ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး တီမို ဗာနာ ဟာ Common Goal ဆိုတဲ့ လူမှုအဖွဲ့အစည်း အတွက် တအပ်တအား ပါဝင်တဲ့ အနေနဲ့ သူ့ရဲ့ လုပ်အား လစာထဲက အနည်းဆုံး ၁ ရာခိုင်နှုန်း ကို ကလေးသူငယ် အလွဲသုံးစားအမှု ပပျောက်ရေး နဲ့ ဆက်စပ်တဲ့ ရည်ရွယ်ချက်နဲ့ ပါဝင်လှူဒါန်းကာ စတင် ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ် ။

ဒါဟာ ချဲလ်ဆီး ကစားသမားတွေထဲမှာ ဒီ အဖွဲ့အစည်း ထံ စတင် ဝင်ရောက်ခဲ့တဲ့ ပထမဆုံး ကစားသမား အဖြစ် ဗာနာ တယောက် မှတ်တမ်းဝင်ခဲ့ပါတယ် ။ ဒီ လူမှုရေး အဖွဲ့အစည်းမှာ နာမည်ကြီး ဘောလုံးစတား တွေ ဖြစ်ကြတဲ့ ပေါ်လို ဒီဘားလား ၊ ဟွမ်မာတာ ၊ ဆာ့ဂျ် နာဘရီ အစရှိတဲ့ သူတွေ ပါဝင်သလို ၊ လီဗာပူး နည်းပြ ယာဂင် ကလော့ပ် ၊ လစ်ပ်ဇစ် နည်းပြ ဂျူလီယန် နာဂယ်စ်မန်း တို့လည်း ပူးပေါင်း ပါဝင်ထားတာကို တွေ့ရပါတယ် ။

တီမို ဗာနာ ဟာ ချဲလ်ဆီး အသင်း မှာ တပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ ရရှိနေပြီး ၊ ဒီအထဲက ၁ ရာခိုင်နှုန်း ကို ဒီလို လူမှုရေး အဖွဲ့အစည်း တခုထဲကို စတင် လှူဒါန်းလိုက်တာက မွန်မြတ်တဲ့ လုပ်ရပ် လို့ ဆိုရပါမယ် ။ ဒီ Common Goal အဖွဲ့အစည်း ကို အမျိုးသား ဘောလုံးသမား တွေသာမက အမျိုးသမီး ဘောလုံးသမား တွေလည်း တတပ်တအား ပါဝင်ထားကြပါတယ် ။

အမေရိကန် အမျိုးသမီး ဘောလုံး ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ မီဂန် ရက်ပီးနိုး ၊ အဲလက်စ် မော်ဂန် ၊ ချဲလ်ဆီး အမျိုးသမီး အသင်း က ဆိုရင် မဂ်ဒါ အဲရစ်ဆင် ၊ ပါနဲလ် ဟာဒါ တို့လည်း ပူးပေါင်း ပါဝင်ထားကြပါတယ် ။

ဒီအဖွဲ့အစည်း သို့ ဝင်ဖြစ်ခဲ့ပုံ နဲ့ ပတ်သက်ပြီး ဗာနာ က ” ချဲလ်ဆီး အသင်း ကို ပြောင်းရွှေ့နိုင်ခဲ့တာ က ကျွန်တော့ ရဲ့ အိပ်မက် တခု ကို စတင် အကောင်အထည် ဖော်နိုင်ခဲ့တာပါ ။ ဒီအတွက် ကျွန်တော် အရမ်း ဂုဏ်ယူ ဝမ်းသာမိပါတယ် ။ ”

” တချိန်တည်းမှာပဲ ကမ္ဘာ တလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လူသား အားလုံး ကိုယ်စီ အသက် ရှင်သန်ရေး အတွက် ရုန်းကန် ကြိုးစားနေကြသလို ၊ ဒီ ဗိုင်းရပ်စ် ကပ်ဘေး ရဲ့ နောက်ဆက်တွဲ အခက်အခဲတွေကို အမြန်ဆုံး တွန်းလှန်နိုင်ဖို့ လုပ်ဆောင်နေကြတာကို ကျွန်တော် သတိထားမိပါတယ် ။ ”

” ဒါကြောင့်မို့ Common Goal အဖွဲ့အစည်း ကနေ ကျွန်တော် တတ်နိုင်တဲ့ဖက်က အကောင်းဆုံး ကူညီပေးဖို့ ဆုံးဖြတ်လိုက်တာပါ ။ ဒီ အဖွဲ့အစည်း နဲ့ ပတ်သက်ပြီး တခု ကောင်းတာ က ကိုယ့်ရဲ့ အလှူငွေတွေကို ကိုယ်နှစ်သက်တဲ့ အခန်းကဏ္ဍ တွေမှာ လှူပေးလို့ ရတာပါ ။ ”

” ဒီ အစီအစဉ် တွေက ကျွန်တော့ ကို စိတ်လှုပ်ရှားစေပြီး ၊ အရင် စတုဂတ် နဲ့ လစ်ပ်ဇစ် အသင်း တွေမှာ ကစားခဲ့တုန်းကလည်း ကျွန်တော် ဟာ ဒီလို လူမှုကူညီရေး အသင်း တွေမှာ ပါဝင်ဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ် ။ နာမည်ကြီး ဘောလုံးသမား များများ ပူူးပေါင်းလာနိုင်လေလေ ၊ Common Goal အဖွဲ့အစည်း အတွက် ရန်ပုံငွေ ပိုရလေလေပါပဲ ။ ”

” အကယ်၍ ပရိသတ် တဦး က တီမို ဗာနာ ကြောင့် ၁၀ ယူရိုလောက် လှူဒါန်းခဲ့တယ် ဆိုရင် ဒါဟာ ကျွန်တော့ အတွက် ပီတိဖြစ်စရာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR