ချဲလ်ဆီး အသင်း ဟာ မနက်ဖြန် ညမှာ ကာရာဘောင် ဖလား စတုတ္ထ အဆင့် ပွဲစဉ် အဖြစ် လန်ဒန် မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်း ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ် ။ ပြီးခဲ့တဲ့ ဝက်စ်ဘရွန်း နဲ့ ပွဲက တဖက် ၃ဂိုးစီ သရေ ရလဒ်ကြောင့် ဒီပွဲအတွက် ချဲလ်ဆီး အသင်း မှာ အပြောင်းအလဲ တချို့ မြင်လာရနိုင်ပါတယ် ။

အထူးသဖြင့် ခံစစ်ပိုင်း မှာ ဘယ်သူတွေ ပွဲထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ အပြင် ၊ ပြီးခဲ့တဲ့ အပတ်ကမှ ရန်းနက်စ် အသင်း မှ ချဲလ်ဆီး အသင်း သို့ ပေါင် ၂၂ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားသစ် အက်ဒိုဝါ့ဒ် မန်ဒီ ရော ပွဲထွက်ပါဝင်နိုင်မှာလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

သေချာတာကတော့ ဝက်စ်ဘရွန်း နဲ့ ပွဲမှာ အရမ်း ပေါ့လျော့ခဲ့တဲ့ မားကို့စ် အလွန်ဆို ကတော့ ဒီပွဲကို ပါဝင်ဖို့ ရှိလာမှာ မဟုတ်ပါဘူး ။ ဒီတော့ ၎င်းနေရာ မှာ ဘန်ချေဝဲလ် ဝင်ရောက် ကစားနိုင်ပြီး ၊ ခံစစ်ပိုင်း အတွက် ပွဲထွက် အခင်းအကျင်း ၊ နည်းစနစ်ပိုင်း အပြောင်းအလဲတွေ မြင်တွေ့ရလာနိုင်ပါတယ် ။

ဝက်စ်ဘရွန်း နဲ့ ပွဲမှာ ချော်လဲခဲ့တဲ့ သီယာဂို ဆေးလ်ဗား ကတော့ ဒီပွဲမှာ အခွင့်အရေး ပြန်ပေးခံရဖို့ အလားအလာတော့ ရှိနိုင်ပါတယ် ။ တဖက်မှာ အဓိက တောင်ပံ ကစားသမား ၂ဦး ဖြစ်တဲ့ ခရစ်တီယန် ပူလီဆစ် နဲ့ ဟာကင် ဇီယက်ချ် တို့ကတော့ ကြံ့ခိုင်မှု ပြည့်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ် လို့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် က ဆိုပါတယ် ။

ယနေ့ ညနေက ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ် က မနက်ဖြန် တော့တင်ဟမ် နဲ့ ပွဲအတွက် ကစားသမား စာရင်းနဲ့ ပတ်သက်ပြီး ” မန်ဒီ နဲ့ ချေဝဲလ် တို့ဟာ မနက်ဖြန် ပွဲအတွက် ကစားသမား စာရင်းမှာ ပါဝင်မှာပါ ။ သူတို့ ၂ယောက်လုံး ကြံ့ခိုင်မှု ပြည့်နေပြီး ၊ ပွဲထွက်ခွင့် ရဖို့ မရဖို့ ဆိုတာက စောင့်ကြည့်ရမှာပါ ။ ”

” ဇီယက်ချ် နဲ့ ပူလီဆစ် တို့ကတော့ ပြန်လာဖို့ မဝေးတော့ဘူး ဆိုပေမယ့် ၊ ကြံ့ခိုင်မှု အပြည့်ပြန်ကောင်းဖို့ အရှိန်ယူနေဆဲ အခြေအနေမှာပဲ ရှိပါသေးတယ် ။ သူတို့ ၂ယောက်လုံး အတွက် မနက်ဖြန် ပွဲကို ကစားဖို့ ဆိုတာက စောလွန်းပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က မန်ဒီ ရဲ့ လေ့ကျင့်မှု ရလဒ်ပိုင်း နဲ့ ပတ်သက်ပြီးလည်း ” လက်ရှိ ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေ ပူးပေါင်းထားသလောက်တော့ အကုန် အပေါင်း လက္ခဏာ ဆောင်နေပါတယ် ။ ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးပေမယ့် ၊ သူ အတော်လေး အထိုင်ကျနေပြီ လို့ ပြောရပါမယ် ။ ”

” သူ့ကို ဒီ အသင်း က နွေးနွေးထွေးထွေး ကြိုဆိုကြောင်း အမြဲ ခံစားနေရအောင် ကျွန်တော် တို့ဖက်က အတတ်နိုင်ဆုံး အကူအညီတွေ ပေးနေပါတယ် ။ သူဟာ ဂိုးသမား တယောက် ဖြစ်ပြီး ၊ သူ အကြောင်းကိုလည်း ကျွန်တော်တို့ အတော်များများ သိထားပြီးပါပြီ ။ ဒီတော့ ရှေ့လျှောက် ဘယ်လို ဆက်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒါ့အပြင် လမ်းပတ် က ဝက်စ်ဘရွန်း နဲ့ ပွဲက ခံစစ် အမှားတွေကို ပြင်ဆင်ဖို့ အကြောင်း နဲ့ ပတ်သက်ပြီးလည်း ” အဲ့ဒီပွဲမှာ ပေးခဲ့ရတဲ့ ဂိုးတွေက ကျွန်တော်တို့ရဲ့ အမှားတွေကြောင့် ဆိုတာ ရှင်းနေပါတယ် ။ ဒါကို ဖုံးကွယ်ထားလို့ မရပါဘူး ။ ဒီအမှား ကျူးလွန်ခဲ့သူ တဦးတယောက် မှလည်း ငြင်းဆန်လို့ မရပါဘူး ။ ”

” ဒီအမှား ကို လက်ခံဖို့ ကြိုးစားပြီး ၊ နောက်အကြိမ်တွေမှာ မမှားအောင် အကောင်းဆုံး တုန့်ပြန်ပြဖို့ပဲ လိုတာပါ ။ ကစားသမားတိုင်း ဒီ ခံယူချက်မျိုး လိုပါတယ် ။ သီယာဂို ဟာလည်း ဒီလို ပုံစံမျိုး ပြသခဲ့ပါတယ် ။ ဒါကြောင့်လည်း သူဟာ ပြီးခဲ့တဲ့ ၁၀နှစ် ၊ ၁၅နှစ် အတွင်း ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူ တယောက် အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ”

” ဟုတ်ပါတယ် ။ ခံစစ် အားပြုကစားတဲ့ ပြိုင်ဖက် အသင်း တသင်းသင်း နဲ့ ရင်ဆိုင်ရတဲ့အခါ ၊ ခင်ဗျား ဖက်က ပွဲကို အသာစီး နဲ့ ကစားနိုင်တဲ့အခါ ၊ အဲ့ဒီ ပွဲအတွက် လိုချင် တပ်မက်မှုတွေ ပိုများလာတတ်ပါတယ် ။ ပေးဂိုး ၃ဂိုး ပေးခဲ့ရခြင်းကြောင့် ရုန်းကန်ခဲ့ရပေမယ့် ၊ ဒီအတွက် တုန့်ပြန်မှု ကတော့ ကောင်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR