အင်္ဂလန် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေဗ့် က အာဆင်နယ် အသင်း မိုလ်ဒီ အသင်းကို လေးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ပုံမှန် ပွဲထွက် ကစားခွင့် မရ ဖြစ်နေတဲ့ မိတ်လန်နိုင်းလ်စ် ၊ ဝီးလော့ ၊ အန်ခီးတီးယား တို့ အနေနဲ့ အငှား ထွက်ကစားသင့်ကြောင်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ မိုလ်ဒီ အသင်း နဲ့ ပွဲမှာ မိတ်လန်နိုင်းလ်စ် ၊ ဝီးလော့ ၊ အန်ခီးတီးယား တို့ သုံးဦးစလုံးကို ပွဲထွက် ကစားခွင့် ပေးခဲ့ပြီး သုံးဦးစလုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ။ ဝီးလော့ ဆိုရင် တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးကာ Man of the Match ဖြစ်ခဲ့ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေထဲမှာ အသင်းကြီးတွင် ပုံမှန် ပွဲထွက် ကစားခွင့် ရရှိနေသူဆိုလို့ ဆာကာ တစ်ဦးတည်းသာ ရှိပြီး ကျန်လူငယ် ကစားသမားတွေကတော့ ပုံမှန် ပွဲကစားခွင့် ရဖို့ ရုန်းကန် နေရပါတယ် ။

ဟားဂရေဗ့် က BT Sports မှာ အင်္ဂလန် လူငယ် ကြယ်ပွင့် သုံးဦးဟာ ပွဲထွက်ခွင့် အတွက် အာတီတာကို တွန်းအား ပေးနေနိုင်ပြီလား ဆိုတဲ့ မေးခွန်းကို ” ဒါက အာဆင်နယ် အသင်းမှာမှ မဟုတ်ပါဘူး ၊ တခြားအသင်းကြီးတွေမှာလည်း ကြုံနေရတဲ့ ပြဿနာပါ ။ ”

” ဆာကာ ကတော့ ခြေစွမ်းပိုင်း ကောင်းလွန်းတာကြောင့် အသင်းကြီးမှာ ကစားခွင့် ရနေပါပြီ ။ ကျွန်တော်တို့ မန်စီးတီး နဲ့ ဆန်ချို အခြေအနေကို မြင်တွေ့ ခဲ့ရပါတယ် ၊ ဆန်ချို အတွက် စီးတီးမှာ ကစားခွင့်ရဖို့ အင်မတန် ခက်ခဲခဲ့ပါတယ် ။ ”

” ဖိုဒန် တောင်မှ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ပါလျက် နဲ့ ဒီဘရိုင်း ၊ ဒေးဗစ်ဆေးလ်ဗား ၊ ဂန်ဒိုဂန် ၊ ဘာနန်ဒို ဆေးလ်ဗား တို့ ရှိနေတာကြောင့် သူ့ အချိန်အခါကို စောင့်ခဲ့ရပါတယ် ၊ အသင်းကြီးတွေမှာ လူငယ် ကစားသမားတွေကို နေရာ ပေးဖို့က မလွယ်ပါဘူး ။ ”

” တစ်ခါတစ်လေမှာ အငှားထွက်ကစားတာ ကောင်းပါတယ် ၊ ဖိလစ်လမ်း ၊ အလာဘာ ၊ တိုနီခရူးစ် တို့ဆို ဘိုင်ယန်မြူးနစ် ကနေ ဟော့ဖန်ဟိမ်း ၊ စတုဂတ် ၊ လေဗာကူဆင် တို့ကို နှစ်ရာသီလောက် အငှားထွက် ကစားခဲ့ကြပါတယ် ။ ”

” အဲ့ဒီ အသင်းတွေနဲ့ အတူ သူတို့ ဥရောပပွဲတွေ ကစားခွင့် ရခဲ့ပါတယ် ၊ ပြန်ရောက်လာတော့ ဘိုင်ယန်မြူးနစ် အသင်းကြီးမှာ တန်းကစားခွင့် ရပါတယ် ။ အခု ဒီကောင်လေးတွေကိုလည်း အဲ့ဒီလိုမျိုး အငှားချ ထားသင့်ပါတယ် ၊ သူတို့အတွက် ပွဲကစားခွင့် များများ ရဖို့ လိုအပ်ပါတယ် ။ ”

“သူတို့ အတွက် အသင်းမှာ အခွင့်အရေး မရှိပါဘူး ၊ အာဆင်နယ် က ကမ္ဘာ့ အဆင့် အသင်းတစ်သင်းပါ ။ မီဆွတ် အိုဇေးလ် လို ကစားသမားတောင် အာဆင်နယ် မှာ ကစားခွင့် မရ ဖြစ်နေတာကို သတိရဖို့ လိုပါတယ် ။ ”

” အာဆင်နယ် က လူငယ်လေးတွေကို အခုလို ကစားခွင့် ပေးတာက ကောင်းပါတယ် ၊ အာတီတာ အနေနဲ့ လူငယ်တွေကို အခွင့်အခါ သင့်ရင် ကစားခွင့်လည်း ဆက်ပေးသင့်ပါတယ် ။ အာတီတာ က လူငယ်တွေကို လူးဝဇ် ၊ မူစတာဖီ ၊ ရှာကာ တို့လို ဝါရင့်တွေနဲ့ တွဲဖက်ပေးတာကလည်း သိပ်ကောင်းပါတယ် ။ ”

” ဒီနေ့ပွဲမှာ လူငယ်တွေ ပွဲထွက်လာပြီး သူတို့ကိုယ်တိုင် ပွဲအဖြေ ပြောင်းလဲအောင် စွမ်းဆောင် နိုင်ခဲ့တာကို သဘောကျမိပါတယ် ။ ကျွန်တော်ကတော့ အာတီတာ ကို ချီးကျူး ဂုဏ်ပြု ချင်ပါတယ် ၊ အာဆင်နယ် အတွက် ခက်ခဲမယ့် ပွဲလို့ ထင်ခဲ့ပေမယ့် ၄-၁ နဲ့ အနိုင် ရခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR