အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံး နေ့ရက်မှာ အက်သလက်တီကို မက်ဒရစ် အသင်း ရဲ့ ကွင်းလယ်လူ သောမက်စ်ပါတေး ကို စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၅၀ ပေးပြီး ခေါ်ယူ နိုင်ခဲ့ပါတယ် ။

ပါတေး ဟာ ဂါနာလက်ရွေးစင်နဲ့ သွားရောက် ပူးပေါင်း နေရတာကြောင့် အသင်း ဝတ်စုံ နဲ့ ဓါတ်ပုံ ရိုက်တာတွေ ၊ အင်တာဗျူး အစီအစဉ်တွေကို မနေ့ညကမှ စတင် ပြုလုပ် နိုင်ခဲ့ပြီး ဒီနေ့မှာ အသင်းနဲ့ အတူ စတင် လေ့ကျင့်ခန်း စဆင်း ခဲ့ပါတယ် ။

ပါတေး က မီဒီယာတွေနဲ့ အွန်လိုင်းကနေ အမေးအဖြေ ပြုလုပ် ခဲ့ရာ သူ့ရဲ့နာမည်ပြောင် ရေဘဝဲ ဖြစ်ပေါ် လာပုံ ကို ရှင်းပြ သွားခဲ့ပါတယ် ။ ” ကျွန်တော် အမြဲတမ်း ပြောလေ့ ရှိပါတယ် ၊ ကျွန်တော်သာ တိရစ္ဆာန် တစ်ကောင် ဖြစ်မယ်ဆို ရေဘဝဲ ပဲ ဖြစ်လိမ့်မယ် ဆိုတာကိုပေါ့ ။ ”

” ကျွန်တော် မှတ်မိသလောက်ကတော့ အယ်မီရီးယား အသင်းမှာ သွားရောက် ကစားစဉ်တုန်းက ကျနော်ဟာ ပြိုင်ဘက်တွေ ဆီက ဘောလုံး ကြားဖြတ် ရယူနိုင်တာကြောင့် သူတို့က ‘ရေဘဝဲ’ လို့ နာမည်ပြောင်ပေးပြီး ခေါ်ခဲ့ကြပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် ပါတေး က သူ့ရဲ့အင်္ကျီ နောက်ကျောမှာ ပါတေး လို့ မရေးဘဲ ဘာကြောင့် ‘သောမက်စ်’ လို့ ရေးတာလဲဆိုတာကိုလည်း ရှင်းပြ သွားခဲ့ပါတယ် ။ ” နေရာတိုင်းမှာ ပါတေး လို့ပဲ ပြောဆို သုံးနှုန်းကြတာကို တွေ့ပါတယ် ၊ ဓါတ်ပုံ ဆရာကတောင် ကျွန်တော့် အင်္ကျီမှာ ပါတေး လို့ ဘာကြောင့် မရေးတာလဲလို့ မေးခဲ့ပါသေးတယ် ။ ”

” ကစားသမား ဘဝ ကို သောမက်စ် နာမည် နဲ့ ပဲ စတင် ခဲ့တာကြောင့် ဖြစ်ကြောင်း ပြန်ရှင်းပြ ခဲ့ရပါတယ် ၊ လူတွေက သောမက်စ် ဆိုတဲ့ နာမည် နဲ့ပဲ ပိုရင်းနှီး ကြပါတယ် ၊ ဒါကြောင့် သောမက်စ် နာမည် နဲ့ပဲ ဆက်ကစား နေခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် မန်ချက်စတာ စီးတီး အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ ။ ပါတေး က မန်စီးတီး နဲ့ ပွဲမှာ ပါဝင် ကစားချင်ကြောင်းလည်း ပြောကြား သွားခဲ့ပါတယ် ။

 

” ကျွန်တော်က ပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ကစားရတာကို သဘောကျသူပါ ၊ ဒါပေမယ့် ပွဲထွက် ကစားခွင့်က နည်းပြ အပေါ်ပဲ မူတည်ပါတယ် ၊ သူ ကျနော့်ကို ကစားစေချင်သလား မကစားစေချင်သလားပေါ့ ၊ နည်းပြ အပေါ် မူတည်ပါတယ် ။ ”

” ကျွန်တော်ကတော့ အသင်းသားတွေနဲ့ အရင်ဆုံး အသားကျအောင်လုပ်မယ် ၊ ပြီးရင် လေ့ကျင့်ခန်း ဆင်းမယ် ၊ မီခေးလ် ရဲ့ ဆုံးဖြတ်ချက်ပါပဲ ၊ ကျနော်က ခုမှ အသင်းကို ရောက်တာ ဆိုတော့ ပြင်ဆင် နေတုန်းပါ ၊ ဒါပေမယ့် ကျွန်တော့် အနေနဲ့ အသင်းရဲ့ကစားပုံ နဲ့ အသားကျဖို့ လိုအပ်ပါတယ် ။ ”

” ကျွန်တော်ကတော့ အသင်းနဲ့ အမြန်ဆုံး အသားကျအောင် ကိုယ်တက်နိုင်သလောက် လေ့လာ သင်ယူသွားပါမယ် ၊ လေ့ကျင့်ရေးကွင်းမှာ နည်းပြ ခိုင်းတဲ့ အရာ အားလုံးကို လုပ်ဆောင်ပြပြီး ပွဲကစားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြသသွားမှာပါ ။” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR