စူပါကွန်ပြူတာဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲ၀င် အသင်းတွေရဲ့ form ကို အခြေခံကာ ရာသီကုန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ခန့်မှန်း သွားခဲ့ပြီး လက်ရှိ ချန်ပီယံ လီဗာပူး အသင်း ကတော့ အဆင့် ၈ နဲ့သာ ရာသီသိမ်း နိုင်လိမ့်မယ်လို့ tip ပေးသွား ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ၂၀၁၉-၂၀ ဘောလုံးရာသီဟာ အတော် နောက်ကျမှ ရာသီသိမ်း နိုင်ခဲ့တဲ့ အပြင် ၂၀၂၀-၂၁ ရာသီ ကိုလည်း အမြန်ဆုံး ပြန်လည် စတင် သွားခဲ့တာကြောင့် ပြိုင်ပွဲ၀င် အသင်းတွေဟာ ရာသီကြို ပြင်ဆင်ချိန် နည်းပါးခဲ့ကာ ရာသီအစပိုင်း မှာတင် ထူးထူးခြားခြား ရလဒ်တွေ ထွက်ပေါ်လျက် ရှိနေ ခဲ့ပါတယ်။

လက်စတာဟာ ပွဲစဉ် ၈ အပြီးမှာ ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်မှာ ရပ်တည် နေပြီး တော့တင်ဟမ် ၊ လီဗာပူး နဲ့ ဆောက်သမ်တန် တို့က top 4 နေရာတွေမှာ အစဉ်လိုက် ရပ်တည် နေကြပါတယ်။ ချဲလ်ဆီးက အဆင့် ၅ နေရာမှာ ရပ်တည်နေသလို မန်ချက်စတာစီးတီး ကလည်း တစ်ပွဲလျော့ ကစားကာ အဆင့် ၁၀ နေရာမှာ ရပ်တည်လျက် ရှိနေပါတယ်။

အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၁၁ နေရာထိ ဆင်းသွား ခဲ့သလို အဲဗာတန်ကို အဝေးကွင်းမှာ အနိုင် ရခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်း ကတော့ အဆင့် ၁၄ နေရာမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။ ၀က်ဘရွမ်း ၊ ဘန်လေ ၊ ရှက်ဖီးယူနိုက်တက် အသင်း တို့ကတော့ ရာသီသစ်ရဲ့ ပထမဦးဆုံး ၂ လမှာ နိုင်ပွဲတစ်ပွဲမှ မရကြသေးဘဲ တန်းဆင်းဇုန်ထဲမှာ ကျရောက် နေကြပါတယ်။

လက်ရှိမှာတော့ ပြိုင်ပွဲ၀င် အသင်းတွေရဲ့ current form ကို အခြေခံကာ စူပါကွန်ပြူတာဟာ လက်ကျန် ဘောလုံး ရာသီရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းမှာ ဖြစ်နိုင်ခြေ ရှိတဲ့ ရလဒ်ကို ခန့်မှန်း တွက်ချက်ပြီး အမှတ်ပေးဇယား ရပ်တည်မှုကို ခန့်မှန်း ပေးသွား ခဲ့ပါတယ်။ စူပါကွန်ပြူတာ က ဂျိုဆေးမော်ရင်ညိုဟာ လွန်ခဲ့တဲ့ ၂၀၁၄-၁၅ ရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလားကို ပြန်လည် ဆွတ်ခူး နိုင်လိမ့်မယ်လို့ ယုံကြည် နေပြီး ၎င်းရဲ့ တော့တင်ဟမ် အသင်းဟာ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာစီးတီး နဲ့ အမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ခန့်မှန်း ခဲ့ပါတယ်။

ချဲလ်ဆီး ကိုလည်း တတိယ နေရာ ရရှိလိမ့်မယ်လို့ ခန့်မှန်းတာဟာ အားလုံး မျှော်လင့် ထားပြီး ဖြစ်ပေမယ့်လည်း အံ့အားသင့်စရာ ကောင်းတာ ကတော့ ထိပ်တန်း အသင်းကြီးတွေကို ကျော်ကာ အက်စတွန်ဗီလာ ကို top 4 နေရာ ရလိမ့်မယ်လို့ ခန့်မှန်းခဲ့တဲ့ အရာ ဖြစ်ပြီး ဒင်းစမစ်ရဲ့ အသင်းဟာ ဒီရာသီ ရမှတ် ၈၄ မှတ်နဲ့ ချန်ပီယံလိဂ် ၀င်ခွင့် ရသွားလိမ့်မယ်လို့ ဆိုထား ခဲ့ပါတယ်။

အံ့အားသင့်စရာတွေက ဒီမှာတင် မဆုံးသေးပါဘူး။ ဆောက်သမ်တန်နဲ့ ၀က်ဟမ်း တို့ဟာ အဆင့် ၅ နဲ့ အဆင့် ၆ နေရာတွေမှာ ရပ်တည်ကာ ယူရိုပါလိဂ် တစ်နေရာစာ ရရှိလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက် ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ပရီးမီးယားလ်ိဂ် ပြိုင်ပွဲကို လွှမ်းမိုး ထားခဲ့တဲ့ မန်စီးတီး နဲ့ လီဗာပူး ကတော့ အဆင့် ၇ နဲ့ အဆင့် ၈ နေရာတွေသာ ရရှိလိမ့်မယ်လို့ တွက်ချက် ထားပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ် တို့ကလည်း အခြေအနေ မကောင်းခဲ့ဘဲ အဆင့် ၁၀ နဲ့ အဆင့် ၁၁ နေရာတွေကို ရရှိလိမ့်မယ်လို့ ခန့်မှန်း ခဲ့ကာ ပြီးခဲ့တဲ့ ၂ ရာသီဆက် အဆင့် ၇ နေရာမှာ ရပ်တည် ခဲ့တဲ့ ဝုဖ်ကလည်း အဆင့် ၁၃ နေရာထိ ကျဆင်း သွားလိမ့်မယ်လို့ သိရပါတယ်။ ဘန်လေ ၊ ၀က်ဘရွမ်း နဲ့ ရှက်ဖီးယူနိုက်တက် တို့ကတော့ ရာသီကုန်မှာ တန်းဆင်း သွားရလိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး ဒါကတော့ သိပ်ပြီး အံ့သြစရာ မရှိပါဘူး။

SM