ဘယ်လ်ဂျီယမ် တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ လွန်ခဲ့တဲ့ ၈နှစ်ခန့်က ပြင်သစ် လီဂူဝမ်း ကလပ် လိုင်လီ အသင်း ကနေ ချဲလ်ဆီး အသင်း သို့ ပေါင်သန်း ၃၀ ဝန်းကျင် နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၊ ယင်း လန်ဒန် ကလပ် မှာ ၇နှစ် ကြာတဲ့ အထိ ကစားပေးသွားခဲ့ပါတယ် ။

ထိုစဉ် က ဟာဇတ် ဟာ လိုင်လီ အသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေခဲ့သလို ၊ ဥရောပ ထိပ်တန်း ကလပ် အတော်များများ ရဲ့ စိတ်ဝင်စားမှု ကို ကြီးကြီးမားမား ရရှိခဲ့တဲ့ လူငယ် ကြယ်ပွင့် ကစားသမား အဖြစ် ရပ်တည်ခဲ့ပါတယ် ။

မန်ချက်စတာ မြို့ခံ ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်ချက်စတာ စီးတီး အသင်းတွေဟာ ဟာဇတ် ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့် ၊ အဆုံးမှာ ချဲလ်ဆီး အသင်း က ကြားဖြတ် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့ပါတယ် ။

တော့တင်ဟမ် မန်နေဂျာဟောင်း တဦး ဖြစ်တဲ့ ဟယ်ရီ ရက်ဒ်နပ် ရဲ့ အဆိုအရတော့ ၎င်းတို့ အသင်း ဟာလည်း ဟာဇတ် ကို တခြား ထိပ်တန်း ကလပ်တွေနဲ့ အပြိုင် ခေါ်ယူနိုင်ဖို့ ဆွဲဆောင်နိုင်ခဲ့သလို ၊ ကစားသမား ကိုယ်တိုင် ကလည်း တော့တင်ဟမ် သို့ ပြောင်းလာချင်ခဲ့ပေမယ့် ၊ အဲ့ဒီတုန်းက ချန်ပီယံလိဂ် ဖလား ကို ပူပူနွေးနွေး ဆွတ်ခူးခဲ့တဲ့ ချဲလ်ဆီး အသင်းကြောင့် ၎င်းတို့ လက်လျှော့ခဲ့ရတယ် လို့ ပြန်ပြောင်း ပြောပြလာခဲ့ပါတယ် ။

Sky Sports News နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဟယ်ရီ ရက်ဒ်နပ် က ” ကျွန်တော် ဟာ အီဒင် ဟာဇတ် ကို တော့တင်ဟမ် ဆီ ခေါ်ယူနိုင်မယ့် အခွင့်အရေး ကို လက်တကမ်း အလိုမှ ဆုံးရှုံးခဲ့ရပါတယ် ။ ဟာဇတ် ကိုယ်တိုင်ကလည်း တော့တင်ဟမ် ကို လာချင်ခဲ့တာပါ ။ ”

” ဒါပေမယ့် သူက အဲ့ဒီနှစ် မှာ ချန်ပီယံလိဂ် ကစားခွင့် ရမှ တော့တင်ဟမ် ကို ပြောင်းလာမယ် လို့ ပြောခဲ့တာပါ ။ ကျွန်တော်တို့ဟာ အဲ့ဒီနှစ်မှာ အဆင့် ၄ နေရာကို ရောက်ရှိခဲ့ပြီး ၊ ချဲလ်ဆီး က အဆင့် ၆ နေရာ မှာ အဆုံးသတ်ခဲ့ပေမယ့် ၊ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တာကြောင့် ကျွန်တော် တို့က ဖယ်ပေးခဲ့ရပါတယ် ။ ”

” အဲ့ဒီတော့ အဆုံးမှာ ဟာဇတ် ဟာ ချဲလ်ဆီး ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ ဟာဇတ် ကို ပြိုင်ဖက် အသင်း တော်တော်များများ နဲ့ ယှဉ်ပြိုင်ပြီး အဆုံးမှာ ခေါ်ယူနိုင်ခဲ့လို့ ၊ အတော်လေး အကျိုး ရှိခဲ့ပါတယ် ။

ဒဏ်ရာ ရခဲ့တဲ့ အခိုက်အတန့် တချို့ က လွဲရင် ၊ ဟာဇတ် ဟာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်း တွေကို ချဲလ်ဆီး အသင်း မှာ ထုတ်ပြနိုင်ခဲ့ပြီး ၊ တဦးချင်းဆု များစွာ အပြင် ၊ ချဲလ်ဆီး အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၂ကြိမ် ၊ အက်ဖ်အေ ဖလား ၁ကြိမ် ၊ ယူရိုပါလိဂ် ၂ကြိမ် ၊ လိဂ်ဖလား ၁ကြိမ် တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

အခုအခါမှာတော့ ဟာဇတ် ဟာ ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ကစားသမား ဖြစ်နေပေမယ့် ၊ ဒဏ်ရာ ပြဿနာ များစွာနဲ့ လုံးပန်းနေခဲ့ရကာ ၊ ယင်း မက်ဒရစ် ကလပ် အတွက် လာလီဂါ သွင်းဂိုး ၁ဂိုးသာ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ် ။ ဒါဟာ မက်ဒရစ် ပရိသတ် တွေ အဖို့ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းလာတဲ့ ဟာဇတ် ဆီက မျှော်လင့်ထားတဲ့ ပုံစံမျိုး မဟုတ်တာတော့ သေချာလို့ နေပါတယ် ။

SPORTS MYANMAR