ချဲလ်ဆီး အသင်း ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း မှာ ကစားသမားသစ် ၇ဦး အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၂၀ ကျော် အထိ သုံးစွဲခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ အစပိုင်းမှာ Transfer ban ထိခဲ့သလို ၊ ဇန်နဝါရီ အပြောင်းအရွှေ့ ပြုလုပ်ခွင့် အတွက် အယူခံ အောင်မြင်ခဲ့ပေမယ့် ၊ ကစားသမားသစ် ထပ်မဖြည့်ခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ အခုအချိန် မှာမှ အနာဂတ် အတွက်ပါ ရည်ညွှန်းပြီး တချို့ ထိပ်တန်း အဆင့် ကြယ်ပွင့် ကစားသမားကောင်း တွေကို ခေါ်ယူထားတာ ဖြစ်ပါတယ် ။

လက်ရှိ မော်ဒန် ဘောလုံး လောက အတွင်း အပြောင်းအရွှေ့ အသုံးစရိတ် အတွက် ပေါင်သန်း ၂၀၀ ဆိုတာ ပုံမှန် မြင်တွေ့နေကြ ပမာဏ ဖြစ်သလို ၊ အခုလက်ရှိ ချဲလ်ဆီး အသင်း ခေါ်ယူထားတဲ့ ကစားသမား ၆ဦးစလုံး ဟာ အသင်း အတွက် တကယ်ကို လိုအပ်လို့ ခေါ်ယူထားတာ ဖြစ်တယ် ဆိုတာ အပြင်ပန်း ကြည့်ရုံနဲ့ကို သိနိုင်မှာ ဖြစ်ပါတယ် ။

ဒီရာသီ ခေါ်ယူထားတဲ့ ကစားသမား ၇ဦး မှာ အလွတ် နဲ့ ရခဲ့တဲ့ မာလန်းဆား ကို အငှားချခဲ့တာ က လွဲရင် ၊ ကျန်တဲ့ ၆ဦး ဟာ ချဲလ်ဆီး အသင်း ရဲ့ အဓိက ကစားသမား တွေ အဖြစ် ရပ်တည်နေကြပါတယ် ။ အထူးသဖြင့် ခံစစ်ပိုင်း မှာ သီယာဂို ဆေးလ်ဗား ၊ ဘန်ချေဝဲလ် နဲ့ အက်ဒိုဝါ့ဒ် မန်ဒီ တို့ဟာ ချဲလ်ဆီး ရဲ့ မရှိမဖြစ် ခံစစ် အသက်သွေးကြောတွေ ဖြစ်လို့လာပါပြီ ။

တဖက်မှာ တိုက်စစ် အတွက် ခေါ်ယူထားတဲ့ ကစားသမားသစ် ၃ဦးကတော့ အားရစရာ အနေအထားမျိုး မှာ ရှိမနေသေးတာ ကို တွေ့ရပါမယ် ။ အထူးသဖြင့် ပေါင်သန်း ၇၀ နဲ့ ရောက်လာတဲ့ ဂျာမန် ကွင်းလယ် ကြယ်ပွင့် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ကို ကြေးကြီးပေး ခေါ်ထားရခြင်း နဲ့ ထိုက်တန်ရဲ့လား ဆိုပြီး မေးခွန်းထုတ်မှု တွေ ရှိနေပါတယ် ။

ပြီးခဲ့တဲ့ ရာသီကုန်ခါနီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပီအပြင် တိုက်ပွဲဝင်ခဲ့တဲ့ ချဲလ်ဆီး အသင်း ရဲ့ စိတ်ဓာတ် ခံယူချက် ကို ယခုနှစ် ချဲလ်ဆီး အသင်း လုံးဝ မမှီသေးတာ သေချာပါတယ် ။ ဒါ့အပြင် ကစားပုံ အရ ကြည့်ရင်လည်း မျက်နှာသစ် ကစားသမား တွေ များနေလို့ ၊ အခုအချိန် အထိ ထိမိပြီး အပြည့်အဝ ဖျော်ဖြေနိုင်တဲ့ ကစားဟန် ကို မပေးစွမ်းနိုင်သေးပါဘူး ။

ဝက်စ်ဟမ်း ကစားသမားဟောင်း တဦး ဖြစ်တဲ့ ထရီဗာ ဆင်ကလဲယား က ပြီးခဲ့တဲ့ ဘောလုံး ရာသီ က Transfer ban ကြောင့် တပြားတချပ် မှ မသုံးခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ ယခုနှစ် ရာသီ ပေါင်သန်း ၂၂၀ ကျော် အထိ သုံးစွဲထားတဲ့ ချဲလ်ဆီး အသင်းထက် ခံယူချက် ၊ တိုက်ပွဲဝင် စိတ်ဓာတ်ပိုင်း မှာ အများကြီး သာလွန်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

Talksport ရဲ့ အစီအစဉ် တခုမှာ ဆင်ကလဲယား က ” ဒီရာသီ ချဲလ်ဆီး အသင်း နဲ့ ပတ်သက်ပြီး ကျွန်တော့ အတွေးတွေက လေထဲမှာပဲ ရှိနေပါသေးတယ် ။ သူတို့ ဘယ်လမ်းကြောင်း ကို သွားနေလဲ ဆိုတာ ကျွန်တော် အခုထိ သေသေချာချာ မသိရသေးပါဘူး ။ ”

” ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်း က ဖရန့် ဟာ ချဲလ်ဆီး အသင်း ကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ၊ တကယ်လည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ် ။ စီနီယာ အသင်း မှာ စတင် မိတ်ဆက်ခံခဲ့ရတဲ့ လူငယ် ခြေတက်လေးတွေ ဟာ အသင်း အတွင်း သဟဇာတ ဖြစ်ခဲ့ပြီး ၊ အားရစရာ စွမ်းဆောင်ရည်တွေ ၊ ကစားဟန်တွေ ပြသနိုင်ခဲ့ပါတယ် ။ ”

” ဒီနှစ်မှာတော့ ဖရန့် ဟာ ကစားသမားသစ် ခေါ်ယူဖို့ အတွက် ငွေစသုံးကတည်းက သူတို့ ဘယ်လမ်းကြောင်း နဲ့ ခရီးဆက်နေတယ် ဆိုတာကို ကျွန်တော် ခန့်မှန်းမရတော့ပါဘူး ။ သူတို့ဟာ တကယ် အရည်အသွေး မြင့်တဲ့ တိုက်စစ် ကစားသမား တွေ ဖြစ်တဲ့ ဟာဗက်ဇ် ၊ ဇီယက်ချ် ၊ ဗာနာ တို့ကို ခေါ်ယူနိုင်ခဲ့တာ မှန်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော့ အတွက် ကတော့ သူတို့ကို ကြည့်ရတာ အပြင်ပိုင်း ကသာ မနှစ်ကထက် ပိုကြည့်လို့ကောင်းတဲ့ အသင်း လို့ ထင်ရပေမယ့် ၊ စိတ်ဓာတ် နဲ့ ခံယူချက် အပိုင်းမှာတော့ မနှစ် ချဲလ်ဆီး က အပုံကြီး သာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR