အိုဇေး နဲ့ အာဆင်နယ် တို့ အကြားက ဇာတ်လမ်းတွေ ကတော့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ကို ဆက်တိုက် ပေါ်ထွက်လာလျှက် ရှိပါတယ်။ပြီးခဲ့တဲ့ အပတ်က အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲဝင်ဖို့ အတွက် အသင်းရဲ့ ကစားသမား စာရင်းမှာ အိုဇေး ကို ချန်လှန်ခဲ့ပြီး နောက်ပိုင်း ၊ မီဒီယာတွေ ရဲ့ စာမျက်နှာထက် ကို ပြန်လည် နေရာယူလာခဲ့ ပါတယ်။

အိုးဇေးဟာ အာတီတာ နည်းပြသစ် ဖြစ်လာခဲ့ပြီး နောက်ပိုင်း စတင်ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် 10 ပွဲ မှာ ၊ ပွဲစဉ် အားလုံးရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်ခွင့် ရရှိခဲ့သူပါ။ သို့သော် ဗိုင်းရပ် ပြသနာတွေ ပေါ်ပေါက်လာပြီး နောက် ၊ ဘောလုံးပွဲစဉ်တွေ ပြန်လည် စတင်ချိန်မှာတော့ သူဟာ အသင်းအတွက် တစ်မီးနစ်မျှတောင် ပါဝင် ကစားခွင့် မရတော့ပါဘူး။

လက်ရှိ ဘောလုံးရာသီ စတင်ချိန်မှာ ဆိုရင် အိုဇေးဟာ အသင်းရဲ့ ကစားသမား စာရင်းမှာတောင် ပါဝင်လာခြင်း မရှိတော့ပါဘူး။ပြီးခဲ့တဲ့ လပိုင်းအတွင်းက ပြုလုပ်ခဲ့ဖူးတဲ့ အင်တာဗျူး တစ်ခုမှာတော့ အိုဇေး ကိုယ်တိုင်က “လစာ 12.5% လျှော့ယူဖု့ိ ငြင်းဆန်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး” သူ့ကို ဖယ်ထုတ်လိုက်တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ဖူး ပါတယ်။ သို့သော် အာတီတာ ကိုယ်တိုင်ကတော့ နည်းစနစ် ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့်ပဲလို့ သာ ပြန်လည် ဖြေရှင်းချက် ပေးခဲ့ ပါတယ်။

 

အာဆင်နယ် ဟာ လက်ရှိ လစာ အများဆုံး ပေးချေနေရတဲ့ အိုဇေးကို အသင်းကနေ ရောင်းထုတ်ပစ်ချင်နေတာ ထင်ရှားပါတယ်။ သို့သော် ကာယကံရှင် ကိုယ်တိုင်ကလဲ လက်ရှိ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် 2021 ခုနှစ် ဇွန်လ မှသာ ထွက်သွားဖို့ ဆန္ဒရှိတဲ့ အကြောင်း အခိုင်အမာကို ပြောဆိုထားခဲ့တာပါ။

အာဆင်နယ် ဟာ 2018 ခုနှစ် ဇန်နဝါရီ လ အတွင်းမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ် မှာတုန်းက အိုဇေး ကို အသင်းကနေ ထွက်သွားမှာ စိုးလို့ ၊ လစာ ပေးချေမှု + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ဘောနပ်ကြေး ပေးချေမှုတွေ အပြင် ၊ Loyalty Bonus (အသင်းမှာ သစ္စာရှိရှိ ဆက်နေတဲ့ ဘောနပ်ကြေး) ကိုပါ ပေးချေမယ်လို့ စာချုပ် မှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

 

သို့သော် အာဆင်နယ် အသင်း မျှော်လင့်ထားသူတွေ ရည်ရွယ်ခဲ့တာ နဲ့ တကယ့် လက်တွေ့ ဖြစ်ပျက်နေတာတွေက လုံး၀ ကို ဆန့်ကျင်လျှက်ရှိနေပါတယ်။ အိုဇေး ကို ဘေးခေါက်ထားလို့ စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ပေးချေရမယ့် ဘောနပ်ကြေးတွေ ကို ပေးစရာ မလိုပေမယ့် ၊ အသင်းမှာ ဆက်နေပေးတဲ့ ဘောနပ်ကြေး ပေါင် 8 သန်း ကို ပြီးခဲ့တဲ့ စက်တင်ဘာလ အကုန်ပိုင်းမှာ ထပ်မံ ပေးချေလိုက်ရတယ်လို့ နာမည်ကြီး သတင်းထောက်တွေက အခိုင်အမာ ပြောဆိုနေကြပါတယ်။

ပေါင် 8 သန်း ဆိုတဲ့ ပမာဏ ဟာ ကမ္ဘာ့ ထိပ်တန်းအဆင့် တိုက်စစ်မှုး တစ်ယောက် ရဲ့ တစ်နှစ် လုပ်ခ လစာထက်တောင် အနည်းငယ် များနေတာမို့ ၊ အိုဇေး အတွက်တော့ နေရင်း ထိုင်ရင်း ပွသွားခဲ့တယ်လို့ ပြောရမှာ ဖြစ်သလို ၊ အာဆင်နယ် အနေနဲ့လဲ စာချုပ်ပါ အချက်အလက်တွေကြောင့် ငွေတွေ ဆက်ပေးချေရင်း ပေးနေရဆဲ ဖြစ်တယ်လို့ မှတ်ချက် ပေးရမှာ ဖြစ်ပါတယ်။

အိုဇေး နဲ့ အာဆင်နယ် တို့ အကြားက ဆက်ဆံရေးတွေဟာ ဘယ်အတိုင်းအတာ အထိ ကျန်ရှိနေသေးလဲ ဆိုတာ ဒီလ 20 ရက်နေ့မှာ ထုတ်ပြန်မယ့် ပရီးမီးယားလိဂ် ကစားသမား စာရင်းမှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ အင်္ဂလန် ပြည်တွင်းက အပြောင်းအရွှေ့ ကာလတွေ ပိတ်သိမ်းသည့် တစ်ပြိုင်နက် ပရီးမီးယားလိဂ် ကလပ်တွေ အားလုံးဟာ ဒီရာသီမှာ ယှဉ်ပြိုင် ကစားမယ့် ဘောလုံးသမား စာရင်းကို ပြိုင်ပွဲ တာဝန်ရှိသူတွေထံ ပေးသွားရမှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ကစားသမား စာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အိုဇေး တစ်ယောက် ၊ ပရီးမီးယားလိဂ် စာရင်းမှာ ပြန်လည် ပါဝင်လာနိုင်မလား ဆိုတာ စောင့်ကြည့်လိုက်ကြရအောင်ဗျာ.

SPORTS MYANMAR