အာဂျင်တီးနား လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ကားလို့စ် တိဗတ်ဇ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားခဲ့တဲ့ 2007 – 08 ဘောလုံး ရာသီ အတွင်း ပရီးမီးယား လိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို ရယူ ဆွတ်ခူးနိုင်ခဲ့ပြီး ကစားသမား ဘဝရဲ့ အအောင်မြင်ဆုံး ဘောလုံး ရာသီကို ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ဘောလုံး ရာသီ မှာတော့ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ လက်အောက်မှာ ပြိုင်ပွဲစုံ 48 ပွဲ အထိ ကစားခွင့် ပိုင်ဆိုင် ထားနိုင် ခဲ့တဲ့ တိဗတ်ဇ် ဟာ 19 ဂိုး အထိ သွင်းယူ နိုင်ခဲ့ပြီး ချဲလ်ဆီး အသင်းကို အနိုင် ကစားကာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး ခဲ့တဲ့ အသင်းသား တစ်ဦးလည်း ဖြစ်နိုင်ခဲ့ ပါတယ် ။

အဆိုပါ ဘောလုံး ရာသီ မှာတော့ တိဗတ်ဇ်ဟာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ၊ ဝိန်းရွန်းနီ တို့နဲ့ အတူ တွဲဖက် ကစားရင်း သရဲနီ တို့ကို ကမ္ဘာ့ အကောင်းဆုံး တိုက်စစ် အတွဲ တစ်ခု ပိုင်ဆိုင် စေနိုင်ခဲ့ ပါတယ် ။ အဲ့ဒီ နောက် တစ်နှစ် မှာတော့ သူဟာ ဘာဘာတော့ဗ် နဲ့ အတူ တွဲဖက် ကစားခဲ့ရ ပါတယ် ။

ဒါပေမယ့် အဲ့ဒီနောက် တစ်နှစ်မှာတော့ သူဟာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ယူနိုက်တက် အသင်းမှ ထွက်ခွာပြီး မြို့ခံ ပြိုင်ဖက် အသင်း ဖြစ်တဲ့ မန်စီးတီး အသင်းဆီ ရောက်သွား ခဲ့တဲ့နောက် ယူနိုက်တက် ပရိသတ် အချစ်တော် တစ်ဦး အဖြစ်မှ ဗီလိန် တစ်ဦး ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ အချိန် တုန်းက ယူနိုက်တက် အသင်းဟာ သူ့ရဲ့ အငှား ခေါ်ယူခွင့်ကို အပြီးသတ် ခေါ်ယူခွင့် အဖြစ် ပြောင်းလဲ လိုက်ဖို့ အတွက် ပေါင် 25 သန်း အထိ ပေးချေဖို့ သဘော တူညီခဲ့ပေမယ့် သူဟာ ယူနိုက်တက်မှာ မနေတော့ပဲ မန်စီးတီး အသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် စိတ်အား ထက်သန်ခဲ့ ပါတယ် ။

ဒါ့ကြောင့် သူဟာ ယူနိုက်တက် ပရိသတ် တွေရဲ့ အမုန်းကို ပိုင်ဆိုင် သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သူကတော့ ယူနိုက်တက် အသင်းမှ အမှတ်တရ တွေကို ရင်ထဲမှာ ဆက်လက် သိမ်းဆည်း ထားပုံ ပါပဲ ။ ဒါကို မကြာသေးခင်က ပြုလုပ် ခဲ့တဲ့ အမေးအဖြေ ကဏ္ဍ တစ်ခုမှာ သိရှိ ခဲ့ရ ပါတယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ မကြာသေးခင်က သူ့ရဲ့ farewell အစီအစဉ် လုပ်ဆောင် ဖြစ်မယ် ဆိုရင် ဘယ်အသင်းဖော်ဟောင်း တွေကို တစ်သင်းထဲမှာ ထားပြီး ကစားစေမလဲ လို့ အမေး ခံလိုက် ရချိန်မှာ တိဗတ်ဇ် က မန်ချက်စတာ ယူနိုက်တက် အသင်းမှ သရဲနီ အသင်းဖော် ဟောင်းတွေကို အဓိက ရွေးချယ် သွားခဲ့တဲ့ အတွက်ပဲ ဖြစ်ပါတယ် ။

” အကယ်လို့ ကျွန်တော် ဘောလုံး အားကစား ကနေ အနားယူဖြစ်မယ် ၊ ပြီးရင် farewell ပွဲစဉ် ကစား ဖြစ်မယ် ဆိုရင် ကျွန်တော့် ရဲ့ အသင်းမှာ … ဘူဖွန် ၊ ဟူဂို အီဗာရာ ၊ ရီယို ဖာဒီနန် နဲ့ ပတ်ထရစ် အီဗရာ တို့ကို ခံစစ်ပိုင်း နေရာမှာ ထားပြီး ကစားသွားမှာပါ ”

” ပေါလ် စခိုးလ် ၊ အန်ဒရိ ပီယာလိုနဲ့ ပေါလ် ပေါ့ဂ်ဘာတို့ ကတော့ ကွင်းလယ်မှာပေါ့ ဗျာ ။ ပြီးရင်တော့ တိုက်စစ် နေရာ အတွက် ခရစ္စတီယာနို ရော်နယ်ဒို ၊ လီယွန်နယ် မက်ဆီနဲ့ ဝိန်း ရွန်းနီ တို့ကိုပဲ ရွေးချယ် သွားမှာပါ ။ ကျွန်တော် ကိုယ်တိုင်ကတော့ အရံခုံ ပေါ်မှာပဲ ထိုင်နေပါ့မယ် ” လို့ တိဗတ်ဇ်က ပြန်လည် ဖြေကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အကောင်းဆုံး ကစားသမားတွေချည်း ပါဝင်နေတဲ့ တိဗတ်ဇ် ရဲ့ အသင်း ကတော့ တစ်ကယ့်ကို ကြောက်မက်ဖွယ်ရာပါပဲဗျာ …

#Sports_Myanmar