ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် တတိယမြောက် ပွဲမှာ ရန်းနက်စ် အသင်း ကို ပထမပိုင်း အတွင်း ရရှိခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာ ရဲ့ ပင်နယ်တီ သွင်းဂိုး ၂ဂိုး ၊ ဒုတိယပိုင်း ပွဲအစ ၅မိနစ် က တမ်မီ အေဘရာဟမ် ရဲ့ သွင်းဂိုး တဂိုး နဲ့ အတူ ၃ဂိုးပြတ် အနိုင်ရခဲ့ပါတယ် ။

ရလဒ်ပိုင်းထက် ၊ ဒီပွဲမှာ ပြောစရာ ပိုဖြစ်ခဲ့တာ က ပထမပိုင်း ပြီးခါနီး ၊ ချဲလ်ဆီး အသင်း ဖက်ကို လက်ထိဘောကြောင့် ပင်နယ်တီ ပေးခဲ့ကာ ၊ လက်နဲ့ တားဆီးဖို့ ရည်ရွယ်ချက် လုံးဝရမရှိခဲ့တဲ့ ရန်းနက်စ် ဘယ်နောက်ခံလူ ဒဲလ်ဘတ် ကို ၂ဝါ၁နီ နဲ့ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။

ကွင်းလယ်ဒိုင် ဖီးလစ် ဇော်ယာ ရဲ့ ဒီ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် မှာ ရန်းနက်စ် အသင်း အတွက် အကြီးအကျယ် နစ်နာမှု ရှိခဲ့ပြီး ၊ ချန်ပီယံလိဂ် ပွဲတပွဲရဲ့ အရသာ အစစ်အမှန် ကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်ခဲ့ပါတယ် ။ ဒီ အခြေအနေကြောင့် ၊ ထိုပွဲစဉ် ရဲ့ ဒုတိယပိုင်း ဟာ ခြေစမ်းပွဲ သာသာ အဆင့်ပဲ ရှိခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် က ရန်းနက်စ်ဖက်ကို အကြီးအကျယ် ထိခိုက်မှု ရှိစေခဲ့တဲ့ ကွင်းလယ်ဒိုင် ရဲ့ လက်မခံနိုင်စရာ ဆုံးဖြတ်ချက် ဟာ ကျက်သရေ ယုတ်လွန်းတယ် လို့ အခုလိုပဲ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ် ။

BT Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ ဖာဒီနန် က ” ဒါဟာ လုံးဝ ကျက်သရေ မရှိတဲ့ ဆုံးဖြတ်ချက်ပါ ။ ရန်းနက်စ် ချာတိတ် ဟာ ဒီ ဘောလုံး ကို လက်နဲ့ တားဆီးဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါဘူး ။ ဒါကို ကွင်းလယ်ဒိုင် က သူ ကိုယ်တိုင် ကွင်းဘေးမှာ ဗီဒီယို အနှေးပြကွက် ကို ပြန်ကြည့်ခဲ့ပြီး ၊ ပင်နယ်တီ ပေးဖြစ်အောင် ကို ပေးခဲ့ပါတယ် ။ ”

” ဒါဟာ ကျွန်တော့ ကို ဇဝေဇဝါ ဖြစ်စေပါတယ် ။ ဒါဟာ ဟာသဆန်တဲ့ ဆုံးဖြတ်ချက် တခုပါပဲ ။ သေသေချာချာ ပြန်ကြည့်ရင် ချာတိတ် ဟာ တမ်မီ ရဲ့ ကန်ချက် ကို ခြေထောက် နဲ့ အရင် တားဆီးဖို့ ကြိုးစားခဲ့တာကို တွေ့ရပါမယ် ။ ကွင်းလယ်ဒိုင် ဟာ ဒီပွဲရဲ့ ရသ ကို ဖျက်ဆီးပစ်ခဲ့တာပါ ။ ”

” ကျွန်တော်ဆို ဒီ ဆုံးဖြတ်ချက် အတွက် လုံးဝ ဆွံ့အမိပါတယ် ။ အဲ့ဒီနောက် ပိုဆိုးတာ က အနီကတ်ပါ ထပ်ပြခဲ့ပါတယ် ။ ကျွန်တော် တို့ဟာ ဒီလို အငြင်းပွားဖွယ် VAR နဲ့ ကွင်းလယ်ဒိုင် တွေရဲ့ ဆုံးဖြတ်ချက် အတွက် ကံကောင်းစွာ နဲ့ အဲ့ဒီပွဲတွေကို ကစားခဲ့ဖူးတဲ့ ကစားသမား တချို့ နဲ့ တွေ့ဆုံ မေးမြန်းခွင့်တွေ ရခဲ့ကြပါတယ် ။ ”

” အဲ့ဒီ ကစားသမား တွေကို ဒီ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် အင်တာဗျူးတိုင်း ‘ မင်းတို့ ဒီလို ပင်နယ်တီ ဆုံးဖြတ်ချက်တွေ နဲ့ အသစ် ရေးဆွဲထားတဲ့ စည်းမျဉ်းတွေ ကို ဘယ်လိုများ ရင်ဆိုင် ဖြေရှင်းကြလဲ ‘ လို့ မေးမြန်းလေ့ရှိပါတယ် ။ ”

” ပြန်ဖြေတဲ့ ကစားသမားတွေထဲမှာ ကျွန်တော် ကတော့ ဒီ ဆုံးဖြတ်ချက် အတွက် လက်ခံပေးနိုင်တယ် ၊ အဆင်ပြေတယ် ဆိုပြီး တယောက်မှ မပြောကြပါဘူး ။ သူတို့ အားလုံး ဟာ ဒီ ဆုံးဖြတ်ချက်တွေ အတွက် ဇဝေဇဝါ ဖြစ်ခဲ့ကြပါတယ် ။ ”

” လစ်ဟာနေတဲ့ ဧရိယာတွေ အများကြီး ရှိပါတယ် ။ ဆုံးဖြတ်ချက် တခု ချလိုက်တိုင်း ၊ ကွင်းလယ်ဒိုင် က ဝီစီမှုတ်လိုက်တိုင်းမှာ ၊ လူတိုင်း ဟာ အသည်းအသန် အခြေအနေ ကို ရောက်သွားကြပါတယ် ။ နှလုံးခုန်နှုန်း က မိုးပေါ်အထိ ရောက်သွားကြပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီလို ဆုံးဖြတ်ချက်တိုင်း မှာ မသေချာ မရေရာမှု များစွာ ရှိနေလို့ပါပဲ ။ ”

” ဒါဟာ ပြိုင်ပွဲတိုင်း အတွက် ကောင်းသော အခြေအနေမျိုးတော့ မဟုတ်ပါဘူး ။ ဒီလို စည်းမျဉ်းစည်းကမ်း တွေဟာ နှစ်စဉ်နှစ်တိုင်း အပြောင်းအလဲ ရှိနေပါတယ် ။ ဒီနေ့ပွဲ ဟာ ဒီ စိတ်ပျက်ဖွယ် ဆုံးဖြတ်ချက် မရောက်လာခင် အထိ အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းခဲ့ပါတယ် ။ ”

” ဘာလို့ နဂို အဆင်ပြေပြီးသား စည်းမျဉ်း တခု ကို ပြောင်းလဲချင်ကြတာလဲ ? ကျွန်တော် တို့ဟာ မရေရာတဲ့ ဧရိယာတွေ အတွက် စည်းမျဉ်းတွေ ပြောင်းနေရင်းကနေ ၊ ပိုပြီး မရေရာတဲ့ အခြေအနေတွေဆီကို ဦးတည်လာပါတယ် ။ ” လို့ ဝေဖန် ပြောဆိုခဲ့ပါတယ် ။

SPORTS MYANMAR