မာတီနက်ဇ် က အာဆင်နယ်ကနေ အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့ခဲ့တာဟာ နံပါတ်တစ် ဂိုးသမား အဖြစ် ပွဲထွက် ကစားခွင့် ရဖို့ နဲ့ အာဂျင်တီးနား အသင်းရဲ့ဦးစားပေး ဂိုးသမား ဖြစ်လိုတာကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းကနေ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ၊ လေးနှစ် စာချုပ် နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာပါ ။ မာတီနက်ဇ် ဟာ အာဂျင်တီးနား ဂိုးသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်ပါတယ် ။

မာတီနက်ဇ် ဟာ ၂၀၁၀ ခုနှစ်မှာ အာဆင်နယ် လူငယ် အသင်းကို ရောက်ရှိလာပြီး ၂၀၁၂ ခုနှစ်မှာ အသင်း နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့သူပါ ။ မာတီနက်ဇ် ဟာ ကစားသမား ဘဝ တစ်လျှောက် အောက်စ်ဖိုဒ့် ယူနိုက်တက် ၊ ရှက်ဖီးဝက်နက်စဒေး ၊ ရိုသာဟန် ယူနိုက်တက် ၊ ဝုလ်ဗာဟမ်တန် ၊ ဂီတာဖေး ၊ ရီးဒင်း အသင်းတွေမှာသာ အငှား ထွက်ကစားခဲ့ရပါတယ် ။

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတီနက်ဇ် ဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ လီနို ဒဏ်ရာ ရရှိသွားတဲ့ အချိန် အာဆင်နယ် အတွက်ကစားခွင့် ရလာခဲ့ပြီး သူ့ရဲ့ ၁၀ နှစ်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ကို အက်ဖ်အေဖလား ကိုင်မြှောက်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင် ခဲ့ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် သူ့ရဲ့ ကစားသမား ဘ​ဝ ရှေ့ရေးအတွက် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်မယ့် အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ် ။

မာတီနက်ဇ် ဟာ အက်စတွန် ဗီလာ အသင်းကို ရောက်ရောက်ချင်းမှာပဲ ပင်နယ်တီ ကာကွယ်ကာပရီးမီးယားလိဂ် နှစ်ပွဲဆက် နိုင်ပွဲ ၊ နိုင်ပွဲဆက် Clean-Sheet ရယူ နိုင်ခဲ့သလို ဂိုးမပေးရသေးတဲ့ တစ်ဦးတည်းသော ပရီးမီးယားလိဂ် ဂိုးသမားလည်း ဖြစ်ပါတယ် ။

မာတီနက်ဇ် က Sky Sports နဲ့ အင်တာဗျူးမှာ “ကျွန်တော်က ကစားသမားဘဝ ရဲ့ အကောင်းဆုံး အနေအထားကို ရောက်နေတာပါ ၊ ပွဲထွက် ကစားခွင့် အတွက် အာမခံချက် မပေးနိုင်တော့ ကျွန်တော်လည်း အသင်းမှာ ဆက်နေဖို့ မသေချာ ဖြစ်လာခဲ့ရတာပါ ၊ ကျွန်တော့် အိပ်မက် ဖြစ်တဲ့ အာဂျင်တီးနား ရဲ့နံပါတ်တစ်ဂိုးသမား ဖြစ်ဖို့ တိုက်ပွဲ ဝင်ချင်ပါတယ် ။ ”

” အက်စတွန်ဗီလာကလည်း အသင်းကြီး တစ်သင်းပါ ၊ ဒီကို ပြောင်းလာရာမှာ သံသယစိတ်လလုံးဝ မရှိခဲ့ပါဘူး ။ လူတိုင်းက အာဆင်နယ် ကနေ တစ်ဆင့် နိမ့်တဲ့ အက်စတွန်ဗီလာ ကို ပြောင်းသွားတာလို့ ပြောကြပါတယ် ၊ ဒါပေမယ့်ကျွန်တော်ကတော့ ကစားသမား ဘဝ တစ်ဆင့်မြင့်ဖို့ အတွက် လို့ပဲ မြင်ပါတယ် ။ ”

” လူတွေက ကျွန်တော် အရန်ခုံမှာ ထိုင်ခွင့်ရဖို့ ဘယ်လောက်အထိ ကြိုးစား ရုန်းကန် ခဲ့ရသလဲဆိုတာ အသိအမှတ် မပြုကြပါဘူး ၊ ကျွန်တော် ရှေ့မှာ ဂိုး သမား ၉ ဦး အထိ ရှိနေ ခဲ့တာပါ ။ ”

” အရန်ခုံမှာ ထိုင်နေရတဲ့ အချိန်မှာ ကျွန်တော် နံပါတ် တစ် ဂိုးသမား ဖြစ်ချင်ခဲ့ပါတယ် ၊ နံပါတ်တစ် ဂိုးသမား အင်္ကျီကို ရတဲ့ အချိန်မှာ ကျွန်တော် ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ မသေချာ ဖြစ်နေခဲ့ပါတယ် ၊ ဒါကြောင့် ကျွန်တော် အသင်းက ထွက်ခွာပြီး နံပါတ်တစ် ဂိုးသမား အဖြစ် ကစားမယ်လို့ ပြောခဲ့တာပါ ။ ”

” ကျွန်တော့်ရဲ့ ရည်မှန်းချက် က အာဆင်နယ် ရဲ့ နံပါတစ် ဂိုးသမား ဖြစ်လာဖို့ပါ ၊ သူတို့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့သူတစ်ယောက်အတွက် တကယ့်ကို မလွယ်တဲ့ လမ်းကြောင်းပါပဲ ၊ တစ်ချို့တွေက ဘောလုံးအကြောင်း ဘာမှမသိပဲ ပြောချင်သလို ပြောနေကြတာပါ ။ ”

” လာမယ့်ရာသီမှာ ဗီလာ နဲ့ အတူ ဥရောပပွဲ ကစားချင်ပါတယ် ၊ အသင်းကလူတွေ အားလုံးကလည်း ဒီရာသီဟာ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ရာသီ ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ် ၊ ကျွန်တော်တို့ နှစ်ပွဲဆက် နိုင်ပွဲ ရထားပါတယ် ၊ ဒါကြောင့် လီဗာပူး နဲ့ ပွဲမှာ ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး ။ ”

” လိဂ်ပြိုင်ပွဲမှာ တစ်စုံတစ်ခု အောင်မြင်မှု ရယူချင်တယ်ဆိုရင် အကောင်းဆုံးသော အသင်းကို အနိုင်ယူဖို့ လိုအပ်ပါတယ် ၊ ဒီအရာကို ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ အကောင်အထည်ဖော် ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR