မနေ့ည က ကစားခဲ့တဲ့ လန်ဒန် ဒါဘီ ချဲလ်ဆီး – တော့တင်ဟမ် ပွဲဟာ အများ မျှော်မှန်းခဲ့သလို ၊ အကြိတ်အနယ် မရှိခဲ့ပဲ ၊ တဖက် နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့ပဲ ၊ ဂိုးမရှိ သရေ ရလဒ် နဲ့သာ ပြီးဆုံးခဲ့ပါတယ် ။ ဒီအတွက်ကြောင့် တော့တင်ဟမ် အသင်း ဟာ ဂိုးကွာခြားချက် နဲ့ ဇယားထိပ်ဆုံး ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ် ။

အကယ်၍ တော့တင်ဟမ် အသင်း ဟာ ဒီရာသီ အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆု ကို သေချာပေါက် စိန်ခေါ်မယ့် အသင်း တသင်း ဆိုရင်တော့ ၊ စတမ်းဖို့ဒ်ဘရစ်ချ် က ဒီ သရေ တမှတ် ဟာ တန်ဖိုး အတိုင်းအတာ တခု အထိ ရှိလာနိုင်ပါတယ် ။

ပရီးမီးယားလိဂ် ဖလား အတွက် လက်ရှိ ချန်ပီယံ လီဗာပူး အသင်း ကို အနီးကပ် တောက်လျှောက် ဖိအားပေးနိုင်မှာလား ဆိုတာကတော့ တော့တင်ဟမ် အသင်း ရဲ့ ဒီဇင်ဘာ ပွဲကြပ် ကာလ က ရလဒ်တွေက သေချာပေါက် အဖြေပေးမှာ ဖြစ်ပါတယ် ။

မနေ့က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တော့တင်ဟမ် အသင်း နည်းပြ ဟိုဆေး မော်ရင်ဟို က ၎င်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ မှာ မြင်းကောင်ပေါက် အဆင့်သာ ရှိသေးကြောင်း နဲ့ ချန်ပီယံဆု အတွက်လည်း ရေပန်းစားနေခြင်း မရှိကြောင်း ပြောခဲ့ပါတယ် ။

မော်ရင်ဟို ဟာ ချဲလ်ဆီး အသင်း ကို ကိုင်တွယ်ခဲ့စဉ် ၊ ၂၀၁၄ – ၂၀၁၅ ဘောလုံး ရာသီမှာလည်း အလားတူ မှတ်ချက်မျိုး ပေးခဲ့ဖူးပြီး ၊ အဲ့ဒီတုန်းက ချဲလ်ဆီး အသင်း ဟာ ရာသီ တဝက်ကျော် ကတည်းက ချန်ပီယံ ဖြစ်သွားပြီ လို့ တညီတညွတ် သတ်မှတ်ခံခဲ့ရတဲ့ အချိန်လည်း ဖြစ်ပါတယ် ။

တော့တင်ဟမ် အသင်း ဟာ ချန်ပီယံလောင်းတွေထဲမှာ မြင်းပေါက် အဆင့်သာ ရှိသေးတယ် ဆိုတဲ့ မော်ရင်ဟို ရဲ့ မှတ်ချက် အပေါ် ၎င်းရဲ့ တပည့်ဟောင်း ဖရန့် လမ်းပတ် ကတော့ လက်မခံတဲ့ ပုံပေါ်ပြီး ၊ ချဲလ်ဆီး အသင်း ကို ချန်ပီယံလောင်း စာရင်းထဲ ထည့်ရင့် ၊ တော့တင်ဟမ် ဟာလည်း ဒီရာသီ ပရီးမီးယားလိဂ် ဖလား ကို သေချာပေါက် စိန်ခေါ်နိုင်တယ် လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ် က ” ဒါဟာ ဟိုဆေး ဖက်က သူ့ရဲ့ နှိမ့်ချတဲ့ အမြင် နဲ့ ပြောတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် အပြင်မှာတော့ သူတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ဦးဆောင်နေပါတယ် ။ ”

” လောလောဆယ် အခြေအနေ မှာတော့ ဇယား ထိပ်ပိုင်းနား က အသင်းတွေရဲ့ အမှတ် ကွာဟချက် က အရမ်း ကျဉ်းမြောင်းနေပါတယ် ။ ဒီတော့ ကျွန်တော်တို့ အသင်း ကို ချန်ပီယံလောင်း စာရင်းထဲ ထည့်ထားရင် သူတို့ဟာလည်း ချန်ပီယံလောင်း တွေထဲက တသင်း ဖြစ်ရပါမယ် ။ ”

” အကယ်၍ ခင်ဗျား ရဲ့ အသင်း မှာ ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင် လို တယောက် က ၉ဂိုး ၊ တယောက် က ၇ဂိုး ရထားတဲ့ ကမ္ဘာ့ အဆင့် တိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားရင် ၊ Clean Sheet တွေကိုလည်း ကျစ်လျစ်မှု ရှိရှိ ထိန်းသိမ်းနိုင်စွမ်း ရှိနေရင် ၊ ခင်ဗျား တို့ဟာ ချန်ပီယံ ပြေးလမ်းကြောင်းထဲမှာ ရှိကို ရှိနေတယ် လို့ ပြောပါရစေ ။ ”

” နောက်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ နွေတတွင်း မှာ ကြီးကြီးမားမား ရင်းနှီး မြှုပ်နှံထားပါတယ် ။ သူတို့ဟာ ဂါရတ်ဘေးလ် လို ကစားသမားမျိုး ကိုတောင် အရန်ခုံမှာပဲ ထားထားသလို ၊ ဒေလီ အလီ ဆိုရင် သူတို့ အသင်း လူစာရင်းထဲမှာ ခေါ်တောင် မခေါ်လာခဲ့ပါဘူး ။ ဒါဟာ သူတို့ရဲ့ ကစားသမား အင်အား တောင့်တင်းကြောင်း ကို ပြသနေခြင်း ဖြစ်ပါတယ် ။ ”

” ဒီတော့ ကျွန်တော်တို့ ၂သင်းလုံး ဟာ ချန်ပီယံဆု အတွက် ပြိုင်ဆိုင်နေကြတယ် လို့ ထင်ပါတယ် ။ ဒါပေမယ့် ဟိုဆေး ကတော့ သူမြင်တဲ့ အတိုင်း ပြောချင်သလို ပြောနိုင်ပါတယ် ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ” အကယ်၍ ဒီနေ့ ပွဲရလဒ် က ချဲလ်ဆီး နိုင်ခဲ့ရင် ၊ ဒါမှမဟုတ် ၊ တော့တင်ဟမ် က နိုင်ခဲ့တယ် ဆိုရင်တောင် ၊ ချန်ပီယံလုပွဲ အတွက် အခြေအနေ က အများကြီး သက်ရောက်မှု ရှိသွားမယ် လို့ ကျွန်တော် မထင်မိပါဘူး ။ ဘာလို့လဲ ဆိုတော့ ဒီနှစ် ဘောလုံး ရာသီ ပြီးဆုံးဖို့က အချိန် အကြာကြီး ဖြတ်သန်းရမယ့် အတွက် ဖြစ်ပါတယ် ။ ”

” ပွဲတွေလည်း အများကြီး ကစားဖို့ ကျန်နေသေးတဲ့ အတွက် ၊ ဒီနေ့ပွဲမှာ ဘယ်ဖက်က နိုင်နိုင် ၊ သိပ်ပြီး အခရာ မကျဘူး လို့ ထင်ပါတယ် ။ ဟိုဆေး ရဲ့ ဒီနေ့ပွဲက ကျွန်တော်တို့ အပေါ် အမြင် က ကျွန်တော်တို့ ပွဲအပြီး ခံစားချက် နဲ့ တိုက်ရိုက် အချိုးကျခြင်း မရှိပါဘူး ။ ကျွန်တော် တို့ဟာ ကိုယ့်အကြောင်းပဲ ကိုယ် အာရုံစိုက်နေကြပါတယ် ။ ”

” ဇယားထိပ်ပိုင်း မှာ တသင်း နဲ့ တသင်း အမှတ်တွေ အရမ်း ကပ်နေတယ် ဆိုတာကိုလည်း သိထားပါတယ် ။ ကျွန်တော်တို့ ချည်းပဲ ချန်ပီယံ ပြေးလမ်းကြောင်းမှာ ရှိနေတာ မဟုတ်ပါဘူး ။ လီဗာပူး ၊ တော့တင်ဟမ် တို့က ထိပ်ဆုံးက ပါဝင်ပါတယ် ။ ”

” ပြီးတော့ အခြား ဘောလုံး ရာသီတွေနဲ့ မတူညီပဲ အသင်း အများစု က ခြေစွမ်း ပိုကောင်းလာကြပါတယ် ။ ဒီတော့ ချန်ပီယံဆု အတွက် တိကျတဲ့ အဖြေ ကို ကျွန်တော် မပေးနိုင်သေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR