ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်၃မှာတန်းတက်ဝက်စ်ဘရွန်း အသင်း ကို ပထမပိုင်း အတွင်း ပေးဂိုး ၃ဂိုး လက်ဆောင်ပေးခဲ့ပြီး ၊နောက်ကလိုက်ကစားခဲ့ရကာ ၊ ဒုတိယပိုင်း အတွင်း အင်္ဂလန်သား ၃ဦး ဖြစ်တဲ့ မေဆင်မောင့် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ တမ်မီ အေဘရာဟမ် တို့ရဲ့ သွင်းဂိုးတွေကြောင့် သရေတမှတ်ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ် ။ထိုပွဲမှချဲလ်ဆီးအသင်းသားတွေရဲ့စွမ်းဆောင်ရည်(Ratings)တွေကိုအခုလိုပဲဖော်ပြပေးလိုက်ရပါတယ်

ဂိုးသမား – ဝီလီ ကာဘယ်လာရို ( Rating – 4 )

ကီပါ နေရာ အစားထိုး ပွဲထွက်ခွင့် ၂ပွဲဆက် ရထားတဲ့ ကာဘယ်လာရို အတွက် မနေ့ည က ပွဲမှာ သူ့အရှေ့မှာ ရှိတဲ့ ခံစစ်ကြောင်း ဆီက ပြည့်ဝတဲ့ အာရုံစိုက်မှုမျိုး မရခဲ့ဘူး လို့ ဆိုရမှာပါ ။ ပေးဂိုး ၃ဂိုးလုံး မှာ ကာဘယ်လာရို တယောက် ကာကွယ်နိုင်တဲ့ အနေအထားမျိုး မရှိခဲ့ပါဘူး ။

ဒုတိယပိုင်းမှာတော့ ဝက်စ်ဘရွန်း ဖက်က တိုက်စစ်ထက် ခံစစ်ကိုသာ အထိုင်ချပြီး ၊ ရထားတဲ့ သွင်းဂိုး ၃ဂိုးကိုခုခံဖို့ကြိုးစားခဲ့တာကြောင့်၊ကာဘယ်လာရိုအတွက်အလုပ်ရှုပ်စရာသိပ်မရှိခဲ့ပါဘူး ။

နောက်တန်း – ရိစ်ဂျိမ်းစ် ( Rating – 6 ) ၊ ခရစ်တန်ဆန် ( Rating – 5 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 3 ) ၊ မားကို့စ် အလွန်ဆို ( Rating – 2 )

ပထမပိုင်း အတွင်း ညာအခြမ်း ခံစစ် ထက် ဘယ်အခြမ်း ခံစစ် က အတော်လေး အားနည်းခဲ့ပြီး ၊ ပေးခဲ့ရတဲ့ ဂိုး ၃ဂိုးလုံး ဟာလည်းချဲလ်ဆီးအတွက်ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့သီယာဂိုဆေးလ်ဗား ၊ ဘန်ချေဝဲလ်ကိုကျော်ပြီးပွဲထွက်ခွင့်ရခဲ့တဲ့မားကို့စ်အလွန်ဆိုတို့ရဲ့အမှားတွေကြောင့်ဖြစ်ပါတယ် ။

အထူးသဖြင့် မားကို့စ် အလွန်ဆို ဟာ ပထမ တပိုင်းလုံး လူပို တဦးလို ဖြစ်နေခဲ့ပြီး ၊ ဒုတိယပိုင်း စစချင်း ၎င်းကို လူစားလဲလိုက်တာ ချဲလ်ဆီး အတွက် အကျိုး ဖြစ်ထွန်းခဲ့တယ် လို့ ဆိုရမှာပါ ။ သီယာဂို ဆေးလ်ဗား ကတော့ ဒုတိယ ပေးဂိုး အတွက် အပြည့်အဝ တာဝန်ရှိခဲ့တယ် ဆိုပေမယ့် ၊ ကျန်တဲ့ အချိန်တွေမှာတော့ အမှားကင်းခဲ့ပါတယ် ။

လီဗာပူး နဲ့ ပွဲမှာ အနီထိခဲ့တဲ့ ခရစ်တန်ဆန် ကတော့မနေ့ညကပွဲမှာတခြားနောက်ခံလူတွေထက် စာရင် အနည်းငယ် ပိုမို နိုးကြားမှု ရှိခဲ့တယ် လို့ ဆိုရမှာပါ ။သို့ပေမယ့်သာမန်ခြေစွမ်းထက်တော့ မပိုခဲ့ပါဘူး ။ အရေးပါတဲ့ ပိတ်ဆို့မှု တချို့တော့ စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် ဆီကနေတော့ ထုံးစံ အတိုင်း ဖြတ်တင်ဘော တွေတွေ့ခဲ့ရပြီး၊ပထမပိုင်းအတွင်း၎င်းရဲ့ ဖြတ်တင်ဘော တကြိမ် ကို တမ်မီ အေဘရာဟမ် အပိုင် အဆုံးသတ်နိုင်ခဲ့ရင် ၊ ချဲလ်ဆီး တို့ ဒီပွဲကိုစောစောcomebackနိုင်ခဲ့မှာပါ။တဖက်မှာဂျိမ်းစ်ရဲ့တည်ကန်ဘောတွေကထိရောက်မှုမရှိခဲ့သလို ၊ ခံစစ်ပိုင်း ပံ့ပိုးမှု မှာလည်း လိုအပ်ချက်တွေ ရှိနေပါသေးတယ် ။

ကွင်းလယ် – ကန်တေ ၊ ဟာဗက်ဇ် ( Rating – 5 ) ၊ ကိုဗာဆစ် ( Rating – 4 )

ပထမပိုင်းအတွင်းမှာကန်တေရဲ့စွမ်းဆောင်ရည်ကလုံးဝအားရစရာမကောင်းခဲ့ပါဘူး။ဘောလုံးထိန်းသိမ်းပုံတွေမသေသပ်ခဲ့သလို၊ဘောလုံးပေးပို့ပုံတွေကလည်းလုံးဝနှေးကွေးခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဂိုးရချင်ဇောနဲ့ချဲလ်ဆီးတို့တိုက်စစ်ပိုဆင်ခဲ့လို့၊ကန်တေရဲ့ကွင်းလယ်ထိန်းချုပ်တဲ့ ကဏ္ဍ က ပိုမို ပေါ်လွင်ခဲ့ပါတယ် ။

ကိုဗာဆစ် ကတော့ သာမန် Box-to-Box ပုံစံမျိုး ကစားသွားခဲ့ပေမယ့် ၊ တိုက်စစ် အတွက် ထူးခြားတဲ့ပံ့ပိုးမှုလည်းမရှိခဲ့သလို၊ခံစစ်အတွက်လည်းကောင်းကောင်းအာရုံမစိုက်ပေးနိုင်ခဲ့ပါဘူး ။

ဟာဗက်ဇ် ကတော့ မနေ့ည က ပွဲမှာ နံပါတ် ၁၀ ပုံစံ နဲ့ ထပ်မံကစားခွင့်ရခဲ့ပေမယ့်၊ဝက်စ်ဘရွန်း ရဲ့ သိပ်သည်းတဲ့ ကစားဟန်ကြောင့် ၎င်းတို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်စေခဲ့ကာ၊နေရာလွတ်လည်း နည်းခဲ့ပါတယ် ။ ဒုတိယပိုင်း ဟတ်ဒ်ဆန် အိုဒွိုင်း ဝင်လာတဲ့ အခါမှသာ ၎င်းအတွက် လှုပ်ကွက် ပိုရလာခဲ့ပါတယ် ။


တိုက်စစ် – တီမို ဗာနာ ( Rating – 4 ) ၊ တမ်မီ အေဘရာဟမ် ( Rating – 5 ) ၊ မေဆင်မောင့် ( Rating – 7 )

ပရီးမီးယားလိဂ် အဖွင့် ၂ပွဲမှာ ဂိုးပေါက် ရှာမတွေ့သေးတဲ့ တီမို ဗာနာ ဟာ မနေ့ညကပွဲမှာလည်း ပထမပိုင်း အတွင်း အပိုင် ကန်သွင်းခွင့်တကြိမ်ရခဲ့ပေမယ့်၊၎င်းရဲ့အဆုံးသတ်ကဘားထိခဲ့ပါတယ် ။ ဒုတိယ ချေပဂိုး အတွက် ကစားပုံ တည်ဆောက်ရာမှာ အရေးပါခဲ့ပေမယ့် ၊ ဒီပွဲမှာ ဗာနာ ဆီက ကြီးကြီးမားမား လွှမ်းမိုးမှု မတွေ့ခဲ့ရပါဘူး ။

ပထမပိုင်း အစောပိုင်း မိနစ် တွေမှာ အပိုင် အခွင့်အရေး တကြိမ် ဖြုန်းတီးခဲ့တဲ့ အေဘရာဟမ် ဟာ နာကျင် အချိန်ပိုမှာ comeback သရေပွဲ ဖြစ်စေမယ့် တတိယ ချေပဂိုးကိုသွင်းနိုင်ခဲ့ပေမယ့် ၊ ပွဲချိန် တော်တော်များများ မှာ၎င်းဟာဝက်စ်ဘရွန်းခံစစ်ရဲ့ထိန်းချုပ်မှုအောက်မှာသာရှိခဲ့ပါတယ် ။

မနေ့ည က ပွဲထွက် ကစားသမားတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးကတော့အဖွင့်ချေပဂိုး ကိုအဝေးကန်ချက်နဲ့သွင်းယူခဲ့တဲ့မေဆင်မောင့်ပဲဖြစ်ပါတယ်။ဒီနေ့ပွဲမျိုးမှာ၎င်းဆီကမဆုတ်မနစ် လုပ်အားမျိုး လိုအပ်တာ အရမ်းကို ပေါ်လွင်ခဲ့ပါတယ်။ဘယ်တောင်ပံ၊ညာတောင်ပံမညည်းမညူ အလှည့်အပြောင်းလုပ် ကစားပေးနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – အက်ဇ်ပီလီကွီတာ ၊ ဂျရူး ( Rating – 6 ) ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 8 )

အလွန်ဆို နေရာ ကိုအက်ဇ်ပီလီကွီတာဝင်လာမှပဲချဲလ်ဆီးအသင်းရဲ့ခံစစ်ယိုယွင်းမှုသိသိသာသာ လျော့ကျခဲ့ပါတယ် ။ ဒါ့အပြင် အက်ဇ်ပီ ဟာ မေဆင်မောင့် ရဲ့ ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့သလို ၊ ဒုတိယပိုင်း ခံစစ် တခုလုံးကို ဦးဆောင်ပေးခဲ့ပါတယ် ။

ပွဲပြီးခါနီး မိနစ် ၂၀ ဝန်းကျင်မှာမှ လူစားဝင်လာတဲ့ ဂျရူး ဟာ ဝက်စ်ဘရွန်း အသင်း ကို ခံစစ်မှာ လက်ကျန် ပွဲချိန်ပြည့် ထိုင်စေဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ မနေ့ည က ပွဲရဲ့ Man of the Match ခြေစွမ်းမျိုး ရခဲ့သူကတော့ ဟတ်ဒ်ဆန် အိုဒွိုင်းပါပဲ ။

မနေ့ည က ပွဲ အပါအဝင် ၊ ကြံ့ခိုင်မှု ပြည့်နေပါရက်နဲ့ ပရီးမီးယားလိဂ် အဖွင့် ၃ပွဲကို ပွဲထွက်ခွင့် မရခဲ့တဲ့ အိုဒွိုင်း ဟာ သူ ဘာလုပ်ပြနိုင်လဲ ဆိုတာကို လမ်းပတ် မြင်အောင် ပြသနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာ အိုဒွိုင်း ဆီက ယခင် ဆာရီ လက်ထက် ကခြေစွမ်းအငွေ့အသက်မျိုးပြန်လည်ခံစားခဲ့ရပြီး ၊ ၎င်း သွင်းယူခဲ့တဲ့ ဒုတိယ ချေပဂိုး ကတော့ တကယ် အရည်အသွေးပြည့်မှီတဲ့ဂိုးမျိုးဖြစ်ပါတယ် ။

SPORTS MYANMAR