၂၀၂၀ – ၂၀၂၁ ဘောလုံး ရာသီ ၊ ပရီးမီးယားလိဂ် ကလပ်တွေ အတွက် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ကြီး ကတော့ ပိတ်သိမ်းခဲ့ပြီ ဖြစ်ပါတယ် ။ ချဲလ်ဆီး ပရိသတ် တွေ အတွက်ကတော့ ရင်ခုန်စရာ ကစားသမားသစ် ခေါ်ယူမှု ၇ခု က စောစောစီးစီး ဖြစ်ခဲ့တဲ့ အတွက် Deadline Day က စိတ်လှုပ်ရှားစရာတော့ မရှိခဲ့ပါဘူး ။

ပေါင်သန်း ၂၂၀ ကျော် သုံးစွဲကာ ခေါ်ယူထားတဲ့ ဒီ ကစားသမားသစ် ၇ဦး မှာ ၆ဦးက စီနီယာ အသင်း မှာ ပထမ ဦးစားပေး ကစားသမားတွေ ဖြစ်နေကြပြီး ၊ အဲ့ဒီထဲမှ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ကစားသမား ၅ဦး ကတော့ ချဲလ်ဆီး အသင်း မှာ တဖြည်းဖြည်း အထိုင်ကျလို့ လာပါပြီ ။

ယခုတခေါက်InternationalBreakအပြီးမှာဒီကစားသမားတွေရဲ့အကောင်းဆုံးပုံစံမဟုတ်ရင်တောင် ၊ ပိုကောင်းတဲ့ ခြေစွမ်း ကို ချဲလ်ဆီး ပရိသတ်တွေ မျှော်လင့်လို့ ရနိုင်မှာ ဖြစ်ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ချဲလ်ဆီး တို့ ချိန်ရွယ်နိုင်ဖို့ စောသေးတယ် ဆိုတာ ဒီရာသီ အစ က ကစားပုံ တချို့ ကို ကြည့်ရင် သိနိုင်ပါတယ် ။

အဖွင့်၄ပွဲမှာ၂ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားတဲ့ချဲလ်ဆီးအသင်းရဲ့ဒီရာသီပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်ရေး အနေအထား နဲ့ ပတ်သက်ပြီး ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂျီယန်ဖရန်ကို ဇိုလာ ကတော့ အခုလိုပဲ သုံးသပ်ချက် ပေးခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အစီအစဉ် တခုမှာ ဇိုလာ က ” ချဲလ်ဆီး အသင်း ဟာ ဒီရာသီ မှာ ငွေကြေး အမြောက်အမြား အသုံးပြုထားပြီး ၊ ခေါ်ယူထားတဲ့ ကစားသမားသစ် တွေဟာလည်း ပိုက်ဆံ ကုန်ရကျိုးနပ်မယ့် ကစားသမား တွေလို့ ကျွန်တော် ယုံကြည်ထားပါတယ် ။ “

” သူတို့ဟာ အရည်အသွေး ပြည့်ဝတဲ့ ကစားသမားတွေ ၊ အလားအလာကောင်း များစွာ ရှိတဲ့ လူငယ် ကြယ်ပွင့်တွေကို ခေါ်ယူနိုင်ခဲ့တာပါ ။ ဒါကြောင့် သူတို့အတွက် ကြီးကျယ်တဲ့ အနာဂတ် တရပ် ကိုတော့ ပိုင်ဆိုင်လို့ နေပါပြီ ။ အခုတော့ သူတို့ဟာ ဒီ မျက်နှာသစ် တွေကိုရှိရင်းစွဲစီနီယာ ကစားသမားတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ ကြိုးစားရပါမယ် ။ “

“နောက်ပြီးအောင်မြင်မှုတိုင်းကိုဆာလောင်နေတဲ့ချန်ပီယံအသင်းတသင်းဖြစ်အောင်လုပ်ရပါမယ် ။ ဒါက အဓိက ခြားနားချက် တခု ဖြစ်ပါတယ် ။ ချဲလ်ဆီး မှာ ငယ်ရွယ်ပြီး ခြေစွမ်းကောင်းတဲ့ ကစားသမားအမြောက်အမြားရှိနေပြီး၊ကျွန်တော်ကတော့သူတို့ရဲ့အနာဂတ်ကြီးကြီးမားမားအောင်မြင်ဖို့ကို မျှော်မှန်းထားပါတယ် ။ “

” အသင်း အတွင်း ပွဲထွက်ခွင့် အတွက် တိုက်ပွဲ ဝင်ရမယ့် အနေအထားတွေက အရမ်းပြိုင်ဆိုင်မှု ရှိနေပြီ ဆိုတာ ခင်ဗျားတို့လည်း အပြင်ကနေ မှန်းကြည့်လို့ ရပါတယ် ။ ဒီရာသီ အတွက်လီဗာပူး ၊ မန်စီးတီး အသင်းတွေရဲ့ အဆင့် အထိ ရောက်ဖို့တော့ မလွယ်ပါဘူး ။ ဒီ ၂သင်း လျှောက်နေတဲ့ လမ်းစဉ် က အရမ်း မြင့်မားနေပါပြီ ။ “

” ဒါပေမယ့်ချဲလ်ဆီးအသင်းသာဖိဖိစီးစီးနဲ့ကြိုးစားအားထုတ်မယ်ဆိုရင်ဒီ၂သင်းရဲ့အဆင့်အတန်း ကို ရောက်နိုင်စွမ်း ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။တဖက်မှာဇိုလာချဲလ်ဆီးလက်ထောက် မန်နေဂျာ အဖြစ် တာဝန်ယူခဲ့တဲ့ နှစ်က ချဲလ်ဆီးသို့ရောက်ရှိလာခဲ့တဲ့စပိန်လက်ရွေးစင်ဂိုးသမား ကီပါ အရီဇာဘလာဂါ ဟာ အခုအခါ နည်းပြဖရန့်လမ်းပတ်လက်ထက်မှာတော့ဖိအားတပုံတပင် နဲ့ ရင်ဆိုင်နေရပါပြီ ။

ကီပါ နဲ့ ပတ်သက်ပြီးလည်း ဇိုလာ က ” ကီပါ ရဲ့ အကြောင်း ကို ကျွန်တော် ကောင်းကောင်း သိထားလို့ သူ့အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ် ။ သူဟာ ကစားသမားကောင်း တယောက်ပါ။ချဲလ်ဆီးကိုစရောက်လာတဲ့အခါတုန်းကသူဟာအနာဂတ်အတွက်အလားအလာကောင်း များစွာ ပြည့်နှက်နေခဲ့တဲ့ ဂိုးသမား တယောက် ဖြစ်ခဲ့ပါတယ် ။ “

” သို့ပေမယ့် မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေး က သူ့အတွက် တကယ် ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုး သဖွယ် ဖြစ်စေပါတယ် ။ အခုဆို သူ့ကို ကြည့်ရတာ ဘယ်သူတဦးတယောက်ဆီကမှကာကွယ်မှု ကို မရတော့သလို ၊ အားနည်းနေတယ် လို့လည်း ခံစားရပါတယ် ။ “

” ကျွန်တော် တကယ် ဝမ်းနည်းရပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒါဟာ တကယ့် ကီပါ စစ်စစ် မဟုတ်လို့ပါ ။ ဖိအား များစွာ ခံစားနေရသလို ၊ သူကိုယ်တိုင်လည်းအမှားတွေကျူးလွန်နေခဲ့တာ မှန်ပေမယ့် ၊ အလားအလာကောင်း ကတော့ သူ့မှာ ဆက်လက် ကျန်နေဆဲပါ ။

” သူဟာ ထိပ်တန်း အဆင့် ဂိုးသမား တယောက် ဖြစ်လာနိုင်သေးတယ် လို့ ကျွန်တော် ယုံကြည်ထားဆဲပါ ။ ဒါကိုလည်း သူ အရင်က ပြသခဲ့ပြီးပါပြီ ။ သူ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာက ဖရန့် ရဲ့ လုပ်ရပ် အပေါ်မှာပဲ မူတည်တော့မှာပါ ။ “

” အခု လောလောဆယ် မှာတော့ သူ့ကို ကြည့်ရတာ ပေါ့ပေါ့ပါးပါးမရှိတော့သလို၊ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပျောက်ဆုံးနေပါပြီ ။ ဒါဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး ။ ဖရန့် ရဲ့ လုပ်ရပ် နဲ့ သူ ဘာတွေ ဆက်ဖြစ်ချင်လဲဆိုတဲ့အပေါ်မှာပဲသူ့အနာဂတ်ကအပြောင်းအလဲ ဖြစ်ပါတော့မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR