အာဆင်နယ် အသင်းရဲ့ ကစားသမားသစ် သောမက်စ် ပါတေး ဟာ အာဆင်နယ် ဝက်ဆိုဒ် နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ဟီးရိုး ၊ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ ၊ skillful အဖြစ်ဆုံး ဘောလုံးသမား စတဲ့ မေးခွန်း အတိုအထွာလေးတွေကို ဖြေကြား ပေးသွားခဲ့ပါတယ် ။

အာဆင်နယ် နဲ့ ပါတေး တို့ရဲ့ အမေး အဖြေတွေကို Sports Myanmar ပရိသတ်ကြီးအတွက် ဖော်ပြ ပေးလိုက်ပါတယ် ။

ဘောလုံး နဲ့ ပတ်သက်တဲ့ ပထမဆုံး အမှတ်တရ က ဘာဖြစ်မလဲ ?

ကျွန်တော့် အဖေနဲ့ လေ့ကျင့်ရေးကွင်းမှာ ဘောလုံး အတူ ကစားခဲ့တာပါ ၊ သူ့ သူငယ်ချင်းတွေလည်း ပါပါတယ် ။

မင်းရဲ့ ဟီရိုး က ဘယ်သူလဲ ?

မိုက်ကယ် အက်ဆီယန် ပေါ့ဗျာ ၊ သူက ဂါနာ ဘောလုံး အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားပါပဲ ။

ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူကကော ဘယ်သူလဲ ?

တိုနီခရူးစ် ပါ ၊ သူက ဘောလုံး ကိုင်ကစားတာ အေးဆေး တည်ငြိမ် သလို ဘောလုံးကိုလည်း အကောင်းဆုံး ကစားနိုင်စွမ်း ရှိသူပါ ။

ကမ္ဘာ့ အရည်အသွေး အရှိဆုံး ဘောလုံးသမားက ဘယ်သူ ဖြစ်မလဲ ?

နေမာ ပေါ့ဗျာ ၊ ဘာကြောင့်လဲဆိုတော့ သူ့ဆီက ဘောလုံး ရအောင် ယူနိုင်ဖို့ အင်မတန် ခက်ခဲပါတယ် ။

ပထမဆုံး ပိုင်ဆိုင်ခွင့် ရတဲ့ ဘောလုံး အင်္ကျီ ?

ဂါနာ အသင်း အင်္ကျီပါ ၊ အဖေ က ကျွန်တော့်အတွ​က် ဝယ်ပေးခဲ့တာပါ ။

နာမည်ပြောင် ?

‘Senegal’ ပါ ၊ ကျွန်တော် ကစားပုံက အဖေ့ရဲ့ သူငယ်ချင်း ‘Senegal’ နဲ့ ကစားပုံ ဆင်တူတာကြောင့်ပါ ။

သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ?

ကျွန်တော်ကတော့ မိုက်ကယ် အက်ဆီယန် လို့ပဲ ပြောမှာပါ ၊ သူက ကျနော့် ဟီးရိုး ၊ ကျနော့် idol ပါ ။

ကစားခဲ့ဖူးသမျှ ပွဲတွေထဲမှာ အကောင်းဆုံးသောပွဲ ?

အမ်းမရိတ်မှာ ကစားခဲ့ရတဲ့ အာဆင်နယ် နဲ့ ပွဲပါ ၊ ကျွန်တော်တို့ တစ်ဖက် တစ်ဂိုးစီ သရေ ကျခဲ့ပါတယ် ။

သွင်းခဲ့ဖူးသမျှ ဂိုးတွေထဲမှာ အကောင်းဆုံးသော သွင်းဂိုး ?

ကာရာဘက် နဲ့ ချန်ပီယံလိဂ် ပွဲက သွင်းဂိုးပါ ၊ ဂရစ်ဇ်မန်း ဖန်တီး ပေးခဲ့တဲ့ သွင်းဂိုးပေါ့ ။

ဘောလုံးအပြင် တခြား ဝါသနာ ?

ဘောက်ဆင် ပွဲတွေ ကြည့်ရတာ ကြိုက်ပါတယ် ၊ သူငယ်ချင်းတွေ နဲ့ ဗွီဒီယိုဂိမ်း ကစားရတာရယ် စာအုပ်ဖတ်တာရယ်ပါ ။

နောက်ဆုံး ဖတ်ခဲ့တဲ့ စာအုပ် ?

How to influence People ပါ ( အမှန်က how to win friends and influence People ဖြစ်ပါလိမ့်မယ် )

ဘောလုံး ကစားရာမှာ အလိုချင်ဆုံး အရာ က ဘာဖြစ်မလဲ ?

အနိုင်ရလဒ် ၊ ဆုဖလား အောင်မြင်မှု နဲ့ အသင်းဖော်တွေ နဲ့ အောင်ပွဲ ခံတာတွေပေါ့ဗျာ ။

North London is —- ?

Red

SPORTS MYANMAR