ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဖြစ်သူ ဖီးလစ်မာဂတ်က ပက်ဂွာဒီယိုလာဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ရန် လီယွန်နယ်မက်ဆီ အပေါ် မှီခိုခဲ့တာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး လီဗာပူး အသင်းရဲ့ ပြီးခဲ့တဲ့ အောင်မြင်မှုတွေ ကလည်း မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေကြောင့်လို့ သုံးသပ် သွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ဂွာဒီယိုလာရဲ့ လက်အောက်မှာ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူး နိုင်ခဲ့ပြီး ဖီးလစ်မာဂတ်က ဒါဟာ မက်ဆီရဲ့ အရည်အသွေးကြောင့်လို့ ပြောလိုက်ပါတယ်။ ကတ်တလန် ကလပ်ဟာ ဂွာဒီယိုလာ ပထမဦးဆုံး ကိုင်တွယ်ခဲ့တဲ့ ရာသီ ဖြစ်တဲ့ ၂၀၀၈-၀၉ ရာသီမှာ လာလီဂါ အမှတ်ပေးဖလား ၊ ကိုပါဒယ်ရေးဖလား နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးကာ တစ်ရာသီ အတွင်း ဖလား ၃ လုံး အောင်မြင်မှု ရရှိ ခဲ့ပါတယ်။

နောက်ထပ် ၂ နှစ် အကြာမှာလည်း ဂွာဒီယိုလာရဲ့ ဘာစီလိုနာ အသင်းဟာ ဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကိုပဲ ထပ်မံ အနိုင်ယူကာ ဥရောပ ချန်ပီယံ ထပ်ဖြစ်ခဲ့ပြီး ဒါဟာ ကလပ်ရဲ့ မော်ဒန်ဘောလုံးသမိုင်းမှာ အကောင်းဆုံး အခိုက်အတန့်တွေ ထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာကို ဖလား ၁၄ လုံးထိ ရယူ ပေးနိုင်ခဲ့ပြီးနောက် ၂၀၁၂ မှာ နူးကမ့်ကနေ ထွက်ခွာ ခဲ့ပြီး အဲဒီနောက် ဘိုင်ယန်မြူးနစ် နဲ့ မန်ချက်စတာစီးတီး တို့ကို ကိုင်တွယ် ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဖလား နဲ့တော့ ဝေးကွာလျက် ရှိနေပါတယ်။ ပက်ဟာ ဘိုင်ယန်နဲ့ အတူ ဘွန်ဒက်လီဂါ ဖလား ၃ ကြိမ်ဆက်တိုက် ဆွတ်ခူး ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် မှာတော့ ရီးရဲယ်မက်ဒရစ် ၊ ဘာကာ ၊ အက်သလက်တီကို တို့ကို ဆီမီးဖိုင်နယ် အဆင့်မှာ ဆက်တိုက် ရှုံးနိမ့် ခဲ့ပါတယ်။

မန်စီးတီးမှာလည်း ပက်ဟာ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ၊ အက်ဖ်အေဖလား ၁ ကြိမ် နဲ့ လိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးကာ ပြည်တွင်း ပြိုင်ပွဲကို လွှမ်းမိုး နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ မန်ချက်စတာ ကလပ်ကို ကွာတားဖိုင်နယ် အဆင့်ထက် ကျော်အောင် မပို့ပေး နိုင်ခဲ့ပါဘူး။ မာဂတ်က ဂွာဒီယိုလာရဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာပေး system ကို မေးခွန်းထုတ်လိုက်ပြီး ဘာကာမှာ ဒီနည်းဗျူဟာ အလုပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းက မက်ဆီလို ပွဲတစ်ပွဲကို အချိန်မရွေး အဆုံးအဖြတ် ပေးနိုင်ခဲ့သူ ရှိနေတာကြောင့်လို့ ဆိုလိုက်ပါတယ်။

မာဂတ်က “ချန်ပီယံလိဂ် ဖလားတွေကို မက်ဆီ ရယူ ပေးခဲ့တာပါ။ ဂွာဒီယိုလာ မဟုတ်ပါဘူး။ မက်ဆီ မရှိဘဲ ဒီနည်းဗျူဟာ အလုပ်မဖြစ်ပါဘူး။ မဟုတ်ရင် ဘိုင်ယန် နဲ့ မန်စီးတီး တို့မှာ သူ ချန်ပီယံလိဂ် ဖလားတွေ ဆွတ်ခူး နိုင်ခဲ့တာ ကြာနေပြီပေါ့။ တီကီတာကာ ဟာ ကိုယ့်အသင်းမှာ ပြိုင်ဘက်တွေထက် အရည်အသွေးပိုင်း နည်းစနစ်ပိုင်း ခေါင်းတစ်လုံး သာနေတဲ့ ကစားသမားတွေ ရှိမှ အလုပ် ဖြစ်ပါတယ်။

ပရိတ်သတ် တစ်ဦး အနေနဲ့ ဒီလို ဘောလုံးချည်းပဲ ကိုင်ကစား နေတာဟာ ငြီးငွေ့စရာ ကောင်းပါတယ်။ ထိပ်တန်း အသင်း တစ်သင်း အနေနဲ့ ဒါဟာ မလိုအပ်ပါဘူး။ ကျွန်တော့်ရဲ့ အမြင်အရ ဂွာဒီယိုလာဟာ နိုင်ပွဲတစ်ပွဲ ရယူဖို့ ကြိုးစားတဲ့ နေရာမှာ ဒီနည်းစနစ်ကြီးကို တအား အသားပေးလွန်းအားကြီး တာကြောင့် အခြား လုပ်သင့်တဲ့ အရာတွေ မလုပ်ခဲ့ပါဘူး။ ဒီနည်းစနစ်ဟာ များသောအားဖြင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ လုပ်မိ စေပြီး ဒါဟာ အောင်မြင်မှု အတွက် အတားအဆီး ဖြစ်စေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် ဖလားကို လီဗာပူး အသင်းထံ လွဲပြောင်း ပေးခဲ့ရပြီး ယာဂန်ကလော့ရဲ့ အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလားကို လက်ကျန် ၇ ပွဲ အလိုမှာတင် သက်တောင့်သက်သာ ဆွတ်ခူး နိုင်ခဲ့ပါတယ်။ မာဂတ်က လီဗာပူးရဲ့ အောင်မြင်မှု တွေဟာ ကလော့ရဲ့ နည်းဗျူဟာထက် စာရင် အပြောင်းအရွေ့ ဈေးကွက်မှာ ၎င်းတို့ရဲ့ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှု တစ်ချို့ကြောင့်လို့ ယုံကြည် နေပါတယ်။

မာဂတ်က “ယာဂန်ကလော့ဟာ သူ့ရဲ့ system ကို အောင်မြင်မှု ရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ နည်းဗျူဟာကြောင့် မဟုတ်ဘဲ ကစားသမား ခေါ်ယူတဲ့ နေရာမှာ သူ့ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ပါတယ်။ အကယ်၍ လီဗာပူးသာ နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ကို ပေါင် ၇၅ သန်း ၊ ဂိုးသမား အလီဆွန်ကို ပေါင် ၆၇ သန်း နဲ့ မခေါ်ယူနိုင်ခဲ့ဘူး ဆိုရင် ဒီ system ဟာ အောင်မြင်မှု ရနိုင်မှာ မဟုတ်ပါဘူး။ အတိတ်မှာ ကျွန်တော် ဒါကို counter-attacking လို့ ခေါ်ခဲ့ပေမယ့် ဒီနေ့မှာတော့ ‘Gegenpressing’ လို့ ဒါကို ခေါ်နေပါတယ်။” လို့ ဆိုခဲ့ပါတယ်။