ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ ၂၀၂၀ – ၂၀၂၁ ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲမှု ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ရာ ၊ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး အသင်း ဟာ အုပ်စု E မှာ စပိန် လာလီဂါ ကလပ် ဆီဗီးလား ၊ ရုရှား စူပါလိဂ် ကလပ် ခရာစနိုဒါ ၊ ပြင်သစ် လီဂူးဝမ်း ကလပ် ရန်းနက်စ် အသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်လျက် ရှိပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အဖြစ် လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဆီဗီးလား အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ စတင် ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းကလည်း စပိန် လာလီဂါ ကလပ် တသင်း ဖြစ်တဲ့ ဗလင်စီယာ အသင်း နဲ့ ချဲလ်ဆီး တို့ တအုပ်စုတည်း ကျခဲ့ဖူးပါတယ် ။

ဒီတော့ စပိန် ကလပ် အသင်းတွေရဲ့ ချဉ်းကပ်ပုံ တချို့ ကို ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကောင်းကောင်း သတိထားမိလောက်မယ့် အနေအထား မှာ ရှိပါတယ် ။ အခြား ၂သင်း ဖြစ်တဲ့ ခရာစနိုဒါ နဲ့ ရန်းနက်စ် တို့ကတော့ ဒီရာသီမှာမှ ကလပ် သမိုင်း တလျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားတဲ့ အသင်းတွေ ဖြစ်ပါတယ် ။

ဒီ ကလပ် အသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေတဲ့ အပေါ် ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ချဲလ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ အမေးအဖြေ ကဏ္ဍမှာ အခုလိုပဲ မှတ်ချက်ပြု ဖြေကြားခဲ့ပါတယ် ။

လမ်းပတ် က ” အခု တခေါက် ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲမှု အတွက် ကျွန်တော် ကျေနပ်မှု ရှိပါတယ် ။ တချိန်တည်းမှာ ကျွန်တော် ဟာ ရင်ဆိုင်ရမယ့် ပြိုင်ဖက် အသင်းတွေရဲ့ အနေအထား နဲ့ ပတ်သက်ပြီးလည်း သေသေချာချာ လေ့လာ သုံးသပ်မှုတွေ လုပ်နေပါပြီ ။ ”

” ချန်ပီယံလိဂ် အုပ်စုတိုင်း ဟာ များသောအားဖြင့် အရမ်း ခက်ခဲမှု ရှိတယ် ဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ် ။ ဒါကြောင့်မို့ ဒီ အုပ်စုထဲကို ကျွန်တော်တို့ အသင်း ကျရောက်သွားတဲ့ အချိန်မှာ လူတွေဆီက ဒါဟာ ချဲလ်ဆီး အတွက် တကယ် အဆင်ပြေ ချောမွေ့တဲ့ အုပ်စု တရပ် ပဲ ဆိုတဲ့ တုန့်ပြန်မှု အများအပြား ရလိမ့်မယ် ဆိုတာလည်း သိထားပါတယ် ။ ”

” ဒါပေမယ့် ဒီ ပုံစံ ခံယူချက် နဲ့တော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို သွားပြီး ချဉ်းကပ်လို့ မရပါဘူး ။ ပွဲအားလုံး ဟာ အရမ်း အရမ်း ခက်ခဲမှု ရှိပါတယ် ။ အထူးသဖြင့် ခင်ဗျား ဟာ ဥရောပ ပြိုင်ပွဲ တော်တော်များများ ကို နေရာစုံ သွားရောက်ပြီး ယှဉ်ပြိုင်ရတဲ့အခါ ဒီ ခံစားချက် ကို ပိုပြီး သိမှာပါ ။ ”

” ဆီဗီးလား ဆိုရင် မနှစ်က ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းပါ ။ ကျန်တဲ့ ၂သင်း ကလည်း တဖြည်းဖြည်းချင်း တိုးတက်မှု ရှိလာတဲ့ ပြိုင်ဖက်တွေ ဖြစ်ပါတယ် ။ ဒါဟာ ကျွန်တော်တို့ အတွက် ခြိမ်းခြောက်မှု များစွာ ၊ အန္တရာယ် များစွာ ဖြစ်စေနိုင်ပါတယ် ။ ဒီတော့ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဥရောပ အတွေ့အကြုံ နည်းပါးတဲ့ လူငယ် အများအပြား ပါဝင်တဲ့ အနေအထား နဲ့ ၁၆ သင်း ရှုံးထွက် အဆင့် သို့ တက်ရောက်နိုင်ခဲ့ပေမယ့် ၊ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်း ကို ၂ကျော့ပေါင်း ရလဒ် ၇ – ၁ နဲ့ ပြတ်ပြတ်သားသား အရေးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ် ။

ဒီရာသီမှာတော့ ချဲလ်ဆီး အသင်း ဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၂၀ ကျော် သုံးစွဲထားကာ ၊ ကစားသမားသစ် ၇ဦး အထိ ခေါ်ယူအားဖြည့် ထားသလို ၊ ချန်ပီယံလိဂ် မှာ မြင့်မားတဲ့ အခြေအနေ တရပ် သို့ ရောက်ရှိဖို့ စိုင်းပြင်းနေတဲ့ အသင်း တသင်း အဖြစ် ရပ်တည်လို့ နေပါတယ် ။

SPORTS MYANMAR