ဂန်းနား ဂန္တဝင် အသင်း ခေါင်းဆောင် နောက်ခံလူဟောင်း တိုနီအဒမ် က ဒီရာသီမှာ အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် အထက်မှာ ရပ်တည်ပြီး ထိပ်ဆုံး ခြောက်သင်းထဲ ဝင်ရောက်နိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့ညက မန်ယူနိုက်တက် ကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရ သွားခဲ့ပြီး ၁၄ နှစ် အတွင်း ပထမဆုံး အကြိမ် အိုးထရက်ဖိုဒ့် မှာ နိုင်ပွဲ ပြန်လည် ရရှိ ခဲ့ပါတယ် ။ အာဆင်နယ် အတွက် တစ်လုံးတည်းသော သွင်းဂိုး ကို အူဘာမီယန်းက ပင်နယ်တီ ကနေ တစ်ဆင့် သွင်းယူ ပေးခဲ့တာပါ ။

ပရီးမီးယားလိဂ် နောက်ဆုံး နှစ်ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် ကို အကောင်းဆုံး ရင်ဆိုင် ကစားပြီး အဝေးကွင်းမှာ ထိုက်ထိုက်တန်တန် အနိုင် ရရှိ သွားခဲ့တာပါ ။

အာဆင်နယ် အသင်း နိုင်ပွဲမှာ အဓိက ကျခဲ့သူတွေကတော့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ပါတေး နဲ့ အယ်နီနီ ၊ နောက်ခံလူ ဂါဘရီယဲလ် တို့ပါပဲ ။အာဆင်နယ် အသင်းဟာ ယူနိုက်တက် ကို အနိုင်ရတာကြောင့် အဆင့် ၉ နေရာ အထိ တက်လှမ်းလာခဲ့ပြီး အဆင့်လေး နေရာက အသင်းနဲ့ တစ်မှတ်သာ ကွာဟ ပါတော့တယ် ။

ဂန်းနား ဂန္တဝင် နောက်ခံလူ တိုနီအဒမ် က အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ အများကြီး တိုးတက် ကောင်းမွန် လာခဲ့ကြောင်း ချီးကျူးလိုက်ပြီး ထိပ်ဆုံး ခြောက်သင်း အဆင့်ကနေ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ဖို့ ဂိုးသမား နဲ့ ကွင်းလယ် ဖန်တီးရှင် တစ်ဦး လိုအပ်ကြောင်း ဆိုပါတယ် ။

တိုနီအဒမ်က Stadium Astro မှာ ” သူတို့(အာဆင်နယ် ) က ယူနိုက်တက် အထက်မှာ ရပ်တည် နိုင်ပါလိမ့်မယ် ။ ကျွန်တော့် အတွက်ကတော့ အာဆင်နယ် က ထိပ်ဆုံး ခြောက်သင်း စာရင်း အတွင်း ဝင်မယ့် အသင်း ပါပဲ ။ ”

” တကယ့်ကို ကောင်းမွန်ပြီး အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေ တွေ့မြင် နေရပါတယ် ၊ ရလဒ် သာမက စွမ်းဆောင်ရည်ကောင်းတွေပါ မြင်တွေ့ နေရပါတယ် ။ ချန်ပီယံ ဖြစ်ဖို့ အတွက်ကတော့ သူတို့ ဂိုးသမား တစ်ဦး နဲ့ နောက်ထပ် နံပါတ် ၁၀ ကစားသမား တစ်ဦး လိုအပ်တယ်လို့ ထင်ပါတယ် ။ ”

” ဒါပေမယ့် ဒီနေ့ ကစားသွားတဲ့ ပုံစံအရ သိပ်ကို ကောင်းမွန်တဲ့ လက္ခဏာ မြင်တွေ့ရပါတယ် ၊ ဗဟို နောက်ခံလူ နေရာ နဲ့ ဗဟို ကွင်းလယ် နေရာတွေမှာ ခေါင်းဆောင်ကောင်း နှစ်ဦး ရှိနေပါပြီ ၊ ဒါကြောင့် ထိပ်ဆုံး ခြောက်သင်း ဝင်ဖို့ ပိုမို နီးစပ်လာပြီပဲ ​ပြောရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR