တော့တင်ဟမ် အသင်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် က အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ ဟာ ပိုချက်တီနို ထက် ပိုကောင်းတဲ့ နည်းပြ တစ်ဦး ဖြစ်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စပါး အသင်း နည်းပြ ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပြီးကတည်းက အသင်း လက်မဲ့ ဖြစ်နေသူပါ ။ ပိုချက်တီနို ဟာ စပါး အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ ပို့ဆောင် ပေးခဲ့သူ ဖြစ်ပါတယ် ။

အသက် ၄၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပိုချက်တီနို ဟာ ၂၀၁၄ ခုနှစ် စပါးအသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး လန်ဒန် မြို့ခံ ကလပ်ကို အများကြီး တိုးတက် ကောင်းမွန် လာအောင် လုပ်ဆောင် ပေးခဲ့တဲ့ နည်းပြ တစ်ဦးပါ ။ အခုအခါမှာတော့ ပိုချက်တီနို ဟာ နည်းပြလောကထဲ ပြန်လည် ဝင်ရောက်ဖို့ အစီအစဉ် ရှိကြောင်း ပြောကြား ထားပါတယ် ။

ဒါပေမယ့်လည်း စပါး အသင်း အတွက် နှစ်ရာသီ ကစားပြီး သွင်းဂိုး ၂၅ ဂိုး သွင်းယူ ပေးခဲ့တဲ့ ဒါရင်းဘန့် က ပိုချက်တီနို ဟာ ကမ္ဘာ့အဆင့်မှီ နည်းပြ တစ်ဦး မဟုတ်ကြောင်း ပြောကြားလိုက်ပြီး ရော်ဂျာ နဲ့ အာတီတာ တို့ဟာ သူ့ထက် ပိုကောင်းတဲ့ နည်းပြ ဖြစ်ကြောင်း ဆိုပါတယ် ။

ဒါရင်းဘန့် က talkSPORT မှာ ပိုချက်တီနို ကို ကမ္ဘာ့အဆင့် နည်းပြ တစ်ဦး အဖြစ် သတ်မှတ်လို့ ရသလား ဆိုတဲ့ မေးခွန်း ကို ” ကျွန်တော်ကတော့ သူဟာ ကမ္ဘာ့အဆင့် နည်းပြ တစ်ဦး မဟုတ်ဘူးလို့ ထင်ပါတယ် ။ ”

” ကျွန်တော့် အတွက် ကမ္ဘာ့ အဆင့် နည်းပြတွေက ဂျာဂင်ကလောပ့် ၊ ပက်ဂွာဒီယိုလာ ၊ အန်ဆယ်လော့တီ တို့ပါ ၊ သူတို့ လုပ်ပြ ခဲ့တဲ့ အရာတွေကြောင့်ပါ ။ ပိုချက်တီနို ကို ဒီစာရင်းထဲမှာ မထည့်သွင်း နိုင်ပါဘူး ၊ သူက စပါးကို နည်းပြ ခဲ့ပေမယ့် ဘာအောင်မြင်မှု မှ မရခဲ့ပါဘူး ။ ”

” ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၊ လိဂ်ဖလား ဗိုလ်လုပွဲ ပို့ပေးတာကြောင့်လို့တော့ မသတ်မှတ်နိုင်ပါဘူး ၊ ဒါက ကျွန်တော့် အတွက် သူ့ကို ကမ္ဘာ့အဆင့်မှီ မဖြစ်စေပါဘူး ၊ သူက တော်ပေမယ့် ကမ္ဘာ့အဆင့် နည်းပြ စာရင်းထဲမှာတော့ မထည့်ချင်ပါဘူး ။ ”

” သူ့ထက်စာရင် ဘရန်ဒန်ရော်ဂျာ ကမှ နည်းပြ အဖြစ်ကော မန်နေဂျာ အဖြစ်ကော ထိပ်တန်း အဆင့် ရှိပါတယ် ။ အာတီတာ ကတောင် ပိုချက်တီနို ထက် ပိုတော်ကောင်းပါတယ် ၊ သူ စပါးမှာ လုပ်ပြခဲ့တာက အသင်းကို အဆင့်တစ်ဆင့်ထံ ပို့ပေးခဲ့တာလောက်ပါပဲ ။ ”

” လီဗိုင်း က ပိုချက်တီနို တစ်ယောက် အသင်း အတွက် အများကြီး စွမ်းဆောင် ပေးခဲ့ပြီး ဟာရီကိန်း ၊ အလီ တို့ကို ထိပ်တန်း အဆင့် ပို့ပေးခဲ့တာတောင် ထုတ်ပစ်ပြီး ဖလားတွေ ယူပေးနိုင်မယ့်သူကို ခေါ်ခဲ့ပါတယ် ၊ လီဗိုင်း အတွက်တော့ ပိုချက် ဟာ ဖလား မယူပေးနိုင်ဘူးလို့ ခံစားရတာကြောင့် ဖြစ်နိုင်ပါတယ် ။ ”

” ပိုချက်တီနို ရဲ့ အကြီးမားဆုံး အောင်မြင်မှုက ဘာလဲ လို့ မေးရင် လူတွေက ချန်ပီယံလိဂ် ဖိုင်နယ် ပို့ပေးခဲ့တာကို ပြောကြမှာပါ ၊ ဒါက ကျွန်တော့် အတွက် သူ့ကို ကမ္ဘာ့အဆင့် နည်းပြ စာရင်းမှာ ထည့်သွင်းဖို့ မလုံလောက်ပါဘူး ။ ”

” အာတီတာ ကမှ အာဆင်နယ် အသင်းကို ကိုင်တွယ်တာ တစ်နှစ် မကြာသေးတဲ့ အချိန်မှာတင် အများကြီး စွမ်းဆောင် ပြထားပါတယ် ။ သူလိုချင်တဲ့ ကစားသမားတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ် ၊ အရင်က အာဆင်နယ် ခံစစ်က မကောင်းပေမယ့် အာတီတာက အလုံးစုံ ပြောင်းလဲ ပေးခဲ့ပါတယ် ။ ”

” အာတီတာ က အာဆင်နယ် ကို ကိုင်တွယ်ပြီး သိပ်မကြာခင် အချိန်မှာပဲ အက်ဖ်အေဖလား ၊ ကွန်မြူနတီဒိုင်း တွေ ရယူ ခဲ့သလို အကောင်းဆုံး အသင်းတွေကို အနိုင်ယူပြခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR