လီဗာပူး အသင်းရဲ့ ဂန္ထဝင် နောက်ခံလူ ဂျေမီ ကာရေဂါ က အာဆင်နယ် အသင်း ဟာ နည်းပြ မီကေး အာတီတာ ရဲ့ ဦးဆောင်မှု အောက်မှာ လမ်းကြောင်း မှန်ပေါ်ကို ပြန်လည် ရောက်ရှိ လာပြီး မကြာခင် မှာ အာဆင်ဝင်းဂါး လက်ထက် တုန်းကလို ချန်ပီယံဆု ကို စိန်ခေါ် နိုင်တဲ့ အသင်း ဖြစ်လာ လိမ့်မယ် လို့ ညွှန်းဆို သုံးသပ် သွားခဲ့ ပါတယ် ။ အာတီတာ ဟာ အာဆင်နယ် အသင်းကို တာဝန်ယူ ခဲ့တဲ့ ၁ နှစ်ကျော် အတွင်း မှာ FA Cup နဲ့ ကွန်မြူနတီဒိုင်း တို့ကို ရယူ ပေးထား နိုင်ခဲ့ ပါတယ် ။

အာဆင်နယ် ဟာ လာမယ့် တနင်္ဂနွေ နေ့မှာ ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ တတိယ မြောက် ပွဲစဉ် အဖြစ် အန်ဖီးလ်ကွင်း ကို သွားရောက်ကာ လက်ရှိ ချန်ပီယံ လီဗာပူး နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် နဲ့ လီဗာပူး တို့ ဟာ ရာသီကြို ကွန်မြူနတီ ဒိုင်းပွဲ မျာ ဆုံတွေ့ ထားခဲ့ပြီး အာဆင်နယ် က အနိုင်ယူ ထားခဲ့ ပါတယ် ။

၂၀၁၉ ၊ သြဂုတ် လ အတွင်းမှာ ကစား ခဲ့တဲ့ အန်ဖီးလ် ကွင်းထဲက ပွဲမှာတော့ အာဆင်နယ် ဟာ လီဗာပူး ကို ၃ – ၁ နဲ့ အရှုံးပေး ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဂျေမီ ကာရေဂါ ကတော့ ဒီ တစ်ခေါက်မှာ အာဆင်နယ် ဟာ ပိုကောင်းတဲ့ ကစားပုံ နဲ့ လီဗာပူး ကို ရင်ဆိုင် လိမ့်မယ်လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

“မီကေး ( အာတီတာ ) ရဲ့ လက်အောက် မှာ အာဆင်နယ်တို့ လမ်းကြောင်း မှန်ပေါ် ပြန်ရောက် နေပါပြီ ။ ဒါကို သံသယ ဖြစ်စရာ မရှိ ပါဘူး ။ အာတီတာ ဟာ အာဆင်နယ် အတွက် မှန်ကန်တဲ့ ခေါ်ယူမှု တစ်ခု ပါပဲ ။ ဒီလူတွေ ကို သူ ဘယ်လို ကိုင်တွယ် ခဲ့တယ် ဆိုတာက ကျွန်တော့ ကို သဘောကျစေ ခဲ့တာပါ”

“အာဆင်နယ် က အခုထိ လိုအပ်ချက် တွေ ရှိနေ ပါသေးတယ် ။ ဒါပေမယ့် အရင်တုန်းက အာဆင်နယ် လို ပြန်ဖြစ် လာမယ့် လမ်းပေါ် ကို ရောက်နေ ပါပြီ ။ မကြာတော့တဲ့ နှစ် အနည်းငယ် မှာ အာဆင်နယ် ဟာ ဟိုး တစ်ချိန် တုန်းကလို အသင်းမျိုး ပြန်ဖြစ် လာနိုင်ပါတယ်”

“အန်ဖီးလ် မှာ သူတို့ ရှုံးခဲ့ ပါတယ် ၊ ဟုတ်ပါတယ် ၊ ဒါပေမယ့် သူတို့ လီဗာပူး ကို ၂ ကြိမ် နိုင်ထားခဲ့ တာကိုလည်း မေ့လို့ မရ ပါဘူး ။ လီဗာပူး ကို ဒါမျိုး လုပ်ပြ နိုင်တာ သူတို့ပဲ ရှိပါတယ် ။ အော်ဘားမီးယန်း ရဲ့ စာချုပ် သက်တမ်းတိုးတဲ့ သတင်းဟာ အာဆင်နယ် တစ်သင်းလုံးကို အားတက် စေမှာပါ ။ ဒါကြောင့် ဒီပွဲမှာ သူတို့ ပိုကောင်းတဲ့ ပုံစံ နဲ့ ကစားလာ နိုင်ပါတယ်” လို့ ကာရေဂါ က ညွှန်းဆို သွားခဲ့ ပါတယ် ။

အာတီတာ ဟာ ပြီးခဲ့တဲ့ နှစ် ဇူလိုင် လ တုန်းက လီဗာပူး ကို ၂ – ၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၃၁% သာ ရှိခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ ကွန်မြူနတီ ဒိုင်းပွဲမှာ လည်း အာဆင်နယ် ဟာ အဲ့ဒိတုန်းက ပုံစံမျိုး အတိုင်း ကစား သွားခဲ့ပြီး လီဗာပူး ကို ပင်နယ်တီ မှာ အနိုင် ရခဲ့ ပါတယ် ။

ကာရေဂါ က မီကေး အာတီတာ ရဲ့ နည်းဗျုဟာ ပိုင်နိုင် ပုံကို သဘောကျ ခဲ့ပြီး အနာဂါတ်မှာ ပိုပြီး အောင်မြင် လာမယ့် နည်းပြ တစ်ယောက် ဖြစ်တယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

“အာတီတာ နဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း သဘောကျတဲ့ အရာ ကတော့ နည်းဗျုဟာ ပိုင်းပါ ။ စပိန် မှာ ကျဉ်လည် ခဲ့တာ ၊ ပက် ဂွာဒီယိုလာ ရဲ့ လက်ထောက် လုပ်ခဲ့ တာတွေက အာတီတာ ကို နည်းဗျုဟာ အမျိုးမျိုး ကို ကျွမ်းကျင် စေခဲ့ ပါတယ်”

“ပုံမှန် အားဖြင့် အာဆင်နယ် ဟာ ဘောလုံး ပိုင်ဆိုင်မှု များများ ရအောင် ယူပြီး ပြိုင်ဘက် ကို လွှမ်းမိုး ကစား ပါတယ် ။ ဒါပေမယ့် ကိုယ့်ထက် အားကြီးတဲ့ အသင်းတွေ နဲ့ ဆုံတဲ့ အခါမှာတော့ ဘောလုံး ပိုင်ဆိုင်မှု နည်းနည်း နဲ့ လိုချင်တဲ့ ရလဒ် ထွက်အောင် ကစားပြ နိုင်ခဲ့ တာပါပဲ ။ ဒါကို ကျွန်တော် သဘောကျ တာပါ”

“ဒီလို လုပ်ပြ ခဲ့တာ လီဗာပူး နဲ့မှ မဟုတ်ပါဘူး ၊ မန်စီးတီး ကို ကျော်ဖြတ် ခဲ့တဲ့ FA Cup ဆီမီး ဖိုင်နယ် တုန်း ကလည်း ဒီလိုပဲ လုပ်ပြ သွားခဲ့ တာပါ ။ လီဗာပူး ဟာ အာဆင်နယ် ကို ရှုံးတဲ့ ၂ ပွဲ စလုံး အသာစီး နဲ့ ကစား နိုင်ခဲ့ ပါတယ် ၊ ဒါပေမယ့် သူတို့ ဂိုးပေါက် ကို မချိုးဖျက် နိုင်ခဲ့ ပါဘူး”

“ပြောရရင်တော့ အာတီတာ က အာဆင်နယ် ကို ပြန်ယူဆောင် ပေးခဲ့တဲ့ သူပါ ။ အခု အာဆင်နယ် ရဲ့ ကစားပုံ က အရင်ကထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာ ပါပြီ ။ တစ်ဦး တစ်ယောက်ချင်း ရဲ့ အရည် အသွေးတွေ ကို ပိုတိုးတက် လာအောင် လုပ်နိုင်မယ် ဆိုရင် ဒီထက် ပိုကောင်း လာမှာပါ” လို့ ကာရေဂါ က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR