မနေ့ညက ကစားခဲ့တဲ့ ရက်ပစ် ဗီယင်နာ အသင်း နဲ့ ပွဲမှာ အာဆင်နယ် အတွက် ပွဲထွက် ကစားခဲ့ပြီး MOTM ဖြစ်ခဲ့တဲ့ သောမက်စ်ပါတေး ဟာ ဂန်းနား ဂန္တဝင် ကွင်းလယ်လူ ဗီအဲရာ လို ကစားသမားမျိုး ဖြစ်ကြောင်း မာတင်ကီယွန် က ချီးကျူး လိုက်ပါတယ် ။

ယူရိုပါလိဂ် အုပ်စု အဖွင့် ပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဩစတီးယား ကလပ် ရက်ပစ် ဗီယင်နာ ကို နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစား ခဲ့ရပြီး နှစ်ဂိုး တစ်ဂိုး နဲ့ အနိုင် ရရှိ သွားခဲ့ပါတယ် ။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ဒေးဗစ်လူးဝဇ် နဲ့ အူဘာမီယန်း က သွင်းယူ ပေးခဲ့တာပါ ။

အာဆင်နယ် အသင်း ကစားသမားသစ် ပါတေး ဟာ ရက်ပစ် ဗီယင်နာ နဲ့ ပွဲမှာ အသင်း အတွက် ပထမဆုံး ပွဲဦးထွက် ကစားခဲ့ကာ တိုက်စစ်ကော ခံစစ်မှာပါ ခြေစွမ်းပြ နိုင်ခဲ့ပြီး ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ပါတယ် ။

BT Sports ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာလည်း အင်္ဂလန် ကစားသမားဟောင်း နှစ်ဦး ဖြစ်တဲ့ ဟားရေဗ့် နဲ့ ကီယွန် တို့က ပါတေး ရဲ့ စွမ်းဆောင်ရည် ကို ချီးကျူး ခဲ့ကြပါတယ် ။ ဟားဂရဗေ့် က ” ရိုးရိုးသားသား ပြောရရင် သောမက်စ် ပါတေး ရဲ့ပွဲဦးထွက် ခြေစွမ်းက ကျနော် မြင်ဖူးသမျှ ထဲမှာ ပွဲဦးထွက်တွေထဲမှာ အကောင်းဆုံးပါပဲ ။ ”

မာတင်ကီယွန်ကလည်း ” ကစားသမား တစ်ယောက် ဘယ်လောက်အထိ အရည်အသွေး ရှိသလဲ ဆိုတာ ကို သူ့ရဲ့ ဘောလုံး ထိန်းသိမ်းပုံ ၊ ကစားပုံတွေ ကြည့်ရုံနဲ့တင် ချက်ချင်း သိမြင် နိုင်တယ်လို့ ထင်ပါတယ် ။ သူကစားတာ တကယ့်ကို သေသပ် ညက်ညောသလို အရည်အသွေးလည်း မြင့်မားပါတယ် ၊ နေရာတိုင်းမှာကို ရှိနေခဲ့တာပါ ။ ”

” သူ့ရဲ့ ဘောလုံး သယ်ပုံ ၊ ဆွဲပြေး ကစားပုံတွေက ဗီအဲရာ နဲ့တောင် ဆင်တူပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။ ဟားဂရေဗ့် ကလည်း ” အားလုံးက သူ့ကို စောင့်ကြည့် နေကြတာပါ ၊ သူက holding midfielder တစ်ဦးပါ ။ ”

” သူက တစ်ပွဲလုံး ပြေးလွှား ကစားနေခဲ့တာပါ ၊ သူက ချန်ပီယံလိဂ် မှာ ကစားခဲ့တာကြောင့် ဒီလိုပွဲတွေက သူ့အတွက် လွယ်ကူတာ ဖြစ်နိုင်တယ်လို့ ခင်ဗျားတို့ ပြောနိုင်ပါတယ် ။ long pass ၊ short pass တွေ ကောင်းသလို ခံစစ်နဲ့ ကွင်းလယ် ၊ ကွင်းလယ် နဲ့ တိုက်စစ်ကြားမှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ် ။ ခံစစ်မှူးတွေ နေရာယူမှားရင်တောင် သူက ပြန်ဆယ်ပေးဖို့ အဆင်သင့် ရှိနေခဲ့ပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကလည်း ပါတေး ရဲ့ ပွဲဦးထွက် ခြေစွမ်းကို ” သူက တကယ့်ကို ကျစ်လစ်တဲ့ ပုံစံ ပြသ သွားခဲ့ပြီး သက်သောင့်သက်သာ ကစားသွားခဲ့ပါတယ် ၊ ကျွန်တော်တို့ ဒုတိယပိုင်း အတွင်း တိုက်စစ် လမ်းကြောင်း ပွင့်လာပြီး အခွင့်အရေး ရလာတဲ့ အချိန် ၊ နေရာလွတ်​တွေ ရလာချိန်မှာ သူက ကွင်းလယ်ကို အဓိက ဦးဆောင် ခဲ့တာပါ ။ ”

” ဒါပေမယ့် သူ တစ်ယောက်တည်း နဲ့ ဒီလို လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး ၊ အသင်းဖော်တွေရဲ့ ပံ့ပိုးမှု၊ ကြောင့်ပါ ။ ကျွန်တော်တို့ သူ့အတွက် ပေးချေ ခဲ့ရတဲ့ ဈေးနှုန်းကို သိသလို သူ့အကြောင်းလည်း သိပါတယ် ၊ အခုဆို လူအများစုက သူ့ရဲ့ခြေစွမ်းကို အလေးထား စောင့်ကြည့်ကြပါတော့မယ် ။ ”

” ကျွန်တော်တို့ အသင်းရဲ့ တည်ဆောက်ပုံ နဲ့ သွားနေတဲ့ လမ်းကြောင်း ၊ အသင်းရဲ့ စုဖွဲ့မှုမှာ ပါတေး က တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ် ၊ ကြီးမားတဲ့ အစိတ်အပိုင်းပေါ့ဗျာ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SM