ဂျွန်ဘန်းက တော့တင်ဟမ်ဟာ ရာသီကုန်ခါနီး ကာလကို ရောက်လာတဲ့ အခါ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆု အတွက် တိုက်ပွဲ ဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဂျိုးဆေးမော်ရင်ညိုရဲ့ စပါးဟာ ၂၀၂၀-၂၁ ဘောလုံးရာသီကို ကောင်းစွာ စတင် ထားနိုင်ခဲ့ပြီး ပွဲစဉ် ၈ အပြီးမှာ လက်ရှိ ချန်ပီယံ လီဗာပူးရဲ့ အထက် ဒုတိယ နေရာ နဲ့ title contender မန်ချက်စတာစီးတီးထက် ငါးမှတ် အသာ ရနေပါတယ်။

ပေါ်တူဂီ မန်နေဂျာဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး နည်းပြတွေ ထဲက တစ်ဦး ဖြစ်ပြီး ဂျိုဆေးမော်ရင်ညိုဟာ ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ဆွတ်ခူး နိုင်ခဲ့သူ ဖြစ်ပါတယ်။ မော်ရင်ညိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပိုချက်တီနိုရဲ့ နေရာမှာ အစားဝင်လာ ခဲ့သူ ဖြစ်ပြီး စပါးကို သူ့ကိုယ်ပိုင် ပုံစံနဲ့ ကောင်းကောင်း တည်ဆောက်လျက် ရှိနေပါတယ်။

စပါးတို့ ရာသီအစပိုင်း ရလဒ်တွေ ကောင်းနေ ခဲ့ပေမယ့်လည်း လီဗာပူး တောင်ပံ ကစားသမားဟောင်း ဘန်းက ဒီရာသီ ပရီးမီးယားလိဂ် title race ဟာ ပက်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး နဲ့ ဒဏ်ရာ ပြသနာတွေ များစွာ ကြုံတွေ့ နေရတဲ့ လီဗာပူး အသင်း တို့ကြား တိုက်ပွဲသာ ဖြစ်တယ်လို့ မှတ်ချက် ပေးလိုက် ပါတယ်။

ဘန်းက “တော့တင်ဟမ်ဟာ ကောင်းကောင်း လုပ်ပြ နေပါတယ်။ ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက် မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့ကသာ ရေပန်း အစားဆုံး အသင်းတွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ သူတို့ လွယ်လွယ်လေး ရှုံးသွား နိုင်တဲ့ ဘရိုက်တန် ၊ ဝက်ဘရွမ်း တို့နဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်း တွေကို ညှစ်ပြီး ယူနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်ဟာ ဒီလိုမျိုး ဆက်လက် လုပ်ဆောင် နိုင်စွမ်း ရှိတဲ့ အသင်း မဟုတ်ပါဘူး။

သူတို့ဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိသလို ဂိုးတွေလည်း လုံလောက်စွာ မသွင်း နိုင်ပါဘူး။ ဒါ့ကြောင့် သူတို့ ယခုလို အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည် နေတာဟာ သူတို့ မျှော်လင့်ထားတာထက် အများကြီး ကျော်လွန် နေပါတယ်။ သူတို့ဟာ အခုချိန်မှာ အမှတ်ပေးဖလားကို စိန်ခေါ် နေတဲ့ အသင်း ဖြစ်နေပြီး စပါးတို့ top 4 တော့ ဝင်နိုင်မှာပါ။ ဒါပေမယ့် သူတို့ top 2 နဲ့ အဆုံးသတ် နိုင်မှာ မဟုတ်ပါဘူး။” လို့ ပြောသွား ပါတယ်။

တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ ၂၉ နှစ် အတွင်း ဆုဖလား ၃ လုံးသာ ဆွတ်ခူး နိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး မော်ရင်ညိုဟာ ကာလရှည် ဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ် သွားရန် အားခဲ နေပါတယ်။ ဒါပေမယ့် ဘန်းက စပါးဟာ အောင်မြင်မှုတွေ ရရှိဖို့ အတွက် လိုအပ်တဲ့ စိတ်ဓာတ် စွမ်းရည် ရှိမနေဘူးလို့ ဆိုသွား ပါတယ်။

ဘန်းက “စပါးဟာ ကပ်ဆိုး ဒါမှမဟုတ် ပရိတ်သတ်တွေရဲ့ အပြင်းအထန် ဝေဖန်မှုနဲ့ တစ်ပွဲ အလိုမှာ အမြဲ ရှိနေပါတယ်။ အရာအားလုံး အခြေအနေ မကောင်းတော့ဘူး ဆိုရင် ကစားသမားတွေဟာ ဂျိုဆေးမော်ရင်ညို ဘက်ကို လှည့်လာ မှာပါ။ သူ့တို့မှာ အခြား အသင်းတွေလိုမျိုး ဟာမိုနီ မရှိတဲ့ အပြင် ညီညွှတ်မှုလည်း မရှိပါဘူး။ ကစားသမားတွေဟာ အဲဒီမှာ ကစားရတာ ပျော်ရွှင် နေတဲ့ပုံ မရှိသေးပါဘူး။ ဒါ့ကြောင့် အကယ်၍ တော့တင်ဟမ် တို့ ရမှတ် အနည်းငယ် ဆုံးရှုံး ခဲ့မယ် ဆိုရင် သူတို့ရဲ့ ပြသနာတွေဟာ လွယ်လွယ်ကူကူပဲ ကြီးထွား လာမှာပါ။

ဒါဟာ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဖြစ်ပါတယ်။ သူတို့ဟာ အမြင့်ဆုံး အဆင့် ၃ ၊ အဆင့် ၄ နေရာ တွေကို ခြိမ်းခြောက် နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ လက်ရှိမှာ အရှိန်အဟုန်ကောင်း ရရှိနေပြီး ဒါကို အသုံးချကာ ရှေ့ဆက်ဖို့တော့ လိုအပ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူးနဲ့ မန်စီးတီး တို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာ တစ်ဂိုးစီ သရေ ကျထားခဲ့ပြီး လက်ရှိမှာတော့ ယာဂန်ကလော့ရဲ့ အသင်းဟာ ဒဏ်ရာ ပြသနာတွေရဲ့ ထိုးနှက်မှုကို ခံနေရပါတယ်။ လီဗာပူးဟာ ဗန်ဒိုက် ၊ ဂိုးမက်ဇ် နဲ့ အလက်ဇန်းဒါးအာနိုး တို့ကို လက်လွှတ် ထားခဲ့ရတာကြောင့် ခံစစ်ပိုင်းမှာ အင်အား နည်းပါးလျက် ရှိနေပါတယ်။