လီဗာပူးဟာ ရှေ့တစ်ပတ် အတွင်းမှာပဲ အာဆင်နယ် ကို ပရီးမီးယားလိဂ် ပွဲစဉ်နဲ့ ကာရာဘောင် ဖလားပွဲစဉ်တွေ အဖြစ် နှစ်ကြိမ် တိုင်တိုင် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့တဲ့ 2 ပွဲမှာတော့ အာဆင်နယ် ကပဲ အသာစီး ရယူထားတာ ဖြစ်ပါတယ်။ မနှစ်က ရာသီ ကုန်ခါနီး တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးဟာ ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ ဗန်ဒိုက် ၊ အလီဆွန် တို့ရဲ့ အမှားတွေ ကနေတဆင့် ဂိုးတွေ ခွင့်ပြုလိုက်ရကာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီ အကြို ကာရာဘောင် ဖလားပွဲစဉ်မှာလဲ သာမန် ပွဲကစားချိန် အတွင်း သရေ ကျခဲ့လို့ ၊ ပင်နယ်တီ အဆုံးအဖြတ် နဲ့ ခံယူခဲ့ရာ ၊ အာဆင်နယ် ကပဲ အနိုင်ရရှိသွားခဲ့တာပါ။

 

ဒီတစ်ကြိမ် ထိပ်တိုက် မတွေ့ဆုံမီ မှာတော့ ယာဂန် ကလော့ပ် က အာဆင်နယ် နည်းပြ အာတီတာ ကို ချီးကျူး စကား ဆိုသွားခဲ့သလို ၊ အန်ဖီးလ်မှာ အနိုင်ရဖို့ အတွက်လဲ အခွင့်အရေး အနည်းငယ် ရှိတယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

“ မစ်ခယ် အာတီတာက အချိန်တိုလေး အတွင်းမှာပဲ ထိပ်တန်း မန်နေဂျာ တစ်ယောက် ဖြစ်တယ် ဆိုတာ သက်သေပြထားခဲ့ပြီးပါပြီ။ အသင်းရဲ့ ကျောရိုး တည်ဆောက်တဲ့ ပုံစံက တော်တော်ကို ကောင်းမွန်သလို ၊ ခံစစ် တိုက်စစ် ကိုလဲ မျှမျှတတ ဖြစ်အောင် လုပ်ဆောင်ထားတာလေ။

သူ မရောက်လာခင် အာဆင်နယ် အသင်းမှာ ဘယ်လို အနေအထားတွေ ရှိခဲ့လဲ ဆိုတာ တိတိကျကျ မသိပေမယ့် ၊ အပြောင်းအလဲတွေကို အများကြီး လုပ်ထားနိုင်ခဲ့တယ် ဆိုတာတော့ သေချာပါတယ်။

ခံစစ် ကစားပုံကို သေချာ ပြင်ဆင်ထားသလို ၊ ကစားသမား 11 ယောက် စလုံးကို ခံစစ် တာဝန်ပေးထားတာပါ။ များသောအားဖြင့်တော့ 5-4-1 ပုံစံ နဲ့ ခုခံလေ့ရှိပါတယ်။ အသင်း တစ်သင်းမှာ အရည်သွေးရှိတဲ့ ကစားသမားတွေ အားလုံးက အဲဒီ ပုံစံမျိုး ကစားနေပြီ ဆိုရင် ၊ ရင်ဆိုင် ကစားရတာ ခက်ပါတယ်။ အထူးသဖြင့် တန်ပြန် တိုက်စစ်အတွက် လျှင်မြန်မြန် နဲ့ ပြေးနိုင်တဲ့ ကစားသမားတွေ ရှိနေရင် ပိုလို့တောင် ဆိုးပါတယ်။

ဒါကြောင့် အာဆင်နယ် အကြောင်းကို ပြောကြပြီ ဆိုရင် ကောင်းတဲ့ အချက်တွေက အများကြီးပါပဲ။ ဒါပေမယ့် ကျနော်တို့မှာ သူတို့ ကို အနိုင်ယူပြဖို့ အခွင့်အရေးက ရှိနေဆဲလို့ ထင်ပါတယ်” လို့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောဆိုသွားခဲ့ ပါတယ်။

အခုဆိုရင် လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရှုံးပွဲ မရှိတာက ပွဲပေါင်း 60 အထိတောင် ရှိလာခဲ့ပါပြီ။ ဒါကြောင့် လီဗာပူး နဲ့ တွေ့ဆိုင်း အသာစီး ရယူထားတဲ့ အာဆင်နယ် ဟာ ဒီတစ်ကြိမ်မှာများ အန်ဖီးလ် ကွင်းရဲ့ ရှုံးပွဲ မရှိ မှတ်တမ်းကို ချိုးဖျက်ပြနိုင်မလား ဆိုတာ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

လီဗာပူး အတွက် ခံစစ် ပြသနာ က ဆက်ရှိနေဆဲပါ။

မာတစ် ဟာ အခုချိန်ထိ လေ့ကျင့်ခန်း ပြန် မဆင်းနိုင်သေးသလို ၊ ဂိုးမက် နဲ့ ကူမီတီယို ကလဲ ဒီကနေ့မှ ပြန်လည် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင် ဟန်ဒါဆင် ကလဲ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည် မလုပ်ဆောင်နိုင်သေးလို့ ၊ အာဆင်နယ် နဲ့ ပွဲမှာ ပါဝင် ကစားဖို့ အတွက် ဖြစ်နိုင်ချေက တော်တော်လေး နည်းပါး လျှက် ရှိပါတယ်။

ယာဂန် ကလော့ပ် ကတော့ ဒီပွဲအတွက် ကွင်းလယ် ကစားသမား တီယာဂို ကို ပွဲထွက် ကစားသမား စာရင်းကနေ အသုံးပြုဖို့ အတွက်တောင် စဉ်းစားနေတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

ခံစစ်မှာတော့ ဖာဘင်ဟို နဲ့ ဗန်ဒိုက်တို့ အတွဲသာ ဆက်လက် မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။