အသုံးစာရိတ်ဟာ ပေါင် သန်း 50 ထက် မပိုတဲ့ ပမာဏမျိုး သုံးစွဲကာ မော်ရင်ဟို ရဲ့ စိတ်တိုင်းကျ အသင်းဖြစ်အောင် ပြောင်းလဲ တည်ဆောက်လျှက် ရှိနေတယ် ဆိုတာတော့ သေချာပါတယ်။ ဒီကြားထဲမှာ အသင်းရဲ့ ကစားသမား တစ်ဦးတစ်ယောက်မျှ ရောင်းချခြင်း မရှိပဲ နဲ့ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်လို့ လီဗိုင်း ရဲ့ ခြေလှမ်းတွေကို အသိအမှတ်ပြုပေးရမှာပါ။

ဂါရတ် ဘေးလ် ဆိုရင် ပရိသတ်တွေ ကျေနပ်ကြမယ့် ခေါ်ယူမှုမျိုး ဖြစ်သလို ၊ မော်ရင်ဟို ရဲ့ တန်ပြန် တိုက်စစ် ပုံဖော်မှုတွေ အတွက်လဲ အဓိက လက်နက်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

SPORTS MYANMAR