ဂန်းနား ကစားသမားဟောင်း ဆက်စ် ဖာဘရီဂက်စ် က အာဆင်နယ် အသင်းဟာ အကူး အပြောင်းကာလ ကို ဖြတ်သန်း နေရတာကြောင့်ပရိသတ်တွေ အနေနဲ့ အာတီတာ ကို အချိန်ပေးဖို့ လိုအပ်ကြောင်း တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

အာတီတာ ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ အာဆင်နယ် အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ နည်းပြ ဘဝ ရာသီဝက်မှာတင် အက်ဖ်အေဖလား ကော ကွန်မြူနတီဒိုင်းပါ ရယူ နိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ဒီရာသီမှာလည်း အာတီတာဟာ အာဆင်နယ် အသင်းကို ရာသီ အစ ခုနှစ်ပွဲမှာ ၄ ပွဲ အနိုင်ရအောင် စွမ်းဆောင် ပေးထားနိုင်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့် နိုင်ပွဲ ရထားပါတယ် ။

ဖာဘရီဂက်စ် က 90min မှာ ” နားထောင်ပါ ၊ အခုက အကူးအပြောင်းကာလပါ ၊ မီခေးလ် က ကိုယ်ပိုင် အိုင်ဒီယာ ရှိပါတယ် ၊ ဒါပေမယ့် အချိန်ယူရဦးမှာပါ ။ အခုခေတ် နည်းပြတွေ ကြုံတွေ့နေရတဲ့ ပြဿနာက အချိန် လုံလုံလော​က်လောက် မရကြတာပါ ၊ သုံးပွဲလောက် ရှုံးလိုက်တာနဲ့ အားလုံးက ကိုယ့်ခေါင်းပဲ ကျလာတော့တာပါပဲ ။ ”

” ကိုယ့် idea အတိုင်း အသင်းကို တည်ဆောက်ဖို့ ဆိုတာ အရမ်း ခက်ခဲမှန်း သိပါတယ် ၊ ဒါပေမယ့် ဒါက လုပ်ငန်းစဉ်ပါပဲ ။ဘောလုံး လောက က လျင်မြန်စွာ ရွေ့လျားလည်ပတ်နေတာကြောင့် ခက်ခဲတာတော့ အမှန်ပါပဲ ၊ အားလုံးက အနိုင်ရချင်ကြပါတယ် ။ ဘုတ်အဖွဲ့ ၊ ပရိသတ် နဲ့ ကစားသမားတွေရဲ့ ဖိအားပေးမှု လည်း ခံရပါတယ် ။ ဒါကြောင့် နေ့ရက်တိုင်းကို လျင်လျင်မြန်မြန်ပဲ လိုက်လည်ပတ်နေရတာပါ ။ ”

” သူက အသင်းကို တည်ဆောက် နေရတာပါ ၊ အသင်းမှာ စီဘာယောစ့် ၊ ရှာကာ တို့ ရှိသလို အေတီကို က ကစားသမားကောင်း တစ်ဦး ဖြစ်တဲ့ သောမက်စ် ပါတေး ကိုလည်း ထပ်ခေါ် ထားပါတယ် ။ သူတို့မှာ ဝီလီယံ ၊ အူဘာမီယန်း တို့လို ထိပ်တန်း ကစားသမားတွေလည်း ရှိနေပါတယ် ၊ ဒါပေမယ့် အချိန် အနည်းငယ်တော့ လိုအပ် နေပါသေးတယ် ။ ”

” ကျွန်တော် ပြီးခဲ့တဲ့ လေး ၊ ငါးနှစ် အတွင်း လက်တွဲခဲ့ဖူးတဲ့ နည်းပြတွေ ကြုံတွေ့ ရတာကို ပြောပြပါမယ် ။ သူတို့က အသင်းကို ကိုယ်ပိုင် idea တွေ နဲ့ လာကြပေမယ့် ရလဒ် နည်းနည်းလည်း မကောင်းရော ကိုယ်ပိုင်အတွေးအခေါ် နဲ့ ဆက်သွားဖို့ထက် ရလဒ်ကောင်းဖို့နဲ့ ယုံကြည်မှု ရဖို့ကိုပဲ ဦးစားပေး လုပ်ဆောင်ကြပါတော့တယ် ။ ”

” မော်ရင်ဟို ပြောနေကြ စကား ရှိပါတယ် ၊ လက်တွေ့ကျကျ ကျင့်သုံးဖို့ လိုအပ်တယ် ဆိုတဲ့ အကြောင်းပါ ။ အခုက အစပိုင်းမှာ ရလဒ်ကောင်းဖို့ကိုပဲ ဦးစားပေး လုပ်ဆောင် နေရပါတယ် ၊ ဒါနဲ့ ပတ်သက်ပြီး ကျနော် မငြင်းလိုပါဘူး ၊ ဒါပေမယ့် ကိုယ်ရည်ကိုယ်သွေး ရှိဖို့ လိုအပ်ပါတယ် ။ ”

” နိုက်စ် နည်းပြ ဗီအဲရာ ကို ဥပမာပေးပြီး ပြောပါမယ် ၊ ကျနော် သူ့ကို နယူးယောက် စီးတီးမှာကတည်းက စောင့်ကြည့်လာတာပါ ၊ ခု နိုက်စ် အသင်းထိပေါ့ ။ သူတို့ အသင်းက လူငယ်တွေနဲ့ စုဖွဲ့ ထားတာပါ ၊ ဒါပေမယ့် ဗီအဲရာ က ဘာတွေပဲ ဖြစ်ဖြစ် သူ့ အိုင်ဒီယာ နဲ့ပဲ ရှေ့ဆက် သွားပါတယ် ။ ”

” သူက ကလေးတွေ အမှားတွေ လုပ်နိုင်တယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် သူက ကလေးတွေ အမှား လုပ်ရင် သူ့ကြောင့်လို့ပဲ ခံယူပါတယ် ။ သူ့မှာ ကိုယ်ပိုင် အရည်အသွေး ရှိပါတယ် ၊ ဗီအဲရာ အသင်း ၄-၄-၂ ကစားကွက် နဲ့ ခံစစ် ကစားတာကို ခင်ဗျားတို့ မြင်တွေ့ရမှာ မဟုတ်ပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ သူက သူ့ရဲ့ ကစားသမားတွေနဲ့ ကစားပုံ ကို အမြဲတမ်း ယုံကြည်မှု ရှိတာကြောင့်ပါ ၊ ဒီလို နည်းပြတွေကို တွေ့ရတာ သိပ်ကောင်းပါတယ် ။ ”

” အာတီတာကလည်း ခေါင်းဆောင်ကောင်း တစ်ဦးပါ ၊ နောက်ပြီး သူက သမိုင်းတစ်လျှောက် အကောင်းဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်တဲ့ ဂွာဒီယိုလာ ဆီက ပညာ သင်ယူထားတာပါ ၊ သူက အရည်အသွေးမြင့် နည်းပြ တစ်ဦးဆိုတာ ကျနော် သံသယ မဖြစ်မိပါဘူး ။ ”

” သူက ဘာစီလိုနာမှာလည်း ကစားဖူးတာကြောင့် နိုင်ပွဲ ဘယ်လို ယူရမလဲ ဆိုတာလည်း သိပါတယ် ။ အာဆင်နယ် အတွက် စိတ်လှုပ်ရှား စရာ အခိုက်အတန့် ပါပဲ ၊ သူ့အတွက် ပထမဆုံး နည်းပြ အလုပ် ဖြစ်ပေမယ့် သူ့မှာ အရည်အချင်း ရှိကြောင်း ပြသ ထားပါတယ် ၊ သူ အသင်းအတွက် ကောင်းကောင်း လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR