ဘရာဇီး ဂန္တဝင် နောက်ခံလူ ကာဖူး က သူဟာ အာဆင်နယ် အသင်း ကစားသမားသစ် နှစ်ဦး ဖြစ်တဲ့ ဝီလီယံ နဲ့ ဂါဘရီယဲလ် မက်ဂါလွိုက်စ် တို့ရဲ့ ပရိသတ် ဖြစ်ကြောင်း နဲ့ သူတို့ဟာ ပရီးမီးယားလိဂ် ဖလား ရယူဖို့ရာ အာဆင်နယ်ကို ပြောင်းရွှေ့ကစားတာဖြစ်ကြောင်း ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီး အသင်းက​နေ ဝီလီယံ ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူထားသလို လိုင်လီ နောက်ခံလူ ဂါဘရီယဲလ် မက်ဂါလွိုက်စ် ကိုလည်း ပေါင် ၂၂ သန်းနဲ့ ခေါ်ယူ ထားပါတယ် ။

ဂါဘရီယဲလ် ဟာ အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် ရဲ့အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ကစားခွင့် ရထားပြီး ဖူလ်ဟမ် အသင်းနဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး သွင်းပြီး BT Sports ရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့သလို ဝက်စ်ဟမ်း နဲ့ ပွဲမှာလည်း အသင်း ဂိုးမပေးရအောင် ပိတ်ဆို့ ဟန့်တားမှုတွေ ၊ ရှင်းထုတ်မှုတွေ လုပ်နိုင် ခဲ့ပါတယ် ။

ဝီလီယံ ဟာလည်း အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် နှစ်ပွဲဆက် ပွဲထွက် ကစားခွင့် ရခဲ့သလို မနေ့ညက ကစားခဲ့တဲ့ လက်စတာ နဲ့ ပွဲမှာလည်း လူစားဝင် ကစားခွင့် ရခဲ့ပါတယ် ။ ဝီလီယံ ဟာ သူ့ရဲ့ ပွဲဦးထွက်မှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပြီး ပရိသတ်တွေ ပေးတဲ့ MOTM ဆုကို ရရှိ ခဲ့ပါတယ် ။

ဘရာဇီး ဂန္တဝင် နောက်ခံလူ ကာဖူး က Laureus dot com နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းရဲ့ ဘရာဇီး ကစားသမားသစ် နှစ်ဦးရဲ့ စွမ်းဆောင်ရည်အပေါ် ” သူတို့ နှစ်ဦးက ထိပ်တန်း ကစားသမားတွေပါ ၊ ကျွန်တော်ကတော့ နှစ်ဦးစလုံးရဲ့ ပရိသတ်ပါပဲ ။ ”

” ဝီလီယံ က ဘရာဇီး လက်ရွေးစင် အသင်းမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြထားပြီး ဖြစ်သလို ချဲလ်ဆီး အသင်းမှာလည်း သက်သေ ပြထားပြီးသားပါ ။ ဂါဘရီယဲလ် ကလည်း တူတူပါပဲ ၊ အထင်ကြီးစရာ စွမ်းဆောင်ရည်ကို အဆက်အပြတ် ပြသထားပါတယ် ။ ”

” သူတို့ နှစ်ဦးစလုံးက အာဆင်နယ် အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ သူတို့ နှစ်ယောက် အာဆင်နယ် ကို ရောက်လာတာက သူတို့ရဲ့ အရည်အသွေးတွေနဲ့ အသင်းကို အကျိုးပြုရုံသာမက ပရီးမီးယားလိဂ် ဖလားကိုပါ အရယူဖို့ ရောက်လာကြတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၅၀ အရွယ် ရှိပြီ ဖြစ်တဲ့ ကာဖူး ဟာ ဘရာဇီး လက်ရွေးစင် ဘောလုံး အသင်း အတွက် ပွဲပေါင်း ၁၄၂ ပွဲ ကစားပေးခဲ့ပြီး ၁၉၉၄ ခုနှစ် နှင့် ၂၀၀၂ ခုနှစ်တွေမှာ ဘရာဇီး အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိခဲ့ပါတယ် ။

SPORTS MYANMAR