ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တပတ် အတွင်း က ကစားခဲ့တဲ့ ပွဲစဉ် ၂ပွဲမှာ ဂိုးပေါက် ရှာမတွေ့ခဲ့ပဲ ၊ ဂိုးမရှိသရေ ရလဒ် ၂ခုသာ ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ဗုဒ္ဓဟူးနေ့ည က ကစားခဲ့တဲ့ ခရာစနိုဒါ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၂မှာတော့ တိုက်စစ် အစွမ်းပြပြီး ၄ဂိုးပြတ် နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ ပွဲချိန် ၃ပုံ ၂ပုံလောက်ကို ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ သွင်းဂိုး နဲ့ ဦးဆောင်ခဲ့ပေမယ့် ၊ ကစားပုံ က အားရစရာ မရှိခဲ့ပါဘူး ။ မိနစ် ၇၀ နောက်ပိုင်း မှာ မှန်ကန်တဲ့ လူစားလဲမှု တချို့ကြောင့် ပွဲအဖြေ က ပြတ်ပြတ်သားသား ဖြစ်ခဲ့သလို ၊ ပွဲအပေါ်လည်း ချဲလ်ဆီး တို့ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ် ။

အထူးသဖြင့် အမေရိကန် တောင်ပံ တိုက်စစ် ကစားသမား ခရစ်တီယန် ပူလီဆစ် လူစားဝင်လာပြီး နောက်ပိုင်း ၊ ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ် ကစားအား တမဟုတ်ချင်း တိုးတက်လာခဲ့ပါတယ် ။ ပူလီဆစ် နဲ့ အတူတူ လူစားဝင်လာတဲ့ ကွင်းလယ်လူ မေဆင်မောင့် နဲ့ အန်ဂိုလို ကန်တေ တို့ကလည်း ပွဲထိန်းချုပ်ရာမှာ အထောက်အကူ ပြုခဲ့ပါတယ် ။

ပူလီဆစ် ဟာ လူစားဝင်ပြီးနောက် ဗာနာ ရဲ့ ပင်နယ်တီ သွင်းဂိုး အတွက် အစပြုပေးနိုင်ခဲ့ကာ ၊ နာကျင် အချိန်ပို မှာလည်း တမ်မီ အေဘရာဟမ် ရဲ့ ဖန်တီးမှု မှ တဆင့် ဒီရာသီ ချဲလ်ဆီး အသင်း အတွက် ပထမဆုံး သွင်းဂိုး ကို ရယူနိုင်ခဲ့ပါတယ် ။ ထိုပွဲစဉ် အပြီး BT Sport ရဲ့ သုံးသပ်ချက် အစီအစဉ် မှာ ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ် က ပူလီဆစ် ရဲ့ အရေးပါပုံ ကို အခုလိုပဲ ချီးကျူးခဲ့ပါတယ် ။

ဂျိုကိုးလ် က ” ပူလီဆစ် ဟာ တကယ့် အရည်အသွေးမြင့် ကစားသမား တယောက်ပါ ။ ဒီရာသီ အစပိုင်း မှာ ချဲလ်ဆီး တို့ သူ့ကို အသုံးပြုခွင့် မရခဲ့တာ အတော်လေး နစ်နာစရာ ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော် ကတော့ သူဟာ လက်ရှိ ချဲလ်ဆီး အသင်း ရဲ့ အရေးပါဆုံး ကစားသမား တယောက် အဖြစ် သတ်မှတ်ချင်ပါတယ် ။ ”

” အထူးသဖြင့် ချဲလ်ဆီး အသင်း ရဲ့ ၃ယောက်တွဲ တိုက်စစ်မှာပါ ။ ပူလီဆစ် ဟာ အရာရာ စွမ်းဆောင်ပေးနိုင်ပါတယ် ။ အလိမ်အခေါက် စကေး ပိုင်နိုင်သလို ၊ ဘောလုံးမဲ့ အနေအထား မှာလည်း ကြိုးစားမှု အပြည့် ရှိပါတယ် ။ ပင်နယ်တီ ဧရိယာထဲ ဝင်ပြီး ဂိုးသွင်းနိုင်စွမ်းလည်း ရှိပါတယ် ။ ”

” ဒီနေ့ပွဲ အတွက် ဖရန့် တယောက် အားရကျေနပ်နေမှာပါ ။ ဘာလို့လဲ ဆိုတော့ ဒီနေ့ပွဲ က အနေအထား လောက် တိုက်စစ် ကစားသမား တွေရဲ့ စွမ်းဆောင်ပုံ နဲ့ ပတ်သက်ပြီး ပိုကောင်းအောင်လည်း မျှော်မှန်းစရာ မရှိနိုင်တော့လို့ပါ ။ သွင်းဂိုး ၄ဂိုးလုံး ကို တိုက်စစ် ကစားသမား တွေက သွင်းယူခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘန်လေ အသင်း ကို အဝေးကွင်း မှာ စတင် ကစားရမှာ ဖြစ်ပါတယ် ။ ဘန်လေကွင်း ဟာ ပူလီဆစ် ရဲ့ အောင်မြေ လို့ သတ်မှတ်ရမှာ ဖြစ်ပြီး ၊ ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ၊ ဟက်ထရစ် တွေကို မနှစ်က ဘန်လေ နဲ့ ပွဲမှာ စတင် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။

 

မနှစ်ကလိုပဲ ပူလီဆစ် တယောက် မနက်ဖြန် ဘန်လေ နဲ့ ပွဲမှာ ထပ်မံ စွမ်းဆောင်ပေးနိုင်ဖို့ အကြောင်း နဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ” မနှစ်က ဘန်လေ နဲ့ အဝေးကွင်း ပွဲမှာ ခရစ်တီယန် ဟက်ထရစ် ရခဲ့တဲ့ အချက် ကို ကျွန်တော် သတိထားမိပါတယ် ။ ”

” ဒါပေမယ့် မနှစ်က ပွဲတပွဲ က ထူးခြားတဲ့ ခြေစွမ်းကြောင့် ဒီနှစ်မှာ ကစားမယ့် ပွဲအတွက် အဲဒီ ကစားသမား ကို ပွဲထွက်ခွင့် ပေးရမယ် ဆိုတဲ့ ပုံစံမျိုး ကျွန်တော် ကျင့်သုံးနေတာ မဟုတ်ပါဘူး ။ ခရစ်တီယန် ဟာ မနှစ်တုန်းက ကျွန်တော်တို့ အတွက် ပွဲအများအပြား မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ”

” သူဟာ ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား တယောက်ပါ ။ သူ့ရဲ့ အရည်အသွေး တွေကို ကျွန်တော်တို့ မြင်တွေ့ထားပြီးပါပြီ ။ မနေ့ည က သူ့အတွက် အနား နည်းနည်းပါးပါး ရဖို့ အရေးကြီးခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီမတိုင်ခင် က သူဟာ ကျွန်တော်တို့ အတွက် ၃ပွဲဆက် ပွဲထွက် ပါဝင် ကစားပေးခဲ့လို့ပါ ။ ”

” ဒီတော့ ကျွန်တော့ အနေနဲ့ အသင်း ရဲ့ ဟန်ချက် ကို ထိန်းညှိပေးဖို့ ကြိုးစားရင်း ၊ တဖက်က ပွဲထွက် ကစားသမား ၁၁ယောက် ရဲ့ စွမ်းဆောင်ရည်ကောင်း ကို နောက်ပွဲတွေ အတွက် ဆက်လက် ထိန်းသိမ်းဖို့ ကို ကြိုးစားနေရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR