လီဗာပူး ဂန္တဝင် ကစားသမား ဖြစ်သူ ဂျွန်ဘန်းက ယာဂန်ကလော့ဟာ ဒီနွေရာသီ အပြောင်းအရွေ့မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံး ကိုင်ကစား နိုင်သူ တီယာဂို အယ်ကန်တာရာလို ကစားသမားမျိုးကို ပိုင်ဆိုင် နိုင်ခဲ့ပြီလို့ မက်ဆေ့ချ် စကား ပါးလိုက်ပါတယ်။ အသက် ၂၉ နှစ် အရွယ် ကစားသမားဟာ ဘိုင်ယန်မြူးနစ် ကနေ လီဗာပူးကို ပြောင်းလာ ခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာပဲ သူ့ရဲ့ အရည်အသွေးကို ပြသ သွားခဲ့ပါတယ်။

တီယာဂိုဟာ ပြီးခဲ့တဲ့ သောကြာနေ့ လီဗာပူးကို ရောက်ရှိ လာခဲ့တာ ဖြစ်ပေမယ့် ယာဂန်ကလော့ ထင်ထားတာထက် စောကာ ပွဲဦးထွက်ကို ပါဝင် ကစား သွားခဲ့ပြီး ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် ဒုတိယပိုင်းမှာ လူစားဝင် ကစား သွားခဲ့ပါတယ်။

ဘိုင်ယန် ကွင်းလယ်လူဟောင်းဟာ ပွဲချိန်တစ်ပိုင်းသာ ပါဝင် ကစား သွားခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် သမိုင်း စာအုပ်ထဲမှာ ၎င်းရဲ့ နာမည်ကို ရေးထိုး နိုင်ခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ စံချိန်တင် ဘောလုံးပေးပို့မှု ၇၅ ကြိမ်ထိ အောင်မြင်မှု ရရှိခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ ပွဲချိန် ၄၅ မိနစ် အတွင်း ကစားသမား တစ်ဦးတည်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

ဘန်းက “တီယာဂိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတန်းဖို့ဒ်ဘရစ်ချ် မှာ ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး လုပ်ပြ ခဲ့ပါတယ်။ သူ့အတွက် ဒုတိယပိုင်းမှာ လူစားဝင် ကစားခွင့် ရရှိ ခဲ့ခြင်းဟာ အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။ ၁၀ ယောက်ကျန် အသင်းနဲ့ ရင်ဆိုင် ရတဲ့ အခြေအနေကြောင့် သူဟာ ဘောလုံး များစွာ လက်ခံ ရရှိကာ ဘောလုံးပွဲ နဲ့ အခြေအနေကို ကွင်းလယ် ကနေ အမှန်အကန် ထိန်းချုပ် ကစား သွားနိုင်ခဲ့ပါတယ်။

သူဟာ ပွဲချိန် ၄၅ မိနစ် အများဆုံး ကစားခဲ့တဲ့ သူတွေထဲမှာ ဘောလုံး ပေးပို့မှု အအောင်မြင်ဆုံး လုပ်နိုင်ခဲ့တဲ့ ကစားသမား အဖြစ် ပရီးမီးယားလိဂ် မှာ စံချိန်သစ် ရွေးထိုး နိုင်ခဲ့ပါတယ်။ ဒါကို ကြည့်လိုက်မယ် ဆိုရင် သူ့ရဲ့ အရည်အသွေးနဲ့ ဒီအသင်းကို တိုးတက်စေဖို့ သူဘာတွေ သယ်ဆောင် ပေးလာနိုင် မလဲ ဆိုတာကို ကောင်းကောင်း သိနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

တီယာဂိုဟာ ဒီပွဲစဉ်မှာ တီမိုဗာနာကို ပြစ်ဒဏ် ကျူးလွန်မိ ခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပေမယ့် လီဗာပူး ဂိုးသမား အလီဆွန်ဟာ ဂျော်ဂျင်ညိုရဲ့ ပင်နယ်တီကို ကာကွယ် ပေးကာ စပိန် ကွင်းလယ်လူကို အဖွင့်လှပ စေခဲ့ပါတယ်။ ပင်နယ်တီ အတွက် အမှား ကျူးလွန် ခဲ့တယ် ဆိုရင်တောင် လီဗာပူး ကွင်းလယ်မှာ တီယာဂို ပြသ ခဲ့တဲ့ ခြေစွမ်းဟာ တကယ့်ကို ချီးကျူးစရာ ဖြစ်နေမှာ သေချာပါတယ်။

လီဗာပူးဟာ သူတို့ အသင်းရဲ့ ဗျူဟာကို ပြိုင်ဘက်တွေ ခန့်မှန်းရ ခက်ခဲစေဖို့ ၊ ကွင်းလယ်ပိုင်းရဲ့ ဖန်တီးမှု အင်အားကို မြှင့်တင်ဖို့နဲ့ ပွဲကို ပိုမို ထိန်းချုပ် ကစား နိုင်ဖို့ အတွက် စပိန် ကွင်းလယ်လူကို ခေါ်ယူဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။ ဘန်းက ဒီနွေရာသီမှာ ယာဂန်ကလော့ အတွက် ဒီထက် ပိုမို ကောင်းမွန်တဲ့ အားဖြည့်မှု မရှိတော့ဘူးလို့ ဆိုသွားပါတယ်။

ဘန်းက “မန်ချက်စတာစီးတီးလို အသင်းမျိုးတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ သူ ဘယ်လိုတွေ လုပ်သွားမလဲ ဆိုတာ ကတော့ စိတ်ဝင်စား စရာ ပါပဲ။ အဲဒီ ပွဲတွေမှာ သူဟာ ဘောလုံးတွေ သိပ်အများကြီး ကိုင်ကစား ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေဟာ ယာဂန်ကလော့ အတွက် ကောင်းမွန်တဲ့ ပြသနာတွေပါ။ ဘောလုံးကို ကိုင်ကစားတဲ့ နေရာမှာ တီယာဂိုလောက် ကောင်းတဲ့သူ ကမ္ဘာပေါ်မှာ ဘယ်သူမှ မရှိပါဘူး။” လို့ မှတ်ချက် ပေးလိုက်ပါတယ်။