ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ခရာစနိုဒါ အသင်း ကို အဝေးကွင်း မှာ ၄ဂိုးပြတ် နဲ့ အနိုင်ရခဲ့ကာ ၊ တိုက်စစ်မှူး တီမို ဗာနာ ဟာလည်း ပင်နယ်တီ မှ တဆင့် ဂိုးပေါက် ပြန်ရှာတွေ့ခဲ့ပါတယ် ။

ဗာနာ ဟာ ဒီပွဲမတိုင်မီ ၊ ဂိုးမရှိ သရေ ရလဒ် ၂ပွဲက ဆိုးရွားတဲ့ ခြေစွမ်းတွေ အတွက် မေးခွန်းထုတ်ခံခဲ့ရတာတွေ ရှိခဲ့ပြီး ၊ ခရာစနိုဒါ နဲ့ ပွဲမှာတော့ သူ ကိုယ်တိုင် ပင်နယ်တီ အခွင့်အရေး တကြိမ် ကို ဖန်တီးနိုင်ခဲ့သလို ၊ ဒုတိယ တကြိမ် ပင်နယ်တီ ကန်ခွင့်မှာ ဂိုးအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း အတွက် ဒီရာသီ ပြိုင်ပွဲစုံ ပွဲပေါင်း ၉ပွဲ ကစားပေးထားတဲ့ ဗာနာ ဟာ လောလောဆယ် မှာတော့ သွင်းဂိုး ၄ဂိုး ရရှိထားပြီး ဖြစ်ပါတယ် ။ လေ့ကျင့် ပြင်ဆင်ချိန် အများအပြား မရခဲ့တဲ့ ဗာနာ အတွက် ဒီ အနေအထား က မဆိုးဘူး လို့ ပြောရမှာ ဖြစ်ပါတယ် ။

အနာဂတ် မှာ ဗာနာ ဆီကနေ ပိုမို များပြားတဲ့ သွင်းဂိုးတွေ ထပ်မံ ရရှိလာဖို့ ချဲလ်ဆီး ပရိသတ် တွေက မျှော်လင့်နေကြပါတယ် ။ ခရာစနိုဒါ – ချဲလ်ဆီး ပွဲစဉ် အပြီး BT Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ် က ဗာနာ ရဲ့ ပင်ကို အရည်အသွေး နဲ့ ပါးနပ်မှု ကို အခုလိုပဲ ထုတ်ဖော် ချီးကျူးခဲ့ပါတယ် ။

ဂျီးနပ်စ် က ” တိုက်စစ် က နေရာစုံ မှာ ကစားပေးနိုင်စွမ်း ရှိတဲ့ ဗာနာ ရဲ့ အရည်အချင်း ကို ကျွန်တော် အထူး သဘောကျမိပါတယ် ။ ဒါဟာ တိုက်စစ် ကစားသမား တယောက် ရဲ့ ပါးနပ်မှု ကို ပြသနေတာပါ ။ လောလောဆယ် မှာ သူ လုပ်သမျှ အရာတိုင်း က အဆင်ပြေနေတယ် လို့တော့ မဟုတ်သေးပါဘူး ။ ”

” ဒါပေမယ့် သူဟာ တတ်နိုင်သမျှ လုပ်အား နဲ့ အစွမ်းကုန် ကြိုးစားပေးနေသလို ၊ မကြာခင် ကာလ အတွင်းမှာ သွင်းဂိုး အများအပြား ထပ်မံ ရလာဖို့ ရှိပါသေးတယ် ။ တခါတလေ ချဲလ်ဆီး အတွက် ကျဉ်းထဲကျပ်ထဲ ရောက်တဲ့ အခိုက်အတန့် တွေမှာ ဗာနာ ဟာ သူတို့ အတွက် အဆုံးအဖြတ် ပေးမယ့် ၊ အပြောင်းအလဲ လုပ်ပေးမယ့်သူပါ ။ ”

” ဗာနာ ဟာ ချန်ပီယံလိဂ် အဆင့်ရှိ ၊ ကမ္ဘာ့ အဆင့်ရှိ တိုက်စစ်မှူး တယောက် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကလည်း ဂျီးနပ်စ် ရဲ့ ထောက်ပြမှု ကို သဘောတူခဲ့သလို ၊ ခရာစနိုဒါ ကို သက်တောင့်သက်သာ နိုင်ခဲ့တဲ့ ချဲလ်ဆီး အသင်း ရဲ့ ကစားပုံ ကိုပါ ထပ်ဆောင်း ချီးကျူးခဲ့ပါတယ် ။

ဂျိုကိုးလ် က ” ဒါဟာ ချဲလ်ဆီး အတွက် အားရစရာကောင်းတဲ့ ၄ဂိုးပြတ် နိုင်ပွဲပါ ။ အသင်း ရဲ့ တိုက်စစ် ကစားသမား အားလုံး ကိုယ်စီ ဂိုးသွင်းနိုင်ခဲ့ကြသလို ၊ နောက်ထပ် Clean Sheet လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ခံစစ် က အန်တိုနီယို ရူဒီဂါ နဲ့ ကတ်ဇူးမား အတွဲက တည်ငြိမ်မှု ရှိခဲ့သလို ၊ အက်ဒိုဝါ့ဒ် မန်ဒီ ကလည်း ကာကွယ်မှု တချို့ လုပ်ခဲ့ပါတယ် ။ ”

” ဒါဟာ ချန်ပီယံလိဂ် ပွဲတပွဲ က ချဲလ်ဆီး အသင်း ရဲ့ ပွဲချိန်ပြည့် ၊ တိုက်စစ်ပိုင်း ၊ ခံစစ်ပိုင်း ၂ခုလုံးမှာ ပြီးပြည့်စုံတဲ့ အဝေးကွင်း စွမ်းဆောင်ရည် တရပ် ဖြစ်ခဲ့ပါတယ် ။ နောက်ပြီး ဗာနာ ရဲ့ ပင်နယ်တီ က အံ့သြဖွယ်ပါ ။ အားပါ ပြင်းထန်မှု ရှိပါတယ် ။ ဂျေဂျေ ( ဂျာမိန်း ဂျီးနပ်စ် ) ကတော့ ဗာနာ ရဲ့ ကန်ချက် ထောင့်ပိုရောက်သင့်တယ် လို့ ပြောခဲ့ပါတယ် ။ ”

” ရောက်လည်း ရောက်ခဲ့သင့်ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ကန်ချက် က သပ်ရပ်ပါတယ် ။ ဘောလုံး က ပြိုင်ဖက် ဂိုးသမား ဘာမှ မလှုပ်နိုင်ချိန် အတွင်း ဂိုးထဲ ဝင်သွားခဲ့တာပါ ။ ဗာနာ ဟာ ချဲလ်ဆီး ကို ပြောင်းလာကတည်းက အကျိုးပြုနေတဲ့ ကစားသမား တယောက်ပါ ။ ” လို့ ချီးကျူး ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR