ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း မှာ လစ်ပ်ဇစ် အသင်း ကနေ ချဲလ်ဆီး အသင်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ၊ ၅နှစ် စာချုပ် နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် သို့ ရောက်ခါစ ပွဲအနည်းငယ် မှာ ဗာနာ တယောက် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ် ။

သို့ပေမယ့် ကစားအား ၊ တိုးအားရုန်းအား နဲ့ နှိုင်းယှဉ် သုံးသပ်ရရင်တော့ ဗာနာ ဟာ ပုံစံကောင်း တရပ်မှာ အမြဲတမ်း ရှိနေခဲ့ပါတယ် ။ ပြီးခဲ့တဲ့ လအတွင်း က ကစားခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲမှာတော့ ဗာနာ ဟာ အထူး ခြေစွမ်းပြခဲ့ကာ ၊ သွင်းဂိုး ၂ဂိုး နဲ့ စတင် ဖွင့်နိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်ပိုင်း မှာ ဗာနာ ဟာ သွင်းဂိုး စွမ်းရည် ပိုမို တိုးတက်လာခဲ့ကာ ၊ လောလောဆယ် ပြိုင်ပွဲစုံ ၁၂ ပွဲကစားထားရာမှာ ၊ သွင်းဂိုး ၈ဂိုး အထိ ရရှိထားပါတယ် ။ ဒါ့အပြင် ဗာနာ ဟာ ပြီးခဲ့တဲ့ စနေနေ့ည က ကစားခဲ့တဲ့ ယူကရိန်း လက်ရွေးစင် အသင်း နဲ့ ဥရောပ နေရှင်လိဂ် အုပ်စု ပွဲစဉ် တပွဲမှာလည်း ဂျာမနီ လက်ရွေးစင် အသင်း အတွက် အထူး ခြေစွမ်းပြကာ ၊ ဂိုး၂ဂိုး သွင်းပေးနိုင်ခဲ့ပါသေးတယ် ။

အထောင် တိုက်စစ် နေရာမှာ ကစားပေးနိုင်သလို ၊ ဘယ်တောင်ပံ တိုက်စစ် နေရာမှာလည်း ကစားပေးနိုင်တဲ့ အတွက် ဗာနာ ဟာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ အဓိက လက်ရုံးတော် တိုက်စစ် ကစားသမား တယောက် အဖြစ် ရပ်တည်လျက် ရှိပါတယ် ။

ဗာနာ ကတော့ သူဟာ ချဲလ်ဆီး အသင်း နဲ့ ပရီးမီးယားလိဂ် ကို ရောက်ရှိလာတဲ့အခါ မှာ ပိုပြီး ပြည့်စုံတဲ့ တိုက်စစ်မှူး တယောက် ဖြစ်လာတယ် လို့ ခံစားရကြောင်း ၊ အထူးသဖြင့် ကြံ့ခိုင်မှု အားကောင်းပြီး ၊ တွန်းတွန်းတိုက်တိုက် ကစားနိုင်တဲ့ ခံစစ်မှူးတွေ အကြားမှာ သူ နေသားကျလာကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

ဗာနာ က ” အင်္ဂလန် မှာ အသင်း တော်တော်များများ ဟာ အဝေးဘော ၊ အမြင့်ဘော တွေကို သုံးပြီး ကစားလေ့ရှိပါတယ် ။ ဂျာမနီ လက်ရွေးစင် အသင်း မှာ ကစားတာနဲ့ ချဲလ်ဆီး မှာ ကစားတာ က ကစားပုံ စတိုင်လ်ချင်း နည်းနည်းတော့ ကွာခြားပါတယ် ။ ”

” လောလောဆယ် မှာ ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို အကြမ်းပတမ်း ပိုခံလာတဲ့ တိုက်စစ်မှူး အဖြစ် မြင်လာရပါပြီ ။ ဘာလို့လဲ ဆိုတော့ အရပ်အမောင်း တောင့်တင်းပြီး ၊ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်တဲ့ ပရီးမီးယားလိဂ် ပြိုင်ဖက် ခံစစ် ကစားသမား တွေနဲ့ ကျွန်တော် အတော်အသင့် ရင်ဆိုင်ထားပြီး ဖြစ်လို့ပါ ။ ”

” နောက်ပြီး ဒီ ဓလေ့ကြောင့် ကျွန်တော့ ရဲ့ နိုင်ငံ လက်ရွေးစင် ကစားသမား ဘဝ ကို အထောက်အကူ ပြုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဗာနာ က ကလပ် အသင်းမှာရော ၊ နိုင်ငံ အသင်းမှာပါ ဆက်တိုက် ကစားနေရပေမယ့် ၊ သူ့အတွက် ပြဿနာ မရှိကြောင်း အခုလို ဖွင့်ဟလာပါသေးတယ် ။

ဗာနာ က ” ပွဲပန်း ပြဿနာ နဲ့ ရင်ဆိုင်ရမယ့် အပေါ် ကျွန်တော် လုံးဝ မစိုးရိမ်ပါဘူး ။ ဘန်လေ နဲ့ ပွဲတုန်းက ( ပူလီဆစ် နာသွားလို့ အစားထိုး ဝင်ရောက် ကစားခဲ့ရ ) ကျွန်တော် မကစားခဲ့သင့်ပေမယ့် ၊ နည်းပြကြီး က ကျွန်တော့ ကို နားချိန် လုံလုံလောက်လောက် ပေးထားပါတယ် ။ ”

” ကျွန်တော် ဟာ ငယ်ရွယ်ပြီး ဖျတ်လတ်မှု ရှိသေးတဲ့ ကစားသမား တယောက် ဖြစ်တဲ့ အတွက် ၊ ဒီ ဒဏ်တွေကို ကျွန်တော် မမှုပါဘူး ။ ပိတ်ရက် မှာ မိနစ် ၂၀လောက်ပဲ ကစားခွင့် ရတယ် ဆိုရင် ၊ နောက်ပွဲ အတွက် ခင်ဗျား မှာ နားချိန် ပိုရတာပေါ့ ။ ပွဲဆက် ကစားရတော့ မောပန်းတဲ့ အခြေအနေ တွေ ရှိနေပေမယ့် ၊ ဘောလုံး ရဲ့ အနှစ်သာရ ဆိုတာ ကစားခွင့် ပုံမှန်ရမှ ပြည့်ပြည့်ဝဝ ခံစားလို့ ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR