ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ည ကပဲ ၎င်းတို့ရဲ့ ၂၀၂၀ – ၂၀၂၁ ဘောလုံး ရာသီ ၊ ပရီးမီးယားလိဂ် ကစားသမား ၂၆ယောက် စာရင်း ကို ထုတ်ပြန်ခဲ့ရာ ၊ အံ့အားသင့်ဖွယ် တရက် အဖြစ် ၊ ဂိုးသမား နေရာ တနေရာ အတွက် အနားယူသွားတဲ့ အသင်း ရဲ့ ဂန္တဝင် ဂိုးသမားဟောင်း ပီတာချက် ကို အရေးပေါ် အခြေအနေ အဖြစ် ခေါ်ယူခဲ့ပါတယ် ။

အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး မပြီးဆုံးသေးခင် အချိန် ကာလ အတွင်း ၊ ဂိုးသမား ၃ဦးတည်းနဲ့ လုံလောက်မှု ရှိတယ် လို့ ယူဆထားခြင်း မရှိတဲ့အပြင် ၊ ဗိုင်းရပ်စ်ကြောင့် အရေးပေါ် အခြေအနေ ကြုံလာခဲ့ရင် အသုံးပြုဖို့ အနေနဲ့ ပီတာချက် ကို ခေါ်ယူထားခြင်း ဖြစ်ပါတယ် ။

ဒီရာသီ အတွင်း ၊ ကျန်ရှိသေးတဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၃ပွဲမှာ ပီတာချက် တယောက် ဝင်ကစားဖို့ အခွင့်အရေး က အလွန့်အလွန် နည်းပါးနေပေမယ့် ၊ ချဲလ်ဆီး ပရိသတ် အများစု ကတော့ ၎င်းတို့ ချစ်မြတ်နိုးရတဲ့ ဂန္တဝင် ဂိုးသမားကြီး ကို မြက်ခင်းစိမ်း မှာ ပြန်ကစားတာကို တပွဲတလေ ဖြစ်ဖြစ် မြင်လိုနေကြမှာ သေချာပါတယ် ။

ချဲလ်ဆီး ပရိသတ်တွေ သာမက ၊ ကွင်းလယ်လူ ဂျော်ဂျင်ဟို ကလည်း သူ့ရဲ့ အိုင်ဒေါ တယောက် ဖြစ်တဲ့ ပီတာချက် နဲ့ တကယ့် ပွဲစဉ် တပွဲမှာ အတူတူ ကစားဖို့ စိတ်အားထက်သန်နေကြောင်း နဲ့ ပီတာချက် နဲ့ play station ဂိမ်းထဲမှာသာ အတူတူ တွဲကစားခဲ့ဖူးကြောင်း ဖွင့်ဟလာပါတယ် ။

Daily Mirror နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဂျော်ဂျင်ဟို က ” သူဟာ ကျွန်တော်တို့ အသင်း အတွက် အများကြီး အထောက်အကူ ပြုပေးနိုင်ပါတယ် ။ ဒီ ကလပ် ရဲ့ ဂန္တဝင် လည်း ဖြစ်သလို ၊ အတွေ့အကြုံ လည်း ကြွယ်ဝလွန်းပါတယ် ။ ဒါကြောင့်မို့ အဝတ်လဲခန်းထဲမှာ သူဆီကနေ အကူအညီတွေ အများကြီး ရနိုင်ပါတယ် ။ ”

” အကယ်၍ အရေးပေါ် ကစားဖို့သာ လိုအပ်လာရင် သူ ကောင်းကောင်း ကစားနိုင်စွမ်း ရှိပါသေးတယ် ။ ကျွန်တော့ အတွက် ကတော့ သူနဲ့ အတူ တွဲကစားခွင့် ရရင် တကယ် ဝမ်းသာ ဂုဏ်ယူစရာ ဖြစ်လာမှာပါ ။ ဘာလို့လဲ ဆိုတော့ Play Station ဂိမ်းမှသာ ကျွန်တော် သူနဲ့ ကစားဖူးလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကလည်း ပီတာချက် ဟာ လောလောဆယ် မှာ ကြံ့ခိုင်မှု အလွန် ပြည့်နေပြီး ၊ အရေးပေါ် ကစားဖို့ လိုလာရင် ၎င်းရဲ့ အသင်းဖော်ဟောင်း ဟာ အစွမ်းကုန် ပေးဆပ် ကစားမှာ ဖြစ်ကြောင်း ထောက်ခံ ပြောဆိုခဲ့ပါတယ် ။ သို့ပေမယ့် ပီတာချက် အတွက် ပရီးမီးယားလိဂ် မှာ ကစားခွင့် ရဖို့က အခွင့်အလမ်း နည်းပါးတဲ့ အကြောင်းလည်း ၎င်းက ထပ်မံ ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ် ။

 

တဖက်မှာ ဂျော်ဂျင်ဟို ဟာ ကစားသမား ဘဝ ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ကို လာရောက် အခြေချလာတဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ကို အင်္ဂလန်မြေ မှာ အထိုင်ကျအောင် တဖက်တလမ်း က ဘယ်လို ကူညီပေးနေတဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

ဂျော်ဂျင်ဟို က ” လူကပ် ကစားဖို့ ၊ ခံစစ် ဆင်းဖို့ ၊ တိုက်စစ် တက်ဖို့ ၊ လှည့်ထွက်ဖို့ ၊ ပုံစံ ပြောင်းကစားဖို့ အစရှိတာတွေက အသင်းကို ဦးဆောင်သူ တယောက် အနေနဲ့ ကွင်းထဲမှာ အော်ပြီး အမိန့်ပေးရတဲ့ အဓိက စကားလုံးတွေ ဖြစ်ပါတယ် ။ ”

” မေးခွန်းတွေ ၊ မရှင်းမလင်း ဖြစ်တာတွေ ရှိလာတဲ့အခါ ၊ သီယာဂို ကျွန်တော့ဆီက အကူအညီ တောင်းလေ့ ရှိပါတယ် ။ ကျွန်တော် ကလည်း တတ်နိုင်သလောက် ကူညီပေးပါတယ် ။ ကျန်တဲ့ ကစားသမား အများစုနဲ့ ကျတော့ သူဟာ လက်ဟန် ခြေဟန် ၊ ကိုယ်အမူအရာတွေနဲ့သာ ဆက်သွယ်လို့ ရပေမယ့် ၊ ကျွန်တော့ ကိုတော့ သူ ဘရာဇီး ဘာသာ စကား နဲ့ တိုက်ရိုက် စကားပြောလို့ ရပါတယ် ။ ”

” ကျွန်တော် ကနေ တဆင့် သူ ပြောချင်တဲ့ အကြောင်းအရာ တွေကို တခြား အသင်းဖော် တွေဆီကို အချက်အလက် မျှဝေပေးလေ့ ရှိပါတယ် ။ ကွင်းတွင်းကွင်းပြင် မှာတော့ ကျွန်တော် တို့ဟာ တယောက် ကို တယောက် အမြဲ ကူညီကြပါတယ် ။ သီယာဂို ဟာ ကွင်းတွင်း စကား အများအပြား ပြောဆိုတတ်သူပါ ။ ”

” ခံစစ်ပိုင်း အရ သူဟာ အလွန် အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်ပြီး ၊ နည်းစနစ်ပိုင်း အရလည်း ကျွမ်းကျွမ်းကျင်ကျင် နားလည်သူ ဖြစ်ပါတယ် ။ မြင့်မားတဲ့ ဘောလုံး ပြိုင်ပွဲ အဆင့်အတန်း တခုမှာ အချိန် ကြာရှည်စွာ ကစားလာခဲ့သူလည်း ဖြစ်ပါတယ် ။ သူ့လို ကြီးကျယ်တဲ့ ကစားသမား တယောက် ကို အသင်းမှာ ပိုင်ဆိုင်ထားရတာ အရမ်း အဓိပ္ပာယ် ရှိပါတယ် ။ ”

” သီယာဂို ကိုယ်တိုင်လည်း ချဲလ်ဆီး အသင်း မှာ အရမ်း ပျော်ရွှင်နေပါပြီ ။ သူဟာ အသင်း အပေါ် ကြီးကြီးမားမား လွှမ်းမိုးမှု ရှိသလို ၊ ကျွန်တော်တို့ အားလုံး ကိုလည်း သူ ပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံ တွေနဲ့ အကူအညီ ပေးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR