2013 ခုနှစ် က အာဆင်နယ် အသင်းဟာ လီဗာပူး တိုက်စစ်မှုး လူးဝစ် ဆွာရက် ကို ပေါင် သန်း 40 + 1 ပေါင် နဲ့ ကမ်းလှမ်းခဲ့တဲ့ အဖြစ်အပျက် ကို ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။

အဲဒီ အချိန်က လီဗာပူးဟာ ဘရန်ဒန် ရော်ဂျာ နဲ့ အတူ ပထမ ဘောလုံးရာသီ ဖြတ်သန်း ပြီးချိန် ဖြစ်ပြီး ၊ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် နဲ့ လွဲချော်ထားချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဆွာရက်ဟာ အသင်းကနေ ထွက်ခွာဖို့ အတွက် ဟန်ပြင်နေခဲ့ကာ ၊ အာဆင်နယ် နဲ့ အတူ ချန်ပီယံလိဂ် ကစားခွင့် ရဖို့ အတွက် မျှော်လင့်ချက် ထားလာခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဆွာရက် ကို ပေါင် သန်း 40 ကျော် နဲ့ သာ ကမ်းလှမ်းမယ် ဆိုပါက လီဗာပူး ဘက်က လက်ခံပေးနိုင်တယ် ဆိုတဲ့ သတင်းတွေ ပြန်လည် လက်ခံရရှိခဲ့တာကြောင့် ၊ ပေါင် သန်း 40 + 1 ပေါင် နဲ့ ကမ်းလှမ်းရင်း ကမ္ဘာကျော် အပြောင်းအရွှေ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်သွားခဲ့ ပါတယ်။

အဲဒီ ကမ်းလှမ်းမှု အပေါ် လီဗာပူး အသင်းပိုင်ရှင် ဟင်နရီ က ဒေါသတကြီး နဲ့ တုန့်ပြန်ခဲ့သလို ၊ သူ့ရဲ့ တွစ်တာ အကောင့်တဆင့် အာဆင် ဝင်းဂါး ကို ရည်ညွှန်းတဲ့ စတေးတပ်တွေကိုပါ တင်ခဲ့ဖူးပါတယ်။

သို့သော်လဲ အာဆင်နယ် နည်းပြဟောင်းကြီး ကိုယ်တိုင်ကတော့ ဆွာရက် ရဲ့ စာချုပ် မှာ ပေါင် သန်း 40 နဲ့ အထက် ကမ်းလှမ်းမှု ရမှ အသင်းကနေ ထွက်ခွင့်ပေးမယ် ဆိုတဲ့ အချက်မျိုး ပါဝင်ခြင်း မရှိဘူးလို့ ကြိုသိနေတာကြောင့် ၊ အဲဒီ လို 1 ပေါင် တိုးပေးပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်း သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ထုတ်ဝေခဲ့တဲ့ Arsene Wenger: My Life in Red and White စာအုပ်ထဲမှာတော့ ဆွာရက် ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး အခုလို ဖော်ပြသွားခဲ့ပါတယ်။

“2013-2014 ဘောလုံးရာသီမှာ ကျနော် တို့က လူးဝစ် ဆွာရက် ကို အရ ခေါ်ယူဖို့ အတွက် နည်းလမ်းတွေ ရှာဖွေနေခဲ့တာပါ။

ကစားသမား ကိုယ်တိုင် နဲ့ရော ၊ သူ့ရဲ့ အေးဂျင့် ဖြစ်သူ နဲ့ပါ သဘောတူညီမှုလဲ ရယူနိုင်ခဲ့ ပါတယ် ဒါပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ အေးဂျင့် ပြောပြလာတာ က ပြောင်းရွှေ့ကြေး ပေါင် သန်း 40 နဲ့ အထက် ရရှိမှ ၊ လီဗာပူး က ရောင်းချမှာ ဖြစ်တဲ့ အချက်အလက်မျိုး စာချုပ်သဘောတူညီမှု ပါဝင်နေတယ် လို့ ပြောလာပါတယ်။

ကျနော် ရထားတဲ့ သတင်း အချက်အလက်တွေ အရ ၊ အဲဒီ အချက်က လုံး၀ မရှိဘူး ဆိုတာပါ။ ဒါကြောင့် ပေါင် 40000001 သန်း နဲ့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

ပြန်တွေးကြည့်တာတော့ တော်တော်လေး ရယ်စရာ ကောင်းတယ် ဆိုတာ ဝန်ခံရမှာပါ။

ဒါပေမယ့် တကယ့် လက်တွေ့မှာက လီဗာပူးဟာ ဆွာရက် ကို လုံး၀ ရောင်းချင်တဲ့ ဆန္ဒ မရှိသလို ၊ သူ့ကို ထိန်းထားနိုင်တဲ့ အခြေအနေမျိုး ရှိလို့ အပြောင်းအရွှေ့ ဖြစ်မလာခဲ့တာပါ။ အဲဒီ အချိန်မှာ ဘာစီလိုနာ ရဲ့ စိတ်ဝင်စားမှုကလဲ ရှိလာခဲ့ပါပြီ” လို့ ဖော်ပြသွားခဲ့ ပါတယ်။

နောက်ဆုံး မှာတော့ ဆွာရက်ဟာ လီဗာပူး မှာပဲ ဆက်ရှိုဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့သလို ၊ အသင်းအတွက် 33 ပွဲ ပါဝင် ကစားပေးပြီး 31 ဂိုး အထိ သွင်းယူပေးခဲ့ကာ ၊ ပရီးမီးယားလိဂ် ချန်ပီယံဆု နဲ့ အနီးစပ်ဆုံး ဖြစ်အောင် အထိ ကူညီပေးနိုင်ခဲ့ ပါတယ်။

ရာသီ အကုန် ရောက်ရှိလာချိန်မှာတော့ ဘာစီလိုနာ အသင်း ကို ပေါင် 65 သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့ ပါတယ်။