ဖာနန်ဒိုတောရက်စ်ဟာ ချဲလ်ဆီး နဲ့ လီဗာပူး ကစားသမားဟောင်းတွေ ပေါင်းစပ် ထားတဲ့ အကောင်းဆုံး အသင်းကို ရွေးချယ် ပေးလိုက်ပြီး ဒီထဲမှာ အန်ဖီး ကြယ်ပွင့်ဟောင်း ၆ ဦးထိ ပါဝင် လာခဲ့ပါတယ်။ ဒါ့အပြင် စပိန် တိုက်စစ်မှုးဟောင်းဟာ အီဒင်ဟာဇက်ကို ကျော်ကာ ယိုစီဘီနာယောင် ကိုလည်း ရွေးချယ် သွားခဲ့ပါတယ်။

တောရက်စ်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က အက်သလက်တီကို မက်ဒရစ် ကနေ လီဗာပူးကို ပေါင် ၂၇ သန်း နဲ့ ပြောင်းရွေ့ လာခဲ့တာ ဖြစ်ပြီး အန်ဖီးမှာ ကစားခဲ့တဲ့ ၄ နှစ်မှာ သူ့ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန်ကို ပိုင်ဆိုင် ခဲ့ပြီး ၂၀၁၁ ခုနှစ် မှာတော့ ပြိုင်ဘက် ချဲလ်ဆီးကို ပေါင်သန်း ၅၀ နဲ့ အံ့အားသင့်ဖွယ် ပြောင်းရွေ့ သွားခဲ့ပါတယ်။

တောရက်စ်ဟာ လီဗာပူး နဲ့ ချဲလ်ဆီး တို့မှာ တကယ့် ထိပ်တန်း ကစားသမားတွေနဲ့ တွဲဖက် ကစား ခဲ့ပြီး ဒီထဲမှာ အထင်ရှားဆုံး ဖြစ်ခဲ့တာ ကတော့ ၎င်းနဲ့ စတီဗင်ဂျာရတ် တို့ရဲ့ အလွန် အတွဲညီတဲ့ တိုက်စစ် အတွဲပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဒီအသင်းမှာ ပါဝင် လာခဲ့တာ အံ့အားသင့်ဖို့ မရှိပေမယ့် တောရက်စ်ဟာ တိုက်စစ်ပိုင်းမှာ သူ့ကိုယ်သူတော့ မရွေးချယ် ခဲ့ပါဘူး။

အဲဒီအစား စပိန် တိုက်စစ်မှုးဟောင်းဟာ ချဲလ်ဆီး ဂန္တဝင် ဒီဒီယာဒရော့ဘာ နဲ့ အတူ တောင်ပံ တစ်ဖက်တစ်ချက်မှာ အီဒင်ဟာဇက်ကို အံ့အားသင့်ဖွယ် ချန်လှပ်ပြီး လီဗာပူး ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဒါးကောက် နဲ့ ဘီနာယောင် တို့ကို ရွေးချယ် သွားခဲ့ပါတယ်။

တောရက်စ်က “ဒီအသင်းမှာ ပါဝင်ဖို့ ထိုက်တန်တဲ့ ကစားသမားကောင်းတွေ အများကြီး ရှိနေ ပေမယ့် သူတို့ကို မဖြစ်မနေ ချန်လှပ် ပစ်ခဲ့ရတဲ့ အတွက် ကျွန်တော် ဝမ်းနည်းမိ ပါတယ်။ ကျွန်တော့် အနေနဲ့ အီဒင်ဟာဇက် ၊ ဟွမ်မာတာ ၊ ပီတာချက် နဲ့ အခြား ထိပ်တန်း ကစားသမား တော်တော်များများကို အရန်ခုံမှာ ထားခဲ့ ရပါတယ်။ ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ လီဗာပူး နဲ့ ချဲလ်ဆီး တို့လို ကျွန်တော် ကစားခဲ့တဲ့ ထိပ်တန်း အသင်းတွေက ကစားသမား တွေကို ရွေးချယ် ရတာ ဖြစ်လို့ပါပဲ။

ကျွန်တော် ရွေးချယ်လိုက်တဲ့ အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ဘယ်နှစ်မှာ မဆို ဆွတ်ခူး နိုင်စွမ်း ရှိတဲ့ လုံလောက်တဲ့ အရည်အသွေး ရှိပါတယ်။ ဒီအသင်းကို ကြည့်ပြီး ကျွန်တော် ပြောနိုင်တဲ့ အရာ တစ်ခု ကတော့ ကျွန်တော်ဟာ လီဗာပူး နဲ့ ချဲလ်ဆီး တို့မှာ ကစား ခဲ့တဲ့ အချိန် အတောအတွင်း ကြီးကြယ်တဲ့ ကစားသမား အများကြီး နဲ့ တွဲဖက် ကစားခွင့် ရတာ ကံကောင်း ပါတယ်။” လို့ ပြောခဲ့ပါတယ်။

တောရက်စ်ဟာ သူ့အသင်းရဲ့ ကွင်းလယ်ပိုင်း မှာတော့ ဂျာရတ် နဲ့အတူ သူ့ရဲ့ တစ်နိုင်ငံတည်းသာ ဇာဗီအလွန်ဆို နဲ့ အခု ချဲလ်ဆီး မန်နေဂျာ ဖြစ်နေတဲ့ ဖရန့်လမ်းပတ် တို့ကို ထည့်သွင်း ခဲ့ပါတယ်။ ခံစစ်ပိုင်း မှာတော့ ချဲလ်ဆီး ကစားသမားဟောင်းတွေ လွှမ်းမိုး ခဲ့ပြီး နောက်တန်း ၄ ယောက်ရဲ့ ၃ နေရာကို ဂျွန်တယ်ရီ ၊ အက်ရှ်လေကိုး နဲ့ ဘရန်နီဆလပ် အီဗန်နိုဗစ် တို့က ရယူ ခဲ့ပြီး လီဗာပူးက ဆမ်မီဟစ်ပီယာပဲ ပါဝင် ခဲ့ပါတယ်။

ဂိုးသမား နေရာမှာတော့ တောရက်စ်ဟာ ပီတာချက်ကို လျစ်လျူရှုကာ သူ့ရဲ့ တစ်နိုင်ငံတည်းသော ပီပီရိန်နာကို ရွေးချယ် သွားခဲ့ပါတယ်။ အီဒင်ဟာဇက် လိုမျိုး ထိပ်တန်း ကြယ်ပွင့် အချို့ကို ကျော်ကာ ချဲလ်ဆီး နဲ့ လီဗာပူး ၂ သင်းစလုံးမှာ ကစားခဲ့သူ ဘီနာယောင်ကို ရွေးချယ် ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး တောရက်စ်က “သူဟာ အရမ်းကောင်းတဲ့ သူငယ်ချင်း ဖြစ်ပြီး ကြီးကြယ်တဲ့ ကစားသမား တစ်ဦးပါ။ ကျွန်တော့် အတွက် သူနဲ့ ကစားရတာ လွယ်ကူမှု ရှိပါတယ်။ သူဟာ တိုက်စစ်မှုးတွေ အတွက် အမြဲတမ်း အခွင့်အရေးတွေ ပေးဖို့ ကြိုးစားလေ့ ရှိပြီး ဘယ်သူမှ မတွေ့နိုင်တဲ့ နေရာလွတ် ကျဉ်းကျဉ်းလေး တွေကို ရှာဖွေ နိုင်သူပါ။” လို့ ဆိုလိုက်ပါတယ်။

တောရက်စ်ဟာ အန်ဖီး ကနေ မထွက်ခွာမီ လီဗာပူးမှာ ဟီးရိုး ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိ ခဲ့ပေမယ့်လည်း ၎င်းရဲ့ ချဲလ်ဆီး ကစားသမား ဘ၀ မှာတော့ ဒါမျိုး ပြန်လည် လုပ်ပြ နိုင်ခဲ့ခြင်း မရှိတော့ဘဲ ပုံစံကောင်း ရဖို့ ရုန်းကန် ခဲ့ရပါတယ်။ တောရက်စ်ဟာ ၂၀၁၅ ခုနှစ်မှာ ချဲလ်ဆီးကနေ ထွက်ခွာပြီးနောက် အီတလီ စပိန် တို့မှာ ကာလတို ကစားခဲ့ကာ ပြီးခဲ့တဲ့ နှစ်ကတော့ ဂျပန် ကလပ် ဆာဂန်တိုဆူ အသင်းမှာ ကစားသမား ဘ၀ အပြီးသတ် ခဲ့ပါတယ်။

တောရက်စ် ရွေးချယ်လိုက်တဲ့ ချဲလ်ဆီး+လီဗာပူး အကောင်းဆုံး အသင်း – ရိန်နာ ၊ အီဗန်နိုဗစ် ၊ ဟစ်ပီယာ ၊ တယ်ရီ ၊ အက်ရှ်လေကိုး ၊ ဂျာရတ် ၊ အလွန်ဆို ၊ လမ်းပတ် ၊ ဒါးကောက် ၊ ဒရော့ဘာ ၊ ဘီနာယောင်

SM