စနေနေ့ မှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီး အသင်းနဲ့ စပါးတို့ ၂ဂိုးစီ သရေ ကျခဲ့ပါတယ်။မန်စီးတီးအသင်းက ၂ကြိမ်စလုံး ဦးဆောင်နိုင်ခဲ့ပေမယ့်စပါး အသင်းကပြန်လည်ချေပသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ် ပြီးဆုံးခါနီး မှာ မန်စီးတီးတို့ ဂျေးဆု နဲ့ အနိုင်ဂိုးတဂိုးကို ရခဲ့သေးပေမယ့် VAR စနစ်နဲ့ ပြန်ကြည့်အပြီးမှာ အဆိုပါဂိုးကို ပါဝင်ပတ်သက်ခဲ့တဲ့ လာပေါ်တေးက ဘောလုံးကို လက်နဲ့ တားမိသလို ဖြစ်ခဲ့ လို့ပယ်ဖျက်ခံခဲ့ရပြီး သီအစမှာ ပဲ ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီး အသင်းနဲ့အပြိုင်ဖြစ်ခဲ့တဲ့ လီဗာပူး အသင်းရဲ့ တိုက်စစ်မှူး ဆာလတ်ကတော့ VAR စနစ်ကို မကြိုက်ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။ဒီစနစ်ကြောင့် အခုရာသီမှာပင်နယ်တီ အခွင့်အရေးတွေပိုရလာနိုင်ပေမယ့် ဘောလုံးအားကစားရဲ့ စိတ်လှုပ်ရှားမှုကို ထိခိုက်စေတယ်လို့ သူကယူဆနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ဘက်အသင်းတွေရဲ့ ပရိသတ်တွေကတော့ VAR စနစ်ကို စတင်မိတ်ဆက်လိုက်တာဟာ ဆာလတ်ကို အများကြီး ထိခိုက်စေလိမ့်မယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။အကြောင်းကတော့ ဒီအီဂျစ်သားဟာ ယမန်နှစ်ရာသီမှာ ပင်နယ်တီအခွင့်အရေးတွေအတွက် ဟန်ဆောင်လှဲ ချမှုအချို့ ရှိထားခဲ့တယ်လို့ စွပ်စွဲမှုတွေကို ခံထားခဲ့ရလို့ဖြစ်ပါတယ်။

CNN နဲ့ အင်တာဗျူးမှာ ဆာလတ်က-” ဒီစနစ်ကို ကျွန်တော် မကြိုက်ပါဘူး။ဒါဟာ ကျွန်တော့်ရဲ့ အမြဲတမ်း အဖြေလည်းဖြစ်ပါတယ်။ကျွန်တော်ဟာ ဘောလုံးအားကစားရဲ့ ဖြစ်ပျက်မှုတွေကို ပဲကြိုက်နှစ်သက်တာဖြစ်ပါတယ်။ဘောလုံးပွဲတွေ ဆိုတာ တခါတလေမှာဒိုင်လူကြီးရဲ့ အမှားတွေ ကစားသမားရဲ့ စိတ်ဆိုးဒေါသထွက်တာတွေရှိတတ်ပြီး ကျွန်တော်က ဒါကို ကြိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် တခါတလေ မှာကစားသမား တွေကို အန္တရာယ်တွေကနေအကာအကွယ်ပေးရမယ် ဆိုတာတော့ အမှန်ပါပဲ။ဒါကြောင့် လည်း ဒီစနစ် ကို အသုံးပြုလာကြတယ်လို့ ကျွန်တော်ယူဆပါတယ်။ဒီစနစ်ကို အသုံးပြုရတဲ့ တခုတည်းသောအကြောင်းပြချက်က ကစားသမားတွေကို ကာကွယ်ပေးဖို့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒိုင်လူကြီးရဲ့ အမှားတွေ ကစားသမားတွေရဲ့ အမှားတွေဘယ်လို ပဲရှိရှိ လက်ခံပြီး ဘာလို့ လည်းဆိုတာတော့ မပြောတတ်ပါဘူး။ဒီလို တွေ ဖြစ်နေမှ လည်း ဘောလုံးအားကစားဆိုတာ စိတ်လှုပ်ရှားဖို့ ပိုကောင်းတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ VAR ကြောင့် ဘယ်လိုသက်ရောက် မှုတွေရှိလာနိုင်လဲ လို့ မေးမြန်းရာ မှာတော့ ဆာလတ်က – ” ကျွန်တော့် အတွက် ပင်နယ်တီအခွင့်အရေးတွေ ပိုရနိုင်ပါတယ်။ခင်ဗျားတို့ဒါကို မြင်ရပါလိမ့်မယ် “လို့ ရိုးရိုးရှင်းရှင်းဖြေသွားခဲ့ပါတယ်။

ဆာလတ်ဟာ ရိုးမားအသင်းကနေ ပြောင်းလာအပြီး လီဗာပူး တိုက်စစ်မှာ မာနေး၊ ဖာမီနို တို့နဲ့ အတူ အကောင်းဆုံးတွဲဖက်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။သူဟာုပြိုင်ပွဲစုံ ၁၀၈ ပွဲကစားပေးထားအပြီးမှာ ၇၂ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဂိုးသွင်းကောင်းပေမယ့် သူ့ကိုယ်သူ အထောင် တိုက်စစ် မှူး တဦးအဖြစ် မမြင်ပဲတောင်ပံ ကစားသမား တဦးပဲဖြစ်ချင်တယ်လို့ ဆာလတ်က ဆိုပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆာလတ်က-

” ကျွန်တော်က တိုက်စစ် မှူး မဟုတ်ပါဘူး၊ တောင် ပံမှာပဲ ကစားတာဖြစ်ပါတယ်။ဒါကြောင့်လည်း ဂိုးတွေ သွင်းယူဖို့ သာမက ပဲ ဖန်တီးမှု တွေလုပ်ဆောင်ပေးဖို့ ကကျွန်တော့် အလုပ်ဖြစ်ပါတယ်။ဘယ်သူကမှ ထောက်ခံထားခြင်း မရှိပေးမယ့် ကျွန်တော်က တောင်ပံမှာကစားတာဖြစ်ပါတယ်။

အထောင် တိုက်စစ်မှာ နံပါတ် ၉ ကစားသမား အဖြစ် ကျွန်တော်မကစားတာ အတော်ကြာနေပါပြီ။အဲ့ဒီနေရာမှာ ကစားတဲ့ သူရဲ့ အလုပ်က ဂိုးသွင်းဖို့ ပဲဖြစ်ပြီး တောင်ပံကစားသမားကတော့ ဂိုးသွင်းရုံသက်သက် မဟုတ်ပါဘူး။

ဖန်တီးပေး မှုတွေလည်း လုပ်ဆောင်ပြီးအသင်းနဲ့ ပါဝင် ကစားပေးရပါတယ်။ကျွန်တော်ကတော့ အသင်းရဲ့ ခံစစ်ပိုင်းအတွက်ပါ အရာရာကို လုပ်ဆောင်သွားမှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။