ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လက်စတာ စီးတီး အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ပြိုင်ဘက်ကို ပွဲချိန် အတော်များများ ဖိအားပေး ကစားနိုင် ခဲ့သလို အပိုင် ဂိုးသွင်းခွင့်တွေလည်း ရရှိ ခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့ဘဲ တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံး နေပြီး အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ဟာလည်း PL မှာ ဂိုးမသွင်း နိုင်တာ ငါးပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီကြားရက်မှာတော့ အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် အုပ်စု ဒုတိယ ပွဲစဥ် အဖြစ် မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၂:၃၀ မှာ အိုင်ယာလန် ကလပ် ဒန်းဒေါ့ အသင်း ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံယှဉ်ပြိုင် ကစားသွားရပါမယ် ။

အာတီတာ က မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် အသင်း သွင်းဂိုးတွေ နည်းပါးနေမှု အပေါ် ” အိမ်ကွင်းမှာ ကစားရတဲ့ ပွဲတွေမှာ ဂိုးမသွင်း နိုင်တဲ့အပေါ် ကျွန်တော်ကတော့ စိတ်ပူ မိပါတယ် ၊ လက်စတာ နဲ့ ပွဲက ဒုတိယပိုင်း စွမ်းဆောင်ရည်ကို ကြည့်ပြီး ပိုတောင် စိတ်ပူမိပါတယ် ၊ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ် ၊ ဟက်တာ ရဲ့ အခွင့်အရေးတစ်ကြိမ်ပဲ ဂိုးရဖို့ နီးစပ် ခဲ့တာပါ ။ ”

” ပွဲချိန် ၇၅ မိနစ် ၊ ၈၀ မိနစ်လောက် မတိုင်ခင်အထိ သူတို့ ဘာမှ လုပ်ပြထားနိုင်ခြင်း မရှိခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ အသင်းအနေနဲ့လည်း ပြိုင်ဘက် ဂိုးဧရိယာ အတွင်းမှာ ကစားတာ ပိုတိုးတက်လာအောင် နဲ့ တိုက်စစ်ဆင်ရာမှာ ဘယ်လို တိုးတက်အောင် လုပ်ရမလဲ ဆိုတာ အဖြေရှာရမှာပါ ။ ”

” ပွဲချိန်ကြာလာတာနဲ့အမျှ တိုက်စစ်ဆင်မှုတွေကို လျော့ကျ မသွားဖို့ နဲ့ ပြိုင်ဘက် ဂိုးဧရိယာထဲ ဘောလုံး ပိုမို ပေးပို့ နိုင်ဖို့ အဖြေရှာရမှာပါ ။ ကျွန်တော်တို့လည်း ဒီအရာတွေ တိုးတက်ကောင်းမွန်လာအောင် အသာပေး လုပ်ဆောင်နေတာကြောင့် တိုးတက်လာမှာပါ ။ ”

” ကစားသမား အားလုံး နဲ့ သက်ဆိုင်ပါတယ် ၊ ပထမဦးဆုံး လုပ်ဆောင်ရမယ့်သူက ကျနော်လပေါ့ဗျာ ၊ သူတို့ ရဲ့ တိုက်စစ် ကစားပုံ နဲ့ တည်ဆောက်ပုံ ပိုကောင်းလာအောင် အဖြေရှာပေးရမှာပါ ။ လက်စတာရဲ့ပိတ်ဆို့မှု နဲ့ ကစားပုံကြောင့် ကစားရတာ မလွယ်ကူခဲ့ပါဘူး ၊ ကျွန်တော်တို့ ပထမပိုင်းမှာ အခွင့်အရေး ၅ ကြိမ် ၊ ၆ ကြိမ်လောက် ရခဲ့ပြီး ဂိုးသွင်း နိုင်ခဲ့သင့်ပါတယ် ။ ”

” ကျွန်တော်တို့ အဲ့ဒီလို ကစားပုံ နဲ့ အသင်းကို ရင်ဆိုင် ကစားလေ့ မရှိတာကြောင့်လည်း ပါပါတယ် ။ ဒါပေမယ့် လက်စတာ က ကျွန်တော်တို့ အိမ်ကွင်းမှာ လာပြီး ပိတ်ကစားတာက ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါပဲ ၊ ဘာကြောင့်လဲဆိုတော့ သူတို့က လေးစားမှု အပြည့်ထားပြီး စိတ်ပူတာကြောင့်ပါ ။ ”

” ဒီအရာကို ကျွန်တော်တို့ အနေနဲ့ ကောင်းမွန်တဲ့ အရာ အဖြစ် မှတ်ယူ ရမှာပါ ။ ဘာကြောင့်လဲ ဆိုတော့ အသင်းတွေက ကျွန်တော်တို့ နဲ့ တွေ့တိုင်း ဒီလို ကစားနေမယ်ဆိုရင် ကျွန်တော်တို့ အသင်း ပွဲတွေ အများကြီး အနိုင်ရလိမ့်မယ်လို့ ပြောချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR