Super Sunday ရဲ့ အစောဆုံး ပွဲစဉ် ဖြစ်တဲ့ ဆောက်သမ်တန် နဲ့ တော့တင်ဟမ် အသင်း ပွဲမှာ ဧည့်သည် တော့တင်ဟမ် အသင်းဟာ ဆွန် နဲ့ ဟာရီကိန်း တို့ရဲ့ အံ့ဖွယ် အတွဲအဖက် ၊ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ ငါးဂိုး နှစ်ဂိုး နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။

တော့တင်ဟမ် အသင်း အတွက် သွင်းဂိုးတွေကိုတော့ ဆွန်ဟောင်မင် တစ်ဦးတည်းက လေးဂိုး ၊ ဟာရီကိန်း က တစ်ဂိုး သွင်းယူ ပေးခဲ့တာပါ ။ ဆွန်ဟောင်မင် အတွက် သွင်းဂိုးလေးဂိုးစလုံးကို ဟာရီကိန်း တစ်ဦးတည်းက ဖန်တီး ပေးခဲ့တာပါ ။

ဆွန် အတွက်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် စူပါ ဟက်ထရစ် ရယူ နိုင်ခဲ့တာ ဖြစ်ပြီး ဟာရီကိန်း ဟာလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားသမား တစ်ဦးတည်း အတွက် သွင်းဂိုး လေးဂိုး ဖန်တီး ပေးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

ပွဲအပြီးအင်တာဗျူးမှာတော့ တော့တင်ဟမ် အသင်း နည်းပြ မော်ရင်ဟို က ဆွန်ဟောင်မင်ဟာ သွင်းဂိုး လေးဂိုး အထိ သွင်းယူပြီး ခြေစွမ်းပြခဲ့ပေမယ့် ဒီနေ့ပွဲ အတွက် သူ့ရဲ့ အကောင်းဆုံး ကစားသမားဆုရှင်ကတော့ ဟာရီကိန်း ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဒါ့အပြင် မော်ရင်ဟို က ဒုတိယပိုင်းမှာ လူစားဝင်လာပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ခဲ့ကြတဲ့ လိုဆယ်လို နဲ့ လာမယ်လာ တို့ကိုလည်း ချီးကျူး သွားခဲ့ပါတယ် ။

မော်ရင်ဟို က BT Sport နဲ့ အင်တာဗျူးမှာ ” ဒုတိယပိုင်းမှာ ကျွန်တော်တို့ အသင်း ကစားတာ အမှန်တကယ် ကောင်းမွန် ခဲ့ပါတယ် ၊ ပွဲအစမှာလည်း ကစားပုံ သိပ်မဆိုးခဲ့ပါဘူး ၊ သွင်းဂိုး တစ်ဂိုးက လူကျွံဘောကြောင့် ပယ်ဖျက် ခံခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ ပွဲစ ကစားပုံက အတော်အတန် ကောင်းမွန်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ပထမပိုင်း ပွဲကစားချိန် ကြာလာတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ် နိုင်ခြင်း မရှိတော့ပါဘူး ၊ ပြိုင်ဘက် တိုက်စစ်မှူးတွေက ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပါတယ် ၊ သူတို့ကို ကောင်းကောင်း မထိန်းချုပ် နိုင်ခဲ့ပါဘူး ။ ”

” ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဂိုးက မနှစ်က ပေးလိုက်ရတဲ့ ဂိုးနဲ့ ပုံစံတူ ပါပဲ ၊ အဝေးဘော ပေးပို့မှု ကနေ ရလာတဲ့ ဘောလုံးကို ဒန်နီအင့်စ် က နောက်ခံလူ နှစ်ဦးကြားထဲ ကန်သွင်း သွားခဲ့တာပါ ။ ”

 

” ဒုတိယပိုင်းမှာတော့ အသင်းက ပေါက်ကွဲအား ကောင်းကောင်း အရှိန်အဟုန် ကောင်းကောင်း နဲ့ ကစားနိုင်ခဲ့ပါတယ် ၊ လူစားဝင် ကစားသမား နှစ်ဦးကလည်း ကောင်းခဲ့ပါတယ် ၊ ပလောပ့်ဒစ်ဖ် ပွဲကလို ပုံစံပါပဲ ၊ အရန်ခုံက ကစားသမားတွေ အသင်းကို ကူညီချင်စိတ်ရှိကြတာကို သဘောကျမိပါတယ် ၊ ဂျီယို(လိုဆယ်လို) နဲ့ အဲရစ် (လာမယ်လာ) တို့က အသင်းကို ကူညီ ပေးခဲ့ကြပါတယ် ။ ”

” ဆွန်နီ ရဲ့ ခြေစွမ်းက တကယ့်ကို on fire ဖြစ်နေခဲ့ပေမယ့် ကျွန်တော့် အတွက် အကောင်းဆုံး ကစားသမားကတော့ ဟာရီကိန်းပါပဲ ၊ သူ အသင်းအတွက် လုပ်ပြခဲ့တဲ့ အရာတွေကြောင့်ပါ ၊ လူ​တွေက တိုက်စစ်မှူးဆို ဂိုးသွင်းရမယ်လို့ပဲ တွေးနေကြတာပါ ။ ”

” တစ်ခါတစ်လေမှာလည်း တိုက်စစ်မှူး တစ်ဦးက တိုက်စစ် အစု အဖွဲ့ ပိုမို ကောင်းမွန်လာအောင် ကူညီ ပေးဖို့ လိုအပ်ပါတယ် ၊ ကိန်းက နောက်အထိ ပြန်ဆင်းပြီး ဘောလုံးတွေ လက်ခံခဲ့သလို ဆွန်နီ အတွက် နေရာလွတ်တွေ ရှာဖွေ ပေးခဲ့ပါတယ် ၊ ကျွန်တော်တို့ ပြိုင်ဘက် အသင်း ပြဿနာ တက်သွားအောင် ဖန်တီး နိုင်ခဲ့ပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SPORTS MYANMAR